“ သမ္မတရုံးအကြောင်း”
မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသော အစိုးရထံမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည်။ ထို့နောက်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CPRH) ကို ဖွဲ့စည်းခဲ့ကြသည်။
လူမျိုးစုအဖွဲ့အစည်းများ၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အခြား သက်ဆိုင်သူများနှင့် CRPH အကြား ဆွေးနွေးညှိနှိုင်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးဖြစ်သည်။ ရွေးကောက်ခံသမ္မတဖြစ်သူ ဦးဝင်းမြင့်ကို စစ်တပ်က တရားမဲ့ ဖမ်းဆီးထားသည့်အတွက် ဒုတိယသမ္မတ ဒူဝါလရှီးလက နိုင်ငံတော် ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အကြီးအကဲဖြစ်သည်။ နိုင်ငံတော်တာဝန်နှင့် အခြား ဂုဏ်ထူးဆောင် တာဝန်များကို သမ္မတအနေဖြင့် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေး သမ္မတရုံးက အားဖြည့် တာဝန်ထမ်းဆောင်နေပါသည်။ ယာယီသမ္မတအနေဖြင့် နိုင်ငံတော်အကြီးအကဲအဖြစ် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရေး လိုအပ်သည့် လုပ်ငန်းဆောင်တာများအတွက် သမ္မတ၏အတွင်းဝန်နှင့် လုပ်ငန်းအဖွဲ့က သမ္မတရုံးကို ဦးဆောင် လည်ပတ်နေပါသည်။
သမ္မတအတွက် အောက်ပါ အဓိက လုပ်ငန်းတာဝန်များကို သမ္မတရုံးက ဆောင်ရွက်လျက်ရှိပါသည်။
– သမ္မတအတွက် အကြံဉာဏ်များ ပေးအပ်ခြင်း
– မူဝါဒနှင့် နိုင်ငံရေးဆိုင်ရာ ဗျူဟာများအတွက် ထောက်ကူပြုခြင်း
– သုတေသနနှင့် လေ့လာဆန်းစစ်ခြင်းများ ပြုလုပ်၍ လုပ်ဆောင်ဖွယ်ရာများ အဆိုပြုခြင်း
– အများပြည်သူ ဆက်သွယ်ရေးပိုင်းနှင့် အခြားလုပ်ငန်းများ ထမ်းဆောင်ခြင်း
– သမ္မတအတွက် လိုအပ်ချက်နှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း