နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီလိုပါသလား

မတရား ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူများ လွတ်မြောက်လာမှု

ချစ်ခင်လေးစားရပါသော နိုင်ငံသူနိုင်ငံသားများ ခင်ဗျား …

ဒီနေ့ ကျွန်တော့်အနေနဲ့ အလေးအနက်ထား ပြောကြားစရာတစ်ခု ရှိနေပါတယ်။

၁။ ဒီနေ့မှာ အာဏာသိမ်းစစ်အုပ်စုဟာ အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြုပြီး မတရား ဖမ်းဆီး ချုပ်နှောင်ခံ နိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အကျဥ်းထောင် အသီးသီးကနေ လွတ်မြောက်လာသူများအတွက် ကိုယ်ချင်းစာနာမှုများဖြင့် ဝမ်းမြောက်မိပါ ကြောင်း ပြောကြားလိုပါတယ်။ သို့သော်လည်း အခုအချိန်ထိ ကျွန်တော့တို့ရဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်ချီတဲ့ ကျွန်တော်တို့ရဲ့ သွေးချင်းရဲဘော်ရဲဘက်တွေဖြစ်တဲ့ နွေဦးတော်လှန်ရေးသူရဲကောင်း များစွာဟာ စစ်အုပ်စုရဲ့ အကျဥ်းစခန်းအသီးသီးမှာ မတရား ဖမ်းဆီး အကျဥ်းချခံထားရဆဲ၊ မမြင်ကွယ်ရာမှာ နှိပ်စက်ညှဥ်းပန်းခံနေရဆဲ၊ အသက်ပေးနေရဆဲ၊ နေ့စဉ်နဲ့အမျှ မတရား ဖမ်းဆီးခံနေရဆဲ ဖြစ်တယ် ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။

၂။ မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျည်းသားများကို လွှတ်ပေးသည့် အာဏာသိမ်း စစ်အုပ်စုရဲ့ ဆောင်ရွက်ချက်ကို ကြည့်လိုက်ရင် အပေါ်ယံအားဖြင့်တော့ သက်ညှာသနားမှုရှိသလိုလို ထင်မြင်ယူဆစရာရှိပေမယ့် တကယ့် အတွင်းကျကျပြန်ကြည့်ရင် အခုလို လုပ်ဆောင်မှုဟာ သူတို့ရဲ့ ထွက်ပေါက်အတွက် လုပ်ဆောင်နေတာပဲ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုလိုမျိုး မတရား အကျဥ်းကျနေခံနေရသူများကို လွှတ်ပေး ခြင်းက ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ဖိအားတွေကြောင့်သာ ဖြစ်တယ်ဆိုတာကို အားလုံးသိကြပြီး ဖြစ်ပါတယ်။

၃။ အခု သူတို့ လွှတ်ပေးလိုက်တယ်ဆိုတဲ့ ပုဂ္ဂိုလ်များဟာ တရားမျှတမှုအတွက် ရပ်တည် တိုက်ပွဲ ဝင်ခဲ့သူများဖြစ်သလို နဂိုမူလကတည်းကပင် ဖမ်းဆီးချုပ်နှောင် ထောင်ချစရာ မလိုသူများသာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ အပြစ်မဲ့သူတွေကို မတရားသဖြင့် ဖမ်းဆီး၊ မမှန်ကန်တဲ့ စွပ်စွဲချက်တွေနဲ့ သူတို့ရဲ့လက်ခုပ်ထဲက တရားရုံးတွေမှာ တစ်ဘက်သတ် စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။

၄။ အာဏာသိမ်းစစ်အုပ်စုဟာ မတရား အကျဥ်းချ ဖမ်းဆီးခံရသူများကို လွှတ်ပေးခဲ့ပေမယ့် တစ်ဘက်မှာလည်း နိုင်ငံ တနံတလျားမှာ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ သာလွန်အင်အားတွေ၊ စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို လူမဆန်အောင် နေ့စဥ် ရက်ဆက် ရက်ရက်စက်စက် ပြုကျင့်နေဆဲဖြစ်ပါတယ်။ ဒါကို နိုင်ငံသူနိုင်ငံသားများသာမက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း သိမြင်နားလည်ကြလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည် မျှော်လင့်ပါတယ်။ အာဏာသိမ်း စစ်အုပ်စုဟာ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် ဗျူဟာကိုသုံးပြီး သက်ညှာသနားမှုရှိသလိုလိုနဲ့ ရက်စက်ယုတ်မာမှုစရိုက် အပြည့်ရှိတယ်ဆိုတာကို သတိချပ်ကြဖို့ အလေးအနက် အသိပေးလိုပါတယ်။

၅။ အခုလိုမျိုး မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးမှု သည် (၂) နှစ်နီးပါး ကြာမြင့်ပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူအားလုံးရဲ့ မရပ်မနား မမှိတ်မသုန် တိုက်ပွဲဝင်နေခဲ့တဲ့ အင်အားရဲ့ အသီးအပွင့်ရလဒ် ဖြစ်ပါတယ်။ သို့သော် လည်း ကျွန်တော်တို့ဟာ ခရီးဆုံးပန်းတိုင်ကို မရောက်သေးပါဘူး။ ကျွန်တော်တို့ မိဘပြည်သူလူထု တွေ ရည်မှန်းတဲ့ အန္တိမပန်းတိုင်ကို မရောက်ရှိသေးပါဘူး။ ဆက်လက်ချီတက်ဖို့ လိုနေသေးတယ် ဆိုတာ သတိရပါလို့ နှိုးဆော်ချင်ပါတယ်။

၆။ အတိတ်သမိုင်းက စစ်အာဏာရှင်အဆက်ဆက်ရဲ့ လုပ်ဇာတ်တွေကို အမြဲသတိထားကာ အန္တိမ ပန်းတိုင်ကို မေ့မေ့ပျောက်ပျောက်ဖြစ်လို့ မရပါဘူး။ အတိတ်သမိုင်းမှာလည်း စစ်အာဏာရှင်တွေ ဟာ လူထုကို ချော့မြူလိုက်၊ ရိုက်ပုတ်စော်ကားလိုက် လုပ်ခဲ့တယ်။ အခုလည်း ချော့မြူသလိုလိုနဲ့ လူထုအသက်ကို သူ့အာဏာအတွက် စတေးနေဆဲဖြစ်ပါတယ်။ တုတ်နဲ့ ရိုက်လိုက် မုန့်ပေးပြီး ချော့မြူလိုက် လုပ်နေတာကို ကျွန်တော်တို့ မိဘပြည်သူတွေက ဆင်ခြင်စဉ်းစားကြဖို့ ဖြစ်ပါတယ်။

၇။ အကျဥ်းထောင်အသီးသီးမှာ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ခေါင်းဆောင်များ၊ ပြည်သူများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းစစ်အုပ်စု အပေါ် ဆက်လက် ဖိအားပေးဖို့ကိုလည်း ကျွန်တော့်အနေနဲ့ အလေးအနက် ပန်ကြားလိုပါတယ်။

ချစ်ခင်လေးစားရပါသော နိုင်ငံသူနိုင်ငံသားများ ခင်ဗျား …

၈။ ကျွန်တော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့ ပန်းတိုင်ကို မရောက်မချင်း ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ထပ်လောင်း ကတိပေးပါရစေ။ ထို့အတူ ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆိုရှယ်မီဒီယာပေါ်က Like တစ်ချက်၊ Share တစ်ခုကအစ ပြည်သူ့ဆန္ဒဟာ နိုင်ငံတကာကို ရိုက်ခတ်တဲ့အထိ အင်အားကြီးမားပါတယ်။ ဒါ့‌ကြောင့် ကျရာနေရာက ရသလောက် အဓမ္မကို ဆန့်ကျင်ကြောင်းပြကြပါ။ နိုင်ငံသူနိုင်ငံသားများရဲ့ အင်အားကို ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။ ‘သုည’ က စခဲ့တဲ့ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးဟာ အနိုင်ဘက်ကို အတော် ခရီးပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ခရီးမှာ သတိ ဝီရိယ ကြီးကြီးနဲ့ အားလုံး တညီတညွတ်ထဲ အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါ တယ်။​

အရေးတော်ပုံ မုချ အောင်ရမည် …

 

PDF ဖိုင် ရယူရန်
my_MMMyanmar