နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီလိုပါသလား

ပြည်သူ့ဘက်တော်သားများ ကြိုးပေးကွပ်မျက်ခံရမှု

ချစ်ခင်လေးစားရပါသော နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ ခင်ဗျာ
ယခုရက်အတွင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ အာဏာရူး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတို့၏ လူမဆန်သော တိရစ္ဆာန်စိတ်ဖြင့် ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် စတဲ့ နိုင်ငံသားကောင်း အာဇာနည် လေးဦးကို သွေးအေးအေးနဲ့ အကြမ်းဖက် သတ်ဖြတ်လိုက်မှုနှင့် ပတ်သက်၍ ပြည်သူပြည်သားအားလုံးမှ အံ့အားသင့် ယူကြုံးမရ ခံစားနေကြရပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူပြည်သားများအပေါ် လေးစားမှုကင်းမဲ့ပြီး ၎င်းတို့ရဲ့ အာဏာတည်မြဲရေးအတွက် ကိုယ် တိုင်ချမှတ်ထားတဲ့ တရားဥပဒေများကိုပင်လျှင် လိုက်နာခြင်းမရှိဘဲ အကြိမ်ကြိမ် ကျူးလွန်နေတာကို ခါးသီးစွာ တွေ့မြင်နေရပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန်မှ တန်ဖိုးရှိတဲ့ လူငယ်တွေကို အငြိုးအတေးကြီးစွာဖြင့် သတ်ဖြတ်ခဲ့ခြင်းဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်ဆိုတာ လူတိုင်းသိရှိထားတဲ့အချက် ဖြစ်ပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကြိုးမိန့်ပေး ကွပ်မျက်ခြင်းမပြုရန် အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဥရောပနိုင်ငံများနဲ့ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကုလသမဂ္ဂ စတဲ့ နိုင်ငံတကာကနေ မေတ္တာရပ်ခံ တောင်းဆိုမှုများကိုပင်လျှင် ဂရုမစိုက်၊ လိုက်နာခြင်းမရှိဘဲ ယခုလို သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အိမ်နီးနားချင်းနိုင်ငံများနဲ့ နိုင်ငံတကာကို လေးစားမှုမရှိ၊ ထင်ရာစိုင်းကာ မိမိတို့ပြည် သူပြည်သားများကို ရက်စက်ကြမ်းကြုတ်စွာ ဆက်လက်သတ်ဖြတ်နေတာဖြစ်တယ်။ အမှန်တရားအတွက် ပြည်သူများဘက်ရပ်တည်နေတဲ့ ဒီမိုကရေစီဘက်တော်သားများကို အကြောက်တရားနဲ့ ခြိမ်းခြောက်နေခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာရဲ့ အလေးပေး တန်ဖိုးထားမှုကို ဂရုမစိုက်ဘဲ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရှိနေသရွေ့ လူ့တန်ဖိုး၊ လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ချိုးဖောက်နေမှာဖြစ်ကာ ဒီမိုကရေစီစံနှုန်းနဲ့ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတစ်ခုကို တည်ထောင်နိုင်မှာမဟုတ်ကြောင်း ထင်ရှားစွာ ပြသနေခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်အာဏာရှင်ရှိနေသမျှ တိုင်းပြည်ရဲ့လုံခြုံရေးကို စောင့်ထိန်းနိုင်မှာ မဟုတ်ကြောင်း သက်သေပြနေခြင်း ဖြစ်တယ်။

သို့သော်လည်း ၎င်းစစ်အာဏာရှင်တွေထင်သလို ပြည်သူလူထုက ကြောက်ရွံ့နေမှာမဟုတ်ပါဘူး။ ပြည်သူလူထုဟာ အကြမ်းဖက် အုပ်ချုပ်မှုကို လုံး၀ကြောက်ရွံ့ ဒူးထောက်မှာမဟုတ်ဘဲ ပိုမိုတွန်းလှန်ဖို့ စိတ်ဆန္ဒကို နိုးကြားစေပါတယ်။ အာဇာနည်လေးဦးကို သတ်ဖြတ်လိုက်ခြင်းဟာ နွေဦးတော်လှန်ရေးကို အရှိန်အဟုန်ပြင်းစွာ ချီတက်နိုင်ဖို့ တွန်းအားကြီးတရပ်ဖြစ်ပါတယ်။ မိမိတို့ လေးစားကြည်ညိုတဲ့ အာဇာနည် (၄) ဦးရဲ့ အသက်ပေးဆပ်ခဲ့မှုကို အင်အားကြီးတရပ်အဖြစ်ရယူကာ နွေဦးတော်လှန်ရေးကို အဆုံးသတ်သွားဖို့ ဝိုင်းဝန်း ချေမှုန်းကြဖို့ ဖြစ်ပါတယ်။
ဒါ့ကြောင့် လူသားကို တန်ဖိုးထားသော ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကို လေးစားစွာဖြင့် တောင်းဆိုလိုပါတယ်။

• ပြည်သူပြည်သားများကို ဥပဒေမဲ့ သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အသိအမှတ်ပြု ဆက်ဆံခြင်း လုံးဝမပြုလုပ်ဖို့ တညီတညွတ်တည်း ဆောင်ရွက်ပေးကြပါ။

• နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေ ပင်မလှိုင်းတွေကို ဖြတ်တောက်ပစ်ကြပါ။ ရေနံနှင့် သဘာဝဓာတ်ငွေ့များကရရှိတဲ့ အခွန်ဘဏ္ဍာငွေတွေကို တားဆီးပိတ်ပင်ဖို့ လိုအပ်ပါတယ်။

• အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်သာ ပြည်သူ့အစိုးရဖြစ်လို့ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးကြပါ။

• အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်များ ဝန်ဆောင်မှုပေးနေတဲ့ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ စစ်ပြေးဒုက္ခသည်များကို လူသားချင်းစာနာထောက်ပံ့ရေးကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများမှာ ငွေကြေးနှင့် နည်းပညာများနဲ့ ကူညီထောက်ပံ့ပေးဖို့ ထပ်မံ အထူးတောင်းဆိုလိုပါတယ်။

• ဖက်ဆစ် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီအရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ ပြည်သူများအတွက် နည်းပညာ၊ လက်နက်ခဲယမ်းနှင့် ငွေကြေးများကို ထိရောက်စွာ ကူညီပံ့ပိုးပေးကြဖို့ အလေးအနက် တောင်းဆိုလိုပါတယ်။

• စစ်ကောင်စီအနေနဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအနေနဲ့ ပူးပေါင်းဆောင်ရွက် ကူညီပေးဖို့ အထူးတောင်းဆိုလိုပါတယ်။

• အာဆီယံအနေနဲ့လည်း စစ်ကောင်စီကိုယ်စားလှယ်တွေကို လုံးဝ မဖိတ်ကြားတေ့ာဘဲ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးကြပါ။

• မြန်မာ့အရေးဖြေရှင်းမှုတွင် ထိရောက်မှုမရှိတော့တဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ပြီး အာဏာရှင်ဖယ်ရှားနိုင်ရေးအတွက် ဆက်လက်ပံ့ပိုးပေးဖို့ တိုက်တွန်းလိုပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူ‌ရဇော်တို့ မတရား သတ်ဖြတ်ခံရတဲ့အတွက်ကြောင့် ဝမ်းနည်းကြေကွဲနေတဲ့ ပြည်သူပြည်သား အပေါင်းတို့ခင်ဗျာ –

• သတ်ဖြတ်ခံရတဲ့ တော်လှန်ရေးသမားများကို နိုင်ငံတော်က ဝမ်းနည်းခြင်းကြီးစွာနဲ့ ဂုဏ်ပြုအပ်ပါတယ်။

• စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခြင်းကြောင့် နွေဦးတော်လှန်ရေးဟာ ကြောက်ရွံ့ နောက်ဆုတ်သွားမှာမဟုတ်ဘဲ ပိုမိုအရှိန်ပြင်းစွာ တောက်လောင်လာတော့မှာ ဖြစ်ပါတယ်။

• အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို ယခုလို သတ်ဖြတ် ရှင်းပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်းသက်သက် ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ၎င်းခြိမ်းခြောက်မှုတွေကို ခေါင်းငုံ့ခံ အရှုံးပေးနေမှာမဟုတ်ဘဲ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စု ကျရှုံးရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကာ နိုင်ငံသူ/သားများအနေနဲ့လည်း “လှည်းနေလှေအောင်း မြင်းဇောင်းမကျန်” နွေဦးတော်လှန်‌ရေးတွင် ဆက်လက်ပါဝင်ကြဖို့ လိုအပ်ပါတယ်။

• ပြည်သူတွင်း/ပြည်ပက နိုင်ငံသူ/သားများအနေနဲ့ ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲအတွက် ဆက်လက်ရင်းနှီးမြှုပ်နှံကြဖို့၊ ၎င်းငွေကြေးများက တော်လှန်ရေးအရှိန်မြန်နိုင်ဖို့ အဓိက မောင်းနှင်အားတစ်ခု ဖြစ်တယ်ဆိုတာကို ဆက်လက်အမှတ်ရကြဖို့ အထူးတိုက်တွန်းလိုပါတယ်။

• ကျဆုံးသွားသည့် အာဇာနည်ရဲဘော်များအတွက် အာဇာနည်ဗိမာန်တွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုသင်္ဂြိုလ်ဖို့လည်း အစိုးရမှ စိတ်ဆန္ဒရှိပါတယ်။

နွေဦးတော်လှန်ရေးတွင် မိမိတို့ရဲ့ဘဝနဲ့ အသက်တာကိုရင်းပြီး တိုက်ပွဲဝင်နေကြတဲ့ PDF များ၊ LDF များခင်ဗျား

• မိမိတို့ရဲ့ တော်လှန်ရေးဟာ ပြည်သူလူထုကို ကာကွယ်ပေးနေတဲ့ တော်လှန်ရေး၊ အဓမ္မဝါဒီတွေကို ဆန့်ကျင်တဲ့ တော်လှန်ရေးဖြစ်လို့ မွန်မြတ်ပါတယ်။

• တော်လှန်ရေး လက်နက်ကိုင်အင်အားစုများ အချင်းချင်းအကြား ညီညွတ်ကြဖို့ လိုပါတယ်။ အနာဂတ် ဖက်ဒရယ်တပ်မတော်အတွက် ရည်မှန်းပြီး တသွေး တသံ တမိန့် အမိန့်နာခံတတ်မှုကို အထူးလေ့ကျင့်ကြပါ၊ စုစည်းပါ။

• အကြမ်းဖက်စစ်အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေကို တုန်လှုပ်ကြောက်ရွံ့ခြင်းမရှိဘဲ စစ်ဝါဒီ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စု ရာဇဝတ်လူသတ်ကောင် တစ်ဦးစီကို တုန့်ပြန်အရေးယူနိုင်ဖို့ ကြိုးစားပါ။

• အသက်ပေးကျဆုံးသွားတဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့နှင့် မိမိရှေ့မှာ ကျဆုံးခဲ့တဲ့ နွေဦးတော်လှန်‌ရေး ရဲဘော်များရဲ့ သွေးသစ္စာကို တန်ဖိုးထားကြပါ။ သူတို့ရဲ့ပေးဆပ်ခဲ့မှုကို တန်ဖိုးထားပြီး နွေဦးတော်လှန်ရေး အဆုံးသတ်နိုင်သည်အထိ အကောင်းဆုံး ဆက်လက်ပါဝင်သွားကြဖို့ အထူးတိုက်တွန်း ပြောကြားလိုပါတယ်။

လေးစားရတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်များခင်ဗျား

• အာဇာနည် (၄) ဦးကို ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရမှုနှင့်ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီကို ပြင်းထန်စွာ ရှုတ်ချခဲ့တဲ့ ULA/AA, KNU, KNPP, CNF နဲ့ ABSDF မဟာမိတ်များ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် တော်လှန်ရေးအင်အားစုများအားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုလိုပါတယ်။

• အခုအချိန်ဟာ တွေဝေနေရမယ့်အချိန် မဟုတ်တော့ပါဘူး။ ဗမာတိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားများအားလုံး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အကြမ်းဖက်စစ်တပ်ကို လက်တွဲညီညီနဲ့ ဝိုင်းဝန်းချေမှုန်းရမယ့်အချိန် ရောက်လာပြီဖြစ်ပါတယ်။

• မိမိတို့မှာရှိတဲ့ လူအင်အား၊ လက်နက်အင်အားကို အကောင်းဆုံး အသုံးချပြီးတော့ မဟာဗျူဟာကျကျ လက်တွဲချိတ်ဆက်လျက် တန်ပြန်တိုက်ခိုက်ရမယ့်အချိန် ရောက်လာပြီဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်၊ BGF နှင့် ပြည်သူ့စစ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံသားများခင်ဗျား

• မိမိတို့ရဲ့ ကိုယ်ကျိုးစီပွါးကို စွန့်လွှတ်ဖို့ အချိန်ရောက်ပါပြီ။ အာဏာရှင်စနစ်ကို ဒုက္ခပေါင်းများစွာကြားက တော်လှန်နေကြတဲ့ ပြည်သူလူထုနဲ့အတူ ရပ်တည်ဖို့ အချိန်တန်ပါပြီ။ အမြန်ဆုံး ပြောင်းလဲ ရပ်တည်ကြပါ။

• NUG အစိုးရနေနဲ့ ပြည်သူလူထုကိုယ်စား အမြဲ ကြိုဆိုလျက်ရှိပါတယ်။

• နီးစပ်ရာ PDF၊ ERO တပ်စခန်းများကို မိမိတို့ လက်နက်ခဲယမ်းများနှင့်တကွ အမြန်ဆုံး လက်တွဲပူးပေါင်းကြပါ။

• မိမိကိုယ်တိုင်နဲ့ သားသမီးအဆက်ဆက် အရိပ်မည်းပမာ လိုက်နေမယ့် ဒုစရိုက်အမည်းစက်ကနေ လွတ်မြောက်ဖို့ အခွင့်အရေးရှိနေတုန်း အမြန်ပြောင်းလဲကြဖို့ အထူးတိုက်တွန်းလိုပါတယ်။

နောက်ဆုံးအနေဖြင့် နိုင်ငံရေးပါတီများကို အထူးပန်ကြားလိုသည်မှာ အကြမ်းဖက်အာဏာရှင် မင်းအောင်လှိုင်နှင့် စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်အဖြစ် အရှက်မဲ့ကြိုးပမ်းနေသည့် ၂၀၂၃ ရွေးကောက်ပွဲကို အားဖြည့်ပါဝင်ခြင်း လုံးဝ လုံးဝ မပြုလုပ်ကြဖို့ အထူး မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။ ပြည်သူ့တော်လှန်ရေး အောင်မြင်ဖို့ နှောင့်နှေးကြန့်ကြာစေမည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန့်ကျင်သွားကြဖို့ လိုအပ်နေပါတယ်။

နိဂုံးချုပ်အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ နှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ စစ်ရှောင်ပြည်သူများ၊ တိုင်းပြည်အတွက် အသက်ပေးခဲ့တဲ့ ရဲဘော်များရဲ့ မိသားစုဝင်များ၊ မိမိတို့ပိုင်ဆိုင်တဲ့ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခံရသူများ၊ နွေဦးတော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေကြသူများအားလုံးကို ဦးညွတ်အလေးပြုပါတယ်။ ကျနော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ် အောင်မြင်နိုင် အောင် ကြိုးပမ်းပါ့မယ်လို့ ကတိပေးရင်း နိုင်ငံသူ နိုင်ငံသားများအားလုံးကို ဦးညွတ် အလေးပြုအပ်ပါတယ်။

အရေးတော်ပုံအောင်ရမည် …

 

PDF ဖိုင် ရယူရန် (ဗမာဘာသာ)

PDF ဖိုင် ရယူရန် (အင်္ဂလိပ်ဘာသာ)

my_MMMyanmar