How to Contribute in Myanmar Spring Revolution

World Climate Action Summit and High-Level Segment

 

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် ညီလာခံအစည်းအဝေး၏ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သည့် သဝဏ်လွှာ
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်

အာရပ်စော်ဘွားများပြည်ထောင်စုမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် ညီလာခံ အတွင်း ကျင်းပသည့် ကမ္ဘာ့အဆင့်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးနှင့် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုဖွဲ့ထားသည့် မြန်မာပြည်သူများ ကိုယ်စား ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ယခုအချိန်ကာလသည် အမှန်တကယ် အကျိုးသက်ရောက်မှုရှိပြီး ပြောင်းလဲမှုကို ဖော်ဆောင်ပေး နိုင်မည့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်တုံ့ပြန်ရေး လုပ်ငန်းရပ်များကို တစ်ကမ္ဘာလုံး တပေါင်း တစည်းဖြင့် လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အရေးကြီးလှသော အချိန်ကာလ ဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှုသည် အကြီးအကျယ် ဖျက်စီးသက်ရောက်နိုင်မှုရှိကြောင်းကို အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အလေးအနက် သတိမူမိပါသည်။ ပြောင်းလဲလျက်ရှိသည့် ရာသီဥတုနှင့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ကျွန်ုပ်တို့ပြည်သူများသည် ပြင်းပြင်းထန်ထန် ခံစားနေကြ ရပါသည်။ ယခုနှစ်တွင် ယခင်ကာလတလျှောက် တကြိမ်တခါမှ မကြုံတွေ့ခဲ့ရသော မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ၎င်း၏အကျိုးဆက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဆန်စပါးထုတ်လုပ်မှု ကဏ္ဍအပေါ် များစွာသက်ရောက်မှု ရှိခဲ့သဖြင့် အစားအစာဖူလုံမှုနှင့် စပ်လျဉ်း၍ ပြည်သူများသည် များစွာ စိုးရိမ်ပူပန်ခဲ့ရပါသည်။

ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတရပ် ဖြစ်ပါသည်။ ကမ္ဘာ့အနှံ့အပြား၌ မှီတင်း နေထိုင်လျက်ရှိသည့် သန်းထောင်ပေါင်းများစွာသော လူသားများအားလုံးသည် ပြောင်းလဲ ဖြစ်ပေါ် လျက်ရှိသည့် ရာသီဥတုအခြေအနေနှင့် လိုက်လျောညီထွေ နေထိုင်နိုင်ရန် ကြိုးစားနေရဆဲ ဖြစ်ကြောင်း ကို သိပ္ပံပညာရှင် အသိုင်းအဝိုင်းမှလည်း အတည်ပြု ပြောကြားထားပြီး ဖြစ်ပါသည်။ ပါရီ သဘောတူညီ ချက်၏ ရည်မှန်းချက်ဖြစ်သော ကမ္ဘာ့ပျမ်းမျှအပူချိန် ၁.၅ ဒီဂရီ စင်တီဂရိတ်ကို မကျော်လွန်စေရေး ထိန်းချုပ်သွားရန် အလွန်ပင် အရေးကြီးလှပါသည်။

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကို အလွန်အမင်း ထိခိုက်ခံစားလွယ်သည့် နိုင်ငံဖြစ်ပါသည်။ နိုင်ငံအကျပ်အတည်းနှင့် ကြုံတွေ့နေရသည့် ကာလအတွင်း ကျွန်ုပ်တို့၏ သဘာဝ သယံဇာတများကို စစ်အာဏာရှင်မှ မတရား ထုတ်ယူနေမှုများကြောင့် ဤထိခိုက်ခံစားရမှု အခြေအနေသည် ပိုမို ဆိုးဝါး လာသည်။ ယခုအခါတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ စိုးမိုးအုပ်ချုပ်နိုင်သည့် နယ်မြေများ ကျယ်ပြန့်လာသည့်အတွက် ပတ်ဝန်းကျင်ကို  ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သည်သာမက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို လက်လှမ်းမီ ရရှိနိုင်ရေး အတွက် ရာသီဥတုတိုက်ဖျက်ရေး ကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါသည်။

၂၀၃၀ ပြည့်နှစ်၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးမှ CO2e တန်သန်းပေါင်း ၁၀၅.၂၄ လျှော့ချသွားရန်၊ သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်း လျှော့ချ၍ Cumulative Net Emissions CO2e တန်သန်းပေါင်း ၁၂၃.၅ လျှော့ချသွားရန်၊ LPG မီးဖို တစ်သန်းဖြန့်ဝေ၍ CO2e တန်သန်းပေါင်း ၁၄.၉၄ လျှော့ချသွားရန်၊ ကျေးလက်နေပြည်သူ ၂.၇ သန်းအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်မှ လျှပ်စစ်မီး ဖြန့်ဖြူးပေး၍ CO2e တန်သန်း ၀.၇၁၉ လျှော့ချသွားရန်ဟူသည့် နိုင်ငံ၏ စွမ်းဆောင်နိုင်မှုအပေါ် အခြေခံချမှတ်ထားသော ကတိကဝတ်များကို  ဆက်လက် ကတိကဝတ်ပြု အကောင်အထည်ဖော်မည် ဖြစ်ကြောင်းကို ကျွန်ုပ် ထပ်လောင်း အတည်ပြုပါသည်။

သစ်တောသစ်ပင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ပြည်သူဗဟိုပြု ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်ခြင်း၊ ဒေသအဆင့် လိုက်လျောညီထွေ ဖြစ်စေရေးလုပ်ငန်းများ စတင် အကောင်အထည်ဖော်ခြင်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရမှ ဦးဆောင်ဦးရွက်ပြု၍ ဆောင်ရွက်လျက်ရှိပါသည်။ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လွှတ်မှု နည်းသော လူမှုအသိုက်အဝန်းတရပ် တည်ဆောက်နိုင်ရေးအတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများအပြင် လူငယ်လူရွယ်များနှင့် ရပ်ရွာလူထုများ၏  စွမ်းဆောင်ရည် များကို ဦးစားပေးတရပ်အနေဖြင့် မြှင့်တင်ပေးလျက်ရှိပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်ပူးပေါင်း၍ ရာသီဥတုဆိုင်ရာ ကတိကဝတ်များ အကောင်အထည်ဖော်ရာတွင် အခရာကျသည့် စွမ်းဆောင်ရည်နှင့် နည်းပညာအကန့်သတ်များကို ဖြည့်ဆည်းပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ကျွန်ုပ်အနေဖြင့် တိုက်တွန်းလိုပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ရေးလုပ်ငန်းရပ်များ၌ ပံ့ပိုး ပါဝင်လျက်ရှိသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များသာမက အမျိုးသမီးများ၊ လူငယ်လူရွယ်များနှင့် ဌာနေတိုင်းရင်းသား ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကိုပါ ကျေးဇူးတင် အသိအမှတ်ပြုပါ သည်။ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အခြားသက်ဆိုင်သူများအနေဖြင့်လည်း ရာသီဥတု ပြောင်းလဲမှုလုပ်ငန်းများကို ဖော်ဆောင်မြှင့်တင် ဆောင်ရွက်သွားရန် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် တိုက်တွန်းလိုပါသည်။

ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များသည် ကမ္ဘာ့လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှု ပမာဏ မတူညီ ပါ။ ထို့ကြောင့် ထိခိုက်ခံစားရမှု အများဆုံးဖြစ်သည့် နိုင်ငံများ၏ ရာသီဥတုဒဏ်ဖြေရှင်းရေး လုပ်ငန်းစဉ် အတွက် လိုအပ်သော ရန်ပုံငွေကို ဖွံ့ဖြိုးပြီးနိုင်ငံများမှ ကတိကဝတ်အတိုင်း ရန်ပုံငွေ တိုးမြှင့် ထောက်ပံ့ ပေးခြင်းသည်သာ တခုတည်းသော ဖြေရှင်းနည်း ဖြစ်ပါသည်။

ကျွန်ုပ်တို့ မှီတင်းနေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးနှင့် နောင်မျိုးဆက်များကို ရာသီဥတုဘေး အန္တရာယ်မှ ကာကွယ်တားဆီးရန် ဖြေရှင်းပံ့ပိုးနိုင်မည့် အရာအားလုံး ကျွန်ုပ်တို့၏ လက်ဝယ် တည်ရှိ နေပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း ပြောကြားအပ်ပါသည်။

 

Download PDF (Bur)
en_GBEnglish