
ဒီနေ့ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးကတော့၊ ကျွန်တော်တို့အတွက် ဝမ်းနည်းစိတ်တွေနဲ့ယှဉ်ပြီး ကျင်းပကြရတဲ့ အစည်းအဝေးလို့တောင် ပြောရမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မန္တလေးနဲ့ စစ်ကိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ စစ်ကိုင်းပြတ်ရွေ့ငလျင်ကြီးဟာ ရှမ်းပြည်နယ်တောင်ပိုင်းအထိပါ ရိုက်ခတ်မှု ကြီးမားခဲ့တာတွေ့ရပါတယ်။
ဒီငလျင်ကြီးရဲ့ သက်ရောက်မှုဟာ ပြည်သူလူထုရဲ့ အသက်ပေါင်း သောင်းဂဏန်းလောက်အထိ သေကြေပျက်စီးနိုင်တယ်လို့ ပညာရှင်တချို့က ခန့်မှန်းကြတာ တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ ဂျီဒီပီ ၇၀% လောက်အထိ သက်ရောက်မှု ရှိနိုင်တယ်လို့ ခန့်မှန်းကြတာလည်း တွေ့ရပါတယ်။ အဓိကကတော့ ပြန်မရနိုင်တော့တဲ့ ပြည်သူလူထုရဲ့ အသက်တွေ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကိုင်းနဲ့ မန္တလေးတို့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ တကယ့်မြို့ကြီးတွေဖြစ်ပါတယ်။ သမိုင်းဆိုင်ရာ အမွေအနှစ်နဲ့ ဘာသာရေးဆိုင်ရာ အမွေအနှစ်တွေလည်း နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ သမိုင်းအမွေအနှစ်တွေ ကိန်းအောင်းတည်ရှိရာ မြို့ကြီးတွေ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် စစ်ကိုင်း ပြတ်ရွေ့ငလျင်ကြီးဟာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီးနောက်ပိုင်းမှာ ကျွန်တော်တို့နိုင်ငံအတွက် အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံးသော သဘာဝကပ်ဘေးကြီးဖြစ်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။
ငလျင်ဘေးဒဏ်ကို ခံစားရတဲ့ ပြည်သူတွေရဲ့ မျက်ရည်တွေနဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ကျွန်တော့်အနေနဲ့ ထပ်တူ ခံစားဝမ်းနည်းမိပါတယ်။ တဘက်မှာလည်း စစ်ကောင်စီရဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်တွေကို ပြည်သူတွေဟာ လိုသည်ထက်ပိုပြီး အမြောက်အမြား ခံစားနေကြရတယ်ဆိုတာ တွေးမိပြီး ခံပြင်းမိတာတွေလည်း ရှိပါတယ်။ ဒီစစ်အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံး မချေမှုန်းနိုင်သရွေ့ ပြည်သူလူထုခံစားရတဲ့ ဒုက္ခတွေဟာ တတိတိနဲ့ တစိမ့်စိမ့် ခံစားနေရသလို ဖြစ်နေမယ်လို့ ယူဆပါတယ်။
ပြည်သူလူထုဟာ သဘာဝကပ်ဘေး အပါအဝင် လူလုပ်ကပ်ဘေးတွေကြောင့် ရှင်သန်နေရတဲ့ဘဝဟာ အင်မတန် အဖြစ်ဆိုးလွန်းလှပါတယ်။ ကျွန်တော်တို့အနေနဲ့ လူထုအကျိုးကို လက်တွေ့ ကာယကံမြောက် ဆောင်ကြဉ်းနိုင်ဖို့ဟာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာကူနိုင်သလဲ၊ ဘာစွမ်းနိုင်သလဲဆိုတာ လက်တွေ့ပြသဖို့ လိုပါတယ်။
ယခုဖြစ်ပျက်သွားတဲ့ စစ်ကိုင်း ပြတ်ရွေ့ငလျင် ဘေးဒဏ်သင့်တဲ့ ပြည်သူလူထုကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ကျွန်တော်တို့မှာ အကန့်အသတ်တွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီအနေနဲ့ ဒီဒေသတွေမှာ ထိန်းချုပ်ထားနိုင်သေးတဲ့အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်နိုင်ဖို့ အဟန့်အတားတွေနဲ့ ကြုံနေတာတွေ့ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အကန့်အသတ်တွေ ရှိနေသည်ဖြစ်စေ ကျွန်တော်တို့ဟာ တိုက်ရိုက် လုပ်လို့ မရတာတွေကို indirect နည်းနဲ့လုပ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရမှ တာဝန်ရှိ ဝန်ကြီးများအနေဖြင့် အင်အားပြင်း ငလျင်သင့်ပြည်သူများများကို မရပ်မနား ကူညီထောက်ပံ့ဖို့ ကြိုးပမ်းနေကြတာ သိရှိပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့အတူ အားစိုက်ကူညီနိုင်ဖို့ တိုက်တွန်းလိုပါတယ်။
ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုအတွက် နိုင်ငံတကာအကူအညီ အပံ့အပိုးတွေ ရရှိလာလို့လည်း ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို အထူး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒီလို နိုင်ငံတကာ အထောက်အပံ့တွေဟာ အောက်ခြေ ပြည်သူလူထုဆီကို အဖိတ်အစင်မရှိဘဲ ပြည့်ပြည့်ဝဝ တိုက်ရိုက် ရောက်ရှိနိုင်စေဖို့လည်း အထူး မျှော်လင့်ပါတယ်။ အလှူရှင်နိုင်ငံတွေအနေနဲ့ လည်း ဒါကို အလေးအနက်ထားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လောလောဆယ်အားဖြင့် ကူညီကယ်ဆယ်ရေးအတွက် ကျွမ်းကျင်ပညာရှင်တွေနဲ့ နိုင်ငံတကာ နိုင်ငံကြီးတွေကနေ အလျင်အမြန် ကူညီပေးတဲ့အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက အထူး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
သဘာဝဘေးအန္တရာယ်တွင်းထဲ ကျရောက်နေတဲ့ မြန်မာပြည်သူလူထုတွေဟာ စစ်အာဏာရှင်စနစ်ဆိုးက ဖန်တီးလိုက်တဲ့ လူလုပ်ကပ်ဘေးကြီးနဲ့လည်း ကြုံတွေ့နေကြောင်း နိုင်ငံတကာ နိုင်ငံအသီးသီးကို လက်တွေ့ မျက်မြင် သိစေချင်ပါတယ်။ အထူးသဖြင့် အကြမ်းဖက် စစ်ကောင်စီက နေ့စဉ် မရပ်မနား ဗုံးကြဲတိုက်ခိုက်နေတာတွေဟာ ပြည်သူတရပ်လုံး ခံစားနေရတဲ့ လူလုပ်ကပ်ဘေးတခုလို ဖြစ်နေတာကို မေ့ထားလို့ မရပါဘူး။
အင်အားပြင်းငလျင်ဒဏ်ကြောင့် နိုင်ငံတဝန်းလုံး ဝမ်းနည်းပူဆွေး စိတ်ထိခိုက်နေကြချိန် မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်မဟာ (၈) နယ်မြေရှိ သင်တန်းကျောင်းကို မတ်လ ၃၁ ရက် မနေ့ညက ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ သိရပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနဦး သိရှိချက်အရ လူငယ် ၃၆ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း ကြားသိရပါတယ်။ ဒီဆိုးရွားတဲ့ အဖြစ်အပျက်အတွက် KIO/KIA နှင့် ကျဆုံးသွားတဲ့ ရဲဘော် မိသားစုများနှင့် ထပ်တူ ဝမ်းနည်းမိကြောင်း ပြောကြားလိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ အာဏာတည်မြဲရေးအတွက်ဆိုရင် ဘယ်အရာကိုမဆို လုပ်ရဲတယ်ဆိုတာကို ပြည်သူတစ်ရပ်လုံးက နားလည်သဘောပေါက်နေပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကို အထူး မေတ္တာရပ်ခံလိုတာကတော့ စစ်မှန်တဲ့ လူထုအစိုးရနဲ့သာ နိုင်ငံ့အတွင်းက ပြည်သူတို့ရဲ့ဒုက္ခတွေကို အပြီးဆုံးတိုင် လွတ်မြောက်အောင် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း သိစေချင်ပါတယ်။
ပြည်သူလူထုတရပ်လုံး ခံစားနေရတဲ့ ဘေးဒုက္ခတွေဟာ လတ်တလော အနာသက်သာရုံ “ဆေးမြီးတိုနည်းလောက်နဲ့” အမှန်တကယ် မပျောက်နိုင်ဘူးဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးနဲ့ ဒေသတွင်းနိုင်ငံအားလုံးကို အလေးအနက်ထား သိစေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သေလုမျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံး သက်သာအောင် ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။
Revolution Must Prevail!