“ဂျဲန်ဒါအခြေခံပြုအကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု” အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၏ မိန့်ခွန်း
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်
ချစ်ခင်လေးစားရပါသော နိုင်ငံသူနိုင်ငံသားအပေါင်းတို့ခင်ဗျာ …
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် “ဂျဲန်ဒါအခြေခံပြုအကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု” မှာ ကမ္ဘာတဝန်းက တာဝန်ယူမှုရှိတဲ့ အစိုးရများ၊ တက်ကြွလှုပ်ရှားသူများနဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေဟာ ခေတ်အဆက်ဆက် စစ်အုပ်စု ရဲ့ ပယောဂကြောင့် နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခ တွေ့ကြုံ ခံစားနေခဲ့ကြရပါတယ်။ ယခု အာဏာသိမ်း စစ်ကောင်စီဟာ လက်နက်ကိုင်ရာဇဝတ်ဂိုဏ်းနဲ့မခြား ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်နေတဲ့အပြင် ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကိုလည်း အလေးမထားပါဘူး။
ဒီနေ့ ကျွန်တော်ဟာ ခေတ်အဆက်ဆက်က စစ်အုပ်စုရဲ့ အကြမ်းဖက်မှုမျိုးစုံကို ခါးစည်းခံနေကြရတဲ့ မြန်မာအမျိုးသမီး၊ ကလေးသူငယ်နဲ့ ပြည်သူပြည်သားတွေအားလုံးကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ လူမှုဘဝအတွက် ဂျဲန်ဒါအခြေခံပြု အကြမ်းဖက်မှုပပျောက်ရေးဟာ အရေးကြီးသလို အစိုးရတရပ်အနေနဲ့လည်း အလေးအနက်ထားရမယ့် တာဝန်ကြီးတစ်ရပ် ဖြစ်တယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။
ယခု စစ်ကောင်စီအပါအဝင် ခေတ်အဆက်ဆက် စစ်အုပ်စုဟာ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မုဒိန်းကျင့် သတ်ဖြတ်ပါတယ်။ စစ်အုပ်စုက ရန်ပြုမှုကို ကြောက်ရတဲ့ ပြည်သူ ၁ သန်းကျော်ဟာ သူတို့ရဲ့အိမ်တွေကို စွန့်ခွာထွက်ပြေးနေရပြီး ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်စခန်းလို နေရာတွေမှာ ခိုလှုံနေရပါတယ်။ ဒီနေရာတွေက အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အဆောက်အအုံနဲ့ အထောက်အပံ့တွေ မရှိပါဘူး။
ဒီပြည်သူအများစုဟာ အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးငယ်တွေ ဖြစ်ကြပါတယ်။ အဲဒီအထဲ ပြေးရင်းလွှားရင်း ကျန်းမာရေးစောင့်ရှောက်မှု မရှိဘဲနဲ့ မီးဖွားနေရတဲ့ ကိုယ်ဝန်ဆောင်တွေလည်း ထောင်ပေါင်းများစွာ ရှိနေပါတယ်။ လိုအပ်တဲ့ စောင့်ရှောက်မှုရဖို့ ခက်ခဲလွန်းလို့ မီးဖွားရင်း အသက်ဆုံးခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးအရေအတွက်ကလည်း နေ့စဉ်တိုးလာနေပါတယ်။
အေးအေးလူလူ ကစားရင်း ပညာသင်ယူရမယ့်အရွယ် ကလေးငယ်တွေဟာလည်း စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် ကြုံနေကြရပြီး ပညာသင်ခွင့် ဆုံးရှုံးနေရသလို သေရာပါမဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရရှိနေပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းဟာလည်း ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။ ဒါတွေကြောင့် မြန်မာကလေးငယ် ထောင်ပေါင်းများစွာဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါငယ်လေးတွေဖြစ်ရုံနဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်နေကြရပါတယ်။
ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာအမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကိုယ်စားပြုပြီး ကာကွယ်စောင့်ရှောက်နိုင်တဲ့ အစိုးရအဖွဲ့အဖြစ် ကတိပြုထားတာနဲ့အညီ ပထမဦးစွာ ကျွန်တော်တို့အစိုးရအတွင်း လုပ်ငန်းဆောင်တာတွေကနေအစပြုပြီး အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို အခြေပြုတဲ့ မူဘောင်တွေကို ချမှတ်ကျင့်သုံးနေပါတယ်။
ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှုအပေါ် အကာအကွယ်ပေးရေးမူဝါဒနဲ့ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမူဘောင်တွေကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာလည်း အမျိုးသမီးစစ်သည်တွေအပေါ် လေးစား ကာကွယ်တဲ့ စစ်သည်ကျင့်ဝတ်ကို သတ်မှတ်ထားခြင်းလည်း ဖြစ်ပါတယ်။
ပြည်သူပြည်သားတွေရဲ့ ဘဝကို အခြေခံလူ့အခွင့်အရေးနဲ့အညီ ကာကွယ်စောင့်ရှောက်နိုင်မှသာ စစ်မှန်တဲ့အစိုးရအဖြစ် ခေါ်ထိုက်တယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ နယ်မြေတည်ငြိမ်မှုမရှိတဲ့ဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီး ၅ သောင်းကျော်ကို ငွေကြေးထောက်ပံ့မှုပေးခဲ့ပြီး ယခု ၂၀၂၂ ခုနှစ် နှစ်လယ်အထိ ကိုယ်ဝန်ဆောင်အမျိုးသမီး ၄၅,၀၀၀ ကို ထပ်မံ ထောက်ပံ့ပေးခဲ့ပါတယ်။ ဆေးဝါး၊ အနွေးထည်နဲ့ အခြေခံစားနပ်ရိက္ခာ အစရှိတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုလည်း သန်းနှင့်ချီသော အမျိုးသမီးများနဲ့ ကလေးငယ်တွေဆီ အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် စစ်အုပ်စုလက်အောက်ခံတပ်တွေ ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကနေ လွတ်မြောက်လာတဲ့သူတွေကို ကူညီစောင့်ရှောက်ဖို့ကိုလည်း ကျွန်တော်တို့ရဲ့တာဝန်လို့ ခံယူထားပါတယ်။ လက်ရှိမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အမှုပေါင်း ၁၂၀ ကို လက်ခံဖြေရှင်းခဲ့ပြီး ဖြစ်ပါတယ်။ ယခုအချိန်တွင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ အကြမ်းဖက်မှုတွေကြောင့် ထိခိုက် ခံစားရမှုတွေ သက်သာလျော့ပါးသွားအောင် အလေးထား ဆောင်ရွက်နေပါတယ်။ ဝန်ကြီး ဌာနများအချင်းချင်း ထိရောက်စွာချိတ်ဆက်ပြီးတော့ နေရာထိုင်ခင်းနဲ့ ကာကွယ်စောင့်ရှောက်မှု၊ စိတ်ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ အထောက်အပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေပါတယ်။
ယခုကဲ့သို့ ကျွန်တော်တို့ အင်အားရှိသရွေ့ အစွမ်းကုန်ဆောင်ရွက်နေပမဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေကို ပိုမိုထိရောက်စွာ တားဆီးအရေးယူနိုင်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီ လိုအပ်နေဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကျွန်တော်တို့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် လက်ရဲဇက်ရဲ အကြမ်းဖက်နေတာဟာ လက်နက်ကိုင်စွဲထားနိုင်တာကြောင့် ဖြစ်ပါတယ်။ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ထပ်မံပြီး အလေးအနက် တောင်းဆိုလိုပါတယ်။ အဖွဲ့အစည်းတိုင်းနဲ့ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အမျိုးသမီးတွေနဲ့ ကလေးငယ်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်တို့နဲ့အတူ တားဆီးနှိမ်နင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ သမိုင်းကြောင်းတလျှောက် အကြမ်းဖက်မှုခံရတာကို ကြိတ်မှိတ်သည်းခံနေကြရတဲ့ မြန်မာအမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ အစိုးရစစ်စစ်တရပ်အနေနဲ့ ယခုနှစ်ရဲ့ “ဂျဲန်ဒါအခြေခံပြု အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု” မှာ ပါဝင်သွားမှာဖြစ်တယ်လို့ ကတိပြုလိုက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူတရပ်လုံးအနေဖြင့် ဂျဲန်ဒါအခြေပြုသည့် အကြမ်းဖက်မှုများကို ဆန့်ကျင်ကြပါ၊ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းမှာ အကြမ်းဖက်မှုအတွက် နေရာမရှိပါဘူး။
အရေးတော်ပုံ မုချအောင်ရမည် …