လူ့အခွင့်အရေးနေ့ စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မ တ ဒူဝါလရှီးလ ပြောကြားသည့် အဖွင့်အမှာစကား
၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၀) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဦးစီးကျင်းပတဲ့ လူ့အခွင့်အရေးနေ့ စကားဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ကရင်အမျိုးသားအစည်းအရုံး၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ စတဲ့ အဖွဲ့အစည်းအသီးသီးက လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနဲ့ ဒီကနေ စကားဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ တော်လှန်ရေးမိတ်ဖက်အားလုံးကို မင်္ဂလာပါလို့ ပဏာမဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ကျွန်တော့်အနေနဲ့ လူ့အခွင့်အရေးနေ့ စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားအတွက် စကားလက်ဆောင်တချို့ သယ်လာပါတယ်။ တက်ရောက်လာတဲ့ ကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေး မိတ်ဖက်များအားလုံး သိကြပြီးဖြစ်တဲ့အတိုင်း အခု ကျွန်တော်တို့နိုင်ငံဟာ တော်လှန်ရေးကာလအတွင်းကို ဖြတ်သန်းလာတာ (၃) နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေဟာ တော်လှန်ရေးအရှိန်အဟုန် ပြင်းပြင်းနဲ့ ဆင်နွှဲနေတဲ့ ကာလဖြစ်သလို လူထု ခုခံတော်လှန်စစ် ဒီရေ အမြင့်မားဆုံး ရောက်နေတဲ့ကာလ ဖြစ်တယ်လို့လည်း ပြောချင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဟာ ပိုလို့ များသထက် များလာနေတာ တွေ့ရပါတယ်။ ဒါတွေဟာ အခုမှမဟုတ်ဘူး ဆိုတာကိုလည်း အားလုံး သတိချပ်မိကြမယ် ထင်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြောက်အမြား ကျူးလွန်ထားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်သူလူထုဟာ နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအောက်မှာ နေထိုင်နေကြရပါတယ်။ အခုဆိုရင် တောင်ပေါ်ဒေသ၊ တောင်တန်းဒေသတင်မက မြေပြန့် အညာဒေသ တစ်ခုလုံးပါ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ခံစားနေကြရပါတယ်။ တောင်တန်းဒေသကတော့ ဟိုးယခင်ကလည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံလာရတာ နှစ်ပေါင်းများစွာ ရှိနေပြီးဖြစ်ပါတယ်။ ဒါဟာ လက်ရှိ ကျွန်တော်တို့နိုင်ငံနဲ့ လူ့အဖွဲ့အစည်းက ကြုံတွေ့နေရတဲ့ အတိတ်နဲ့ ပစ္စုပ္ပန် ဖြစ်ပါတယ်။
နောင်အနာဂတ်မှာ ဒီလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ကျွန်တော်တို့ ပြည်သူလူထုတွေ ကင်းဝေးအောင် ယခုလက်ရှိ နွေဦးတော်လှန်ရေးကို ကျွန်တော်တို့အားလုံး အဘက်ဘက်ကနေ ဝိုင်းဝန်း ပါဝင် ထမ်းရွက်နေကြတာဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့အားလုံး ရည်မှန်းတဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဟာ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာတဲ့ အစိုးရနဲ့ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာတဲ့ ဖက်ဒရယ်တပ်မတော် ဖြစ်ဖို့အတွက် ရည်မှန်းထားကြရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ပြည်သူလူထုဟာ တော်လှန်ရေးရဲ့ အသီးအပွင့်ကို လက်တွေ့ ကာယကံမြောက် ခံစားရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့ဟာ လက်ရှိ တော်လှန်ရေးကာလအတွင်း ဖြတ်သန်းနေကြရပေမယ့် အခုလို ခုခံတော်လှန်စစ် ကာလအတွင်းမှာလည်း ပြည်သူလူထုအတွက် လူ့အခွင့်အရေး အပြည့်အဝ ရနိုင်အောင် တတ်နိုင်သရွေ့ ကြိုးစားအားထုတ်နေကြရမှာ ဖြစ်ပါတယ်။ အထွေထွေလုံခြုံရေးနဲ့ အထွေထွေ အကျပ်အတည်းတွေကြောင့် လူထုက ဆုံးရှုံးလိုက်ရတဲ့ လူ့အခွင့်အရေးကို ကျွန်တော်တို့ဟာ တော်လှန်ရေးအကြောင်းပြပြီး လျစ်လျူရှုထားလို့ မရပါဘူး။
လက်ရှိ ကျွန်တော်တို့အားလုံး ပူးပေါင်း ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးသည်ပင်လျှင် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးနဲ့ လူ့အခွင့်အရေးဆိုတဲ့ အခြေခံ စံတန်ဖိုးတွေ ပြည့်ပြည့်ဝဝရရှိအောင် ဦးတည်ကြိုးစားနေခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတဲ့ တော်လှန်ရေးအစိုးရအနေနဲ့ ယခု တော်လှန်ရေးခရီးကို ချီတက်နေပေမယ့် လူ့အခွင့်အရေး လေးစားလိုက်နာမှုတွေကို ပျက်ကွက်ခဲ့တာ၊ လျစ်လျူရှုခဲ့တာ မရှိခဲ့ပါဘူး။ ခုခံတော်လှန်စစ်ဟာ စစ်ရေးအရ လက်နက်နဲ့ ခုခံတော်လှန်ကြရတာဖြစ်ပေမယ့် စစ်မှာ စစ်ရေးကျင့်ဝတ်အတိုင်း၊ တော်လှန်ရေးမှာ တော်လှန်ရေးကျင့်ဝတ်အတိုင်း ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေက ပြုကျင့်လိုက်နာပြီး ချီတက်နေတယ်လို့ ပြောကြားချင်ပါတယ်။
မတရားမှုကို တွန်းလှန်နေတဲ့ တော်လှန်ရေးဘက်တော်သားတွေဟာ မတရားမှုကို ကိုယ်တိုင် မပြုကျင့်ကြဖို့ အမြဲတမ်း သတိထား ချီတက်နေကြတယ်ဆိုတာ ကျွန်တော် အလေးအနက်ထား ယုံကြည်ပါတယ်။ စစ်ကောင်စီရဲ့ ထိုးစစ်တွေ အပြန့်ကျယ်လာတာနဲ့အမျှ ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ များပြားသထက် များပြားလာနေတာကို တွေ့မြင်နေရပါတယ်။ ဒါတွေကို ကျွန်တော်တို့ဟာ တော်လှန်ရေးတာဝန်တရပ်အနေနဲ့ ခုခံကာကွယ်ကြရမှာ ဖြစ်ပါတယ်။
တော်လှန်ရေးအစိုးရတရပ်ရဲ့ တာဝန်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တော်လှန်နေရုံတစ်ခုတည်း မဟုတ်ဘဲ လူထုရဲ့ လူ့အခွင့်အရေးပိုင်ဆိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ရေးဟာလည်း တာဝန်တစ်ခုဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီလိုမူနဲ့ အခြေခံသဘောထားတွေနဲ့ ရှေ့ဆက် ချီတက်နေကြတယ်လို့ ပြောချင်ပါတယ်။
နိဂုံးချုပ်အားဖြင့် ပြောကြားချင်တာကတော့ ကျွန်တော်တို့ဟာ တော်လှန်ရေးကာလအတွင်းမှာ ခုခံတော်လှန်စစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို နည်းနိုင်သမျှ အနည်းဆုံး လျှော့ချပြီးတော့ လူထုရဲ့ လူ့အခွင့်အရေးပိုင်ခွင့်ကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ခံယူပြီး ချီတက်နေတယ်လို့ ပြောကြားချင်ပါတယ်။ ဒီလို ချီတက်ရာမှာ ကျွန်တော်တို့ကိုယ်တိုင်က အားနည်းချက်တွေ ရှိနိုင်ပါတယ်။ လက်လှမ်းမမီတာတွေလည်း ရှိနိုင်ပါတယ်။
ဒါ့ကြောင့် လူထုကိုယ်စားလှယ်နဲ့ သက်ဆိုင်ရာ ဒေသခေါင်းဆောင်တွေအားလုံးရဲ့ ဝိုင်းဝန်း အကြံပြုချက်၊ တိုက်တွန်းချက်တွေနဲ့ ရှေ့ဆက် ချီတက်ချင်ပါတယ်။ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ လူ့အခွင့်အရေးနေ့ စကားဝိုင်းဆွေးနွေးပွဲကနေတစ်ဆင့် လူထုအတွက် လူ့အခွင့်အရေး ရရှိပိုင်ဆိုင်မှု အာမခံချက်ရှိသော လူ့အဖွဲ့အစည်းတည်ဆောက်နိုင်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။
Download PDF (Bur)