How to Contribute in Myanmar Spring Revolution

Cabinet Meeting 9/2025

၂၀၂၅ ခုနှစ် မတ်လ (၂၅) ရက်နေ့
ကျွန်တော့်အနေနဲ့ ဒီနေ့ ပြုလုပ်ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ၊ လက်ရှိအခြေအနေမှာ တော်လှန်ရေးအပေါ် လူထုရဲ့ အမြင်သဘောထား ဘယ်သို့ ဘယ်ပုံရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး၊ အနည်းငယ် ပြောကြားချင်ပါတယ်။
ကျွန်တော်တို့အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း နွေဦး တော်လှန်ရေးဟာ လူထုတော်လှန်ရေးတစ်ရပ် ဖြစ်ပါတယ်။ လူထုတော်လှန်ရေးဖြစ်တာကြောင့် လူထုရဲ့ ယုံကြည်သက်ဝင်မှုဟာ အင်မတန် အရေးကြီးတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ လူထုရဲ့ ထောက်ခံမှုနဲ့ တော်လှန်ရေးအောင်မြင်မှုဟာ တိုက်ရိုက် အချိုးကျပါတယ်။
တော်လှန်ရေး အောင်မြင်ခြင်း/ မအောင်မြင်ခြင်းဆိုတာကလည်း ကျွန်တော်တို့လို ဦးဆောင်ဦးရွက် ပြုနေသူတွေရဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေ၊ အမြော်အမြင်တွေအပေါ်မှာ မူတည်နေတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ လူထုထောက်ခံယုံကြည်မှုကို ကျွန်တော်တို့ရဲ့ လုပ်ရပ်နဲ့သာ သက်သေပြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေ အပါအဝင် တရားစီရင်ရေးနဲ့ အခွန်ဘဏ္ဍာ စည်းကြပ်မှုတွေကအစ ကျကျနန လုပ်ဆောင်ထားဖို့ လိုပါတယ်။ တော်လှန်ရေးဆိုတာဟာ အပြောနဲ့ လူထုစည်းရုံးရေးသက်သက် လုပ်ရတဲ့ အလုပ် မဟုတ်ပါဘူး။ လက်တွေ့ မြေပြင်မှာ အကောင်အထည်ဖော် လုပ်ဆောင်ရတဲ့ လက်တွေ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ကျွန်တော် တို့ဟာ လူထုရဲ့ လိုအပ်ချက်နဲ့ လူထုရဲ့ ခံစားချက်တွေကို အမြဲတမ်း နားစွင့် ကြားနာနေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ လူ့အခြေခံလိုအပ်ချက်တွေကို ကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ဖို့ အထူး လိုအပ်ပါတယ်။
အခုဆိုရင် ကာကွယ်ရေးဝန်ကြီးနဲ့ အခြားဝန်ကြီးတွေဟာ မြေပြင်မှာ နှစ်ကာလအားဖြင့် ကြာမြင့်စွာ နေထိုင်ပြီး လူထုနဲ့ တစ်သားတည်း ဦးဆောင်နေတာဖြစ်ပါတယ်။ အဲသည့်လို တွေ့မြင်ရလို့လည်း ကျွန်တော့်အနေနဲ့ လေးစား ဂုဏ်ယူမိပါတယ်။ ဒီလို ကျနော်တို့ အင်အားတွေ မြေပြင်မှာ ပိုမိုအခြေပြု လာနိုင်တာကို ပြည်သူလူထုက တွေ့မြင်နေလျင် ပိုမိုအားတက်လာကြမှာ အမှန်ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာဆိုရင် မြေပြင်မှာ ကျွန်တော်တို့ရဲ့ သွားလာလှုပ်ရှားနိုင်မှုတွေဟာ သုံးလေးငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီ ဖြစ်ပါတယ်။ လက်တွေ့မြေပြင်မှာလည်း ရန်သူက တိုးမပေါက်နိုင်လောက်အောင် ခုခံကာကွယ်နိုင် တဲ့အထိ အခြေအနေတွေ ကောင်းမွန်လာပြီ ဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ မူလအင်အားဟာ “ပြည်တွင်းမှာပဲ” ရှိတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာ မြေပြင်ပေါ် လက်တွေ့ အင်အားတွေ တည်ဆောက်နိုင် ခြင်းဟာ အဓိက အခရာဆိုတာ မေ့ထားလို့ မရပါဘူး။ လူထုယုံကြည်မှုကို လက်တွေ့မြေပြင်မှာ အခြေခံခိုင်မာအောင် တည်ဆောက်ရေးဆိုတာ တော်လှန်ရေးမူ ဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ အသက်တွေ၊ ဘဝတွေနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ တော်လှန်ရေးမှာ ဦးဆောင်ဦးရွက်ပြုသူတွေဟာ “ဘော်ကြော့” ဖြစ်လို့ မရသလို၊ “ဝေ့ဝိုက်”နေလို့လည်း မရဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော် တို့ဟာ အပင်ပန်းခံရဲရမယ်၊ အဆင်းရဲခံနိုင်ရမယ်၊ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာဟာ ကျဉ်းထဲကျပ်ထဲမှာ “ထုသားပေသား” ကျအောင်၊ မာကြောနေရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာ အမြစ်တွယ် နေတဲ့ စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ချေမှုန်းသုတ်သင်နိုင်ဖို့ ဆိုတာမှာ၊ တော်ရုံ ဇွဲသတ္တိနဲ့ မရသလို၊ တော်ရုံ အားထုတ်မှုမျိုးနဲ့လည်း မရနိုင်ကြောင်း လေးနက်စွာ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။
အရေးတော်ပုံမုချအောင်ရမည်…
en_GBEnglish