
၂၀၂၅ ခုနှစ် မတ်လ ၂၉ ရက်
ကျနော် လေးစားချစ်ခင်ရပါသော ပြည်သူလူထုအပေါင်းတို့ခင်ဗျာ
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ဟာဖြင့် ကျနော်တို့နိုင်ငံရဲ့ သမိုင်းမှာ ဆိုးရွားတဲ့ သဘာဝဘေးဒဏ်ကြီးကြောင့် မေ့မရနိုင်မယ့် နေ့တနေ့အဖြစ် မှတ်တမ်းဝင်သွားပါပြီ။ ငလျင်ဒဏ်သင့် ဒေသအသီးသီးကနေ တက်လာတဲ့ သတင်းတွေကို မြင်တွေ့ကြားသိရတာဟာ တကယ့်ကို ရင်နင့်ဖွယ်ကောင်းလှပါတယ်။
ဒီလို ဘေးဒဏ်ခံစားရတဲ့ နစ်နာမှုဟာ အလွန်အရေးကြီးကိစ္စ ဖြစ်တာကြောင့် ဝန်ကြီးချုပ်က တိုင်းပြည်နဲ့ကမ္ဘာသို့ အသိပေး ပြောကြားပြီးဖြစ်ပါတယ်။ ယခု နိုင်ငံတော်တခုလုံးအတွက် စိုးရိမ် ထိတ်လန့်ဖွယ်ကိစ္စ ဖြစ်တာကြောင့် ကျွန်တော် ယာယီသမ္မတ တဦးအနေဖြင့် အလေးအနက် ထပ်မံပြောကြားခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး မြေငလျင်ကြောင့် အသက်ဆုံးရှုံးရသူ၊ ထိခိုက် ဒဏ်ရာရသူ၊ အိုးအိမ်ပစ္စည်း ဆုံးရှုံးသွားရသူ တဦးချင်းစီတိုင်း၊ မိသားစုဝင်တိုင်းနဲ့ ကျနော်တို့အားလုံး အတူတူရှိနေပါတယ်၊ ဆုတောင်းပေးနေပါတယ်၊ တဦးချင်းစီတိုင်းနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲမှုကို မျှဝေ ခံစားနေပါတယ်။ ကျနော့်ရဲ့ မိသားစုဝင်များ သေဆုံးရသလို ပူဆွေး ဝမ်းနည်းရပါတယ်။ လက်ရှိမှာ သေချာ အတည်မပြုနိုင်သေးပေမယ့် ဘာသာပေါင်းစုံက ရဟန်းရှင်လူ ပြည်သူလူထု သေဆုံးသူ အရေအတွက်ဟာ ထောင်ပေါင်းများစွာထိ ရှိနိုင်မယ်လို့ အကြမ်းဖျဥ်းခန့်မှန်းချက်တွေ ထွက်ထားပါတယ်။
ဒါဟာ ကိန်းဂဏန်းသက်သက် မဟုတ်ပါဘူး၊ ဒါဟာ တစိမ်းတွေ မဟုတ်ပါဘူး၊ ဒါဟာ ကျနော်တို့ ချစ်ခင်ရတဲ့ ကျနော်တို့ရဲ့ မိသားစု ညီအကိုမောင်နှမ ဆွေမျိုးသားချင်း တိုင်းပြည်လူထု ဖြစ်ပါတယ်၊ ဒါဟာ အဖိုးအဖွားတွေ၊ မိခင်ဖခင်တွေ၊ သမီးငယ် သားငယ်တွေ ဖြစ်ပါတယ်၊ ဒီထဲမှာ အရွယ်မရောက်သေးသူတွေ ပါတာကိုလည်း သိရပါတယ်၊ ဘယ်လောက်တောင်မှ တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာဖွယ်ပါလဲ၊ ဘယ်လောက်တောင်မှ စောစီးစွာ ကြွေလွင့် အလဟဿဖြစ်သွားရတဲ့ ဘဝတွေပါလဲ။
ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ဒဏ်ကြောင့် တိုင်းပြည်ရဲ့ သာသနိက အဆောက်အဦး၊ အမွေအနှစ် အဆောက်အဦးတွေအပါအဝင် လူနေအဆောက်အဦးတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ လမ်းတံတားတွေ ပြိုကျပျက်စီးခဲ့ပြီး ဒါဟာ နိုင်ငံအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်။ နိုင်ငံတဝန်းက မြို့ပေါင်း ၇၀ နီးပါးမှာ ငလျင်ဒဏ် ခံစားခဲ့ရပြီး အထူးသဖြင့် နိုင်ငံအတွက် တန်ဖိုးကြီးမားတဲ့ အမွေအနှစ်များ တည်ရှိရာ မန္တလေး၊ စစ်ကိုင်း၊ အင်း၀တို့မှာ ပျက်စီးဆုံးရှုံးမှုတွေကို တွေ့ရတာဟာ ဖြေမဆည်နိုင်စရာပါပဲ။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ် ဘုရားစေတီပုထိုး အမွေအနှစ်တွေ ထိခိုက်ပျက်စီးရတဲ့အပြင် အစ္စလာမ်ဘာသာဝင်များရဲ့ ရမဒါန် ဥပုသ်လ ရက်မြတ်အချိန်အခါမှာ အခုလို ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ရပြီး ရှေးဟောင်းဗလီတွေ ထိခိုက်ပျက်စီးသွားတာကို တွေ့ရတာဟာလည်း ယူကြုံးမရ ဖြစ်ဖွယ်ရာပါပဲ။ ထိခိုက်သေဆုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင် တဦးချင်းစီအတွက်လည်း မိသားစုများနဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲရပါတယ်။ ငလျင်လှုပ်ချိန်မှာ ပရိယတ္တိစာပေများ သင်အံလေ့လာနေကြတဲ့ ရဟန်းသံဃာတော်များ ပျံလွန်တော်မူ ထိခိုက်ကြရတဲ့ သတင်းကြောင့်လည်း စိတ်နှလုံးညှိုးချုံး ယူကျူံးမရ ဖြစ်ရပါတယ်။ တဦးချင်းစီတိုင်း၊ သံဃာတပါးချင်းစီတိုင်းအတွက် ဆုတောင်းပေးနေပါတယ်။
ငလျင်ဘေးဒဏ်သင့် ဒေသအသီးသီမှာ အချိန်နဲ့တပြေးညီ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ပေးကြသူ တဦးချင်းစီတိုင်းကို အထူး ကျေးဇူးတင်ရှိလှပါတယ်။ စွန့်လွှတ်စွန့်စား လုပ်ဆောင်မှုအတွက် ဂုဏ်ယူလှပါတယ်။
ပြည်သူ့အစိုးရဖြစ်တဲ့ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ငလျင် အရေးပေါ်အခြေအနေ ပေါ်လာချိန်မှာ ချက်ခြင်း တိုင်ပင် ဆွေးနွေးကြပြီး အထူးသဖြင့် တော်လှန်ရေးအင်အားစု ထိန်းချုပ် ဒေသတွေက ငလျင်ဘေးဒဏ်သင့်လူထုကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ကူညီနိုင်ရေး လုပ်ငန်းတွေ ချမှတ် လုပ်ဆောင်နေပါတယ်။
အခုလိုအချိန်မှာ ကျနော်တို့ရဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေနဲ့လည်း လိုအပ်နေတဲ့လူထုအတွက် ကူညီလုပ်ဆောင်ပေးကြဖို့ ကျနော့်အနေနဲ့ အနူးအညွတ် ပန်ကြားလိုပါတယ်။ ကျနော်တို့အားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျနော်တို့လူထုကို ဝိုင်းဝန်းကူကြရအောင်ပါ။
နိုင်ငံတကာမိတ်ဆွေများ၊ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းများအနေနဲ့လည်း ခုချက်ချင်းကိုပဲ ကျနော်တို့လူထုကို ထိထိရောက်ရောက် ကူညီကြဖို့ အလေးအနက် တိုက်တွန်းပါတယ်။ ဒါ့အပြင် ပေးလိုက်တဲ့ အကူအညီတွေကိုလည်း လူကြားကောင်းရုံ၊ လူမြင်ကောင်းရုံ၊ နိုင်ငံရေးအရ အသုံးချခံရရုံ သက်သက်အတွက် ဖြစ်မသွားစေဘဲ အမှန်တကယ် လိုအပ်နေသူတွေဆီ ရာနှုန်းပြည့် ရောက်သွားအောင်လုပ်ဖို့ အရေးကြီးလှတယ်ဆိုတာ သတိပေးလိုပါတယ်။ အဲဒီလို လိုအပ်နေသူတွေဆီ ရာနှုန်းပြည့် ရောက်ရှိနိုင်ရေး ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများ အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိနေတယ် ဆိုတာကိုလည်း အသေအချာ အသိပေးလိုပါတယ်။ အချိန်မရွေးလာပါ၊ ကျနော်တို့ အမြဲ တံခါးဖွင့်ထားပါတယ်။
တတိုင်းပြည်လုံး ငလျင်ဘေးဒဏ်နဲ့ ကြုံနေရချိန်၊ စိုးရိမ်ထိတ်လန့်မှုနဲ့ ပူပင်သောကတွေ ခံစားနေရချိန်မှာကိုပဲ အရပ်သားလူထုကို စစ်ကောင်စီက အကြမ်းဖက် လေကြောင်းတိုက်ခိုက်ခဲ့တာကို အပြင်းအထန် ပြစ်တင် ရှုတ်ချပါတယ်။ တခါလောက်ဖြစ်ဖြစ် လူစိတ်လေး မမွေးနိုင်ကြဘူးလားလို့လည်း မေးခွန်းထုတ်လိုက်ချင်ပါတယ်။
ကျနော်တို့နိုင်ငံမှာ ဆိုးရွားတဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရချိန်တိုင်း ကျနော်တို့လူထုဟာ တဦးကိုတဦး လက်တွဲ ဖေးကူ ထူမပြီး မတ်မတ် ပြန်ရပ်နိုင်ခဲ့ကြသလို အခုလည်း ပြည်သူ့အား၊ ညီညွတ်မှုအားနဲ့ ဒီဖြစ်ရပ်ဆိုးကြီးကနေ ရုန်းထနိုင်ကြမယ်ဆိုတာ ကျနော့်အနေနဲ့ အနည်းငယ်မျှ သံသယမရှိပါဘူး။ ဝမ်းနည်းစရာတွေအတွက် ကျနော်တို့ အတူတူ ဝမ်းနည်းကြပါမယ်၊ အတူတူ ပူဆွေး ငိုကြွေးကြပါမယ်၊ ပြီးတဲ့အခါ အပြန်အလှန် မျက်ရည်သုတ်ပေးကြပါမယ်၊ ပွေ့ဖက် နှစ်သိမ့်ကြပါမယ်၊ ကျနော်တို့မှာ ကျနော်တို့တွေ ရှိတယ်ဆိုတာ အမြဲ နှလုံးသွင်းကြပါမယ်၊ တယောက်နဲ့တယောက် ကျောချင်းကပ် ရင်ချင်းအပ်ပြီး ရင်ဆိုင်ကြပါမယ်၊ ပြီးရင် ပြာပုံထဲက ရုန်းထကြပါမယ်၊ နေ့သစ်တွေကို ခွန်အားအပြည့်နဲ့ နှုတ်ဆက်ကြပါမယ်၊ ကျနော့်လူထုကို ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။
ချစ်ခင်လေးစားရသော ပြည်သူလူထုကြီးခင်ဗျား
ပြည်သူမှ ပြည်သူသို့ မေတ္တာတရား၊ အကြင်နာတရား၊ ကရုဏာတရားတို့ကို လက်ကိုင်ထားပြီး ဝိုင်းဝန်းဖေးမ ကူညီခြင်းအားဖြင့် ဒီကပ်ဘေးဆိုးကြီးမှ ကျနော်တို့အားလုံး အတူရုန်းထွက်ကြပါစို့၊ တဦးပေါ်တဦး၊ ယုံကြည်မှု၊ အားပေးမှု၊ နှစ်သိမ့်မှု၊ စုစည်း ညီညွတ်မှုများဖြင့် အတူတကွ ပြန်လည်တည်ဆောက်ကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။