
လေးစားရပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား
ခရစ်သက္ကရာဇ် ၂၀၂၂ နှစ် ကုန်လွန်လို့ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကိုကူးကြရတဲ့ အခါသမယမှာ တိုင်းရင်းသားပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ အာဏာရှင်တွေရဲ့ ဖိနှိပ်မှု တွေကနေ လွတ်မြောက်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို ရရှိခံစားနိုင်ကြပါစေလို့ ပထမဦးစွာ ဆုတောင်းမေတ္တာ ပို့သလိုပါတယ်။
တဆက်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် တစိုက်တမတ် ကြိုးစား လုပ်ဆောင်နေကြ တယ်ဆိုတာ အသိပေးလိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်းမှာ အမျိုးသားညီညွတ် ရေးအစိုးရဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ယုံကြည်မှုကို ပိုမိုတည်ဆောက်နိုင်ခဲ့ သလို လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့သလို အရေးကြီးတဲ့ အဖွဲ့အစည်းတွေနဲ့လည်း စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှုများကို အားကောင်းကောင်းနဲ့ ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါတယ်။
တဆက်တည်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာဗျူဟာကျတဲ့ လက်တွဲ ဆောင်ရွက်မှုအပြင် ပြည်တွင်းပြည်ပမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းများနဲ့လည်း ပိုမို အားကောင်း အောင် ချိတ်ဆက်ဆောင်ရွက်ပြီး စစ်ကောင်စီကို အဘက်ဘက်ကနေ ချိနဲ့သွားအောင် ဆောင်ရွက် လာနိုင်ပြီဖြစ်ပါတယ်။ ဒါဟာ တိုင်းရင်းသားပြည်သူလူထုရဲ့ အာဏာရှင် စစ်အုပ်စုကို ဆန့်ကျင်လို စိတ် ပြင်းပြမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ ကြိုးစားမှုတွေရဲ့ ရလဒ်တွေပဲဖြစ်ပါတယ်။ ယခုဆိုရင် စစ်အုပ်စု ဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနဲ့ သံတမန်ရေး စတဲ့ အဘက်ဘက်က ထိုးနှက်မှု ဒဏ်ကိုခံရပြီး အင်အား တော်တော်ချိနဲ့လာပြီ ဖြစ်ပါတယ်။
နိုင်ငံတကာစာမျက်နှာကို ကြည့်မယ်ဆိုရင်လည်း စစ်အုပ်စုဟာ အရှုံးကြီး ရှုံးနိမ့်နေပါပြီ။ စစ်အုပ်စု အနေနဲ့ နိုင်ငံတကာရဲ့ ဖယ်ကျဥ်မှုကို ခံနေရတဲ့အချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လက်တွေ့ကျတဲ့ အားပေး ထောက်ခံမှုနဲ့ ဝန်းရံအားပေးမှုတို့ကို ရရှိနေပြီဖြစ်တယ်ဆိုတာ ပြီးခဲ့တဲ့ သုံးလေးလက အနေအထား ကို ကြည့်ရင်ပဲ “လယ်ပြင်မှာ ဆင်သွားသလို” ထင်ထင်ရှားရှား မြင်နေရပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းကြီးအနေနဲ့ စစ်ကောင်စီကတင်သွင်းတဲ့ ကိုယ်စားလှယ်ကို ပယ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ဆက်လက်ထားရှိတာဟာ နိုင်ငံတကာအသိုင်းအဝန်းမှာ စစ်အုပ်စုအတွက် နေရာမရှိဘူးဆိုတာ တခဲနက် ပြသလိုက်ကြတာပဲ ဖြစ်ပါတယ်။
ဒါတင်မကပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်လာပြီးနောက်ပိုင်း သမိုင်းတလျောက် ပထမဦးဆုံးအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်နိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ စစ်အုပ်စုအနေနဲ့ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထားတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေကို လွှတ်ပေးဖို့နဲ့ ပြည်သူ့ဆန္ဒကို လိုက်နာဖို့ တောင်းဆို ထားပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကန့်ကွက်သူမရှိ ဆုံးဖြတ် ချက် ချနိုင်ကြတာကိုကြည့်ရင် စစ်အုပ်စုကို ကာကွယ်ပြောဆိုပေးမယ့်လူ နိုင်ငံတကာမှာ ဘယ်သူမှ မရှိတော့ဘူးဆိုတာ အထင်းသား ပေါ်လွင်နေပါတယ်။
ဒါတင်မကပါဘူး။ ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာလည်း အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖယ်ကျဥ်ထားပါတယ်။ နောက်ထပ် ကျင်းပ ပြုလုပ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာလည်း စစ်ကောင်စီရဲ့ ကာကွယ်ရေး ဝန်ကြီးကို ချန်လှပ်ထားပါတယ်။ အစည်းဝေးဆုံးဖြတ်ချက်များ ချမှတ်ရာမှာလည်း စစ်အုပ်စုကို လိုအပ်ရင် လိုအပ်သလို ဆက်လက်ဖယ်ရှားမှုတွေ လုပ်မယ်လို့ ချမှတ်ထားကြတာကိုကြည့်ရင် စစ်အုပ်စုဟာ တစတစ ပိုမို အထီးကျန်ဆန်လာတယ်၊ အခြေအနေ ပိုမို ဆိုးရွားလာတယ်ဆိုတာကို ထင်ထင်ရှားရှား မြင်တွေနိုင်ပါတယ်။
ဒါတင်နဲ့ မပြီးပါဘူး။ အမေရိကန်ပြည်ထောင်စုက ပြဌာန်းလိုက်တဲ့ NDAA ဥပဒေမှာ Burma Act ကို ထည့်သွင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ NUG/NUCC/ CRPH/ EROs နှင့် CDM/PDF တို့ကို အကူအညီပေးဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုရဲ့ ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြု ကူညီလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုဟာ နိုင်ငံတကာစာမျက်နှာမှာ နေရာမရတော့ဘူးဆိုတာ အထင်းသား မြင်နေရပြီဖြစ်ပါတယ်။
ယခုလိုမျိုး တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အဘက်ဘက်က အသာစီး ရယူနေချိန်မှာ စစ်ကောင်စီဟာ ထွက်ပေါက်မရှိတော့လို့ အတုအယောင် ရွေးကောက်ပွဲကို ဖန်တည်းပြီးတော့ ထွက် ပေါက်ရှာနေပြီ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာ ၎င်းတို့ရဲ့ အာဏာ သက်ဆိုးရှည်ရေး၊ သူတို့ရင်ဆိုင်နေရတဲ့ စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်းတွေကို လျှော့ချနိုင်ရေး အတွက် ရည်ရွယ်လုပ်ကြံတဲ့ “ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးချင်တဲ့” နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သက်သက်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် စစ်အုပ်စုကပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန်ရမှာ ဖြစ်တယ်။ ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့နှစ် ဖြစ်ပါတယ်။ ဒီ အကြမ်းဖက် စစ်အုပ်စုကို ဖယ်ရှားနိုင်ဖို့နဲ့ တိုင်းရင်းသားပြည်သူအားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ဆိုရင် တိုင်းရင်းသားပြည်သူတရပ်လုံး ဆက်လက် အားထည့်တော်လှန်ကြဖို့ လိုပါ တယ်။
တပြိုင်တည်းမှာပဲ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အစုအဖွဲ့တွေအနေနဲ့ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံး မဟာဗျူဟာကျကျ၊ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခုခံတော်လှန်ရာမှာ ကြံ့ကြံ့ခံနိုင်မှု (Resilience) က အင်မတန် အရေးကြီးပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ ခြေကုန်လက်ပန်းကျလာမယ့်အချိန်ကို စောင့်နေတာမို့ ကျွန်တော်တို့ အားလုံး တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ပြီး ဆက်လက် ကြိုးစား လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။
ဒါတင်မကပါဘူး။ စစ်အုပ်စုနဲ့ သူတို့ရဲ့ လော်ဘီတွေဟာ မမှန်မကန်သတင်းတွေ၊ မဟုတ်မမှန် ဝါဒတွေကို ဖြန့်ပြီး တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ၊ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားမှာ၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကြားမှာ၊ ပါတီ တခုနဲ့တခု၊ အဖွဲ့အစည်းတခုနဲ့ တခုကြားမှာ ဝါဒတွေဖြန့်ပြီး သွေးခွဲနေတယ်ဆိုတာကို သတိချပ်ဖို့ လိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒအမှားတွေကို နားမယောင်ယုံနဲ့ မပြီးပါဘူး။ တော်လှန်ရေး အင်အားစု အချင်းချင်းတွေကြား အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေအစား ကွဲပြား စေမယ့် သတင်းစကားတွေကိုလည်း သတိထား ရှောင်ကျဥ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် တော်လှန်ရေးရဲ့ အောင်မြင်မှုသော့ချက်ဟာ တော်လှန်ရေးအင်အားစုနဲ့ ပြည်သူလူထုအားလုံးရဲ့ စည်းလုံးညီညွတ်မှုအပေါ်မှာ ရာနှုန်းပြည့် တည်မှီနေတဲ့အတွက် ဖြစ်ပါတယ်။
ဒီတော်လှန်ရေးဟာ တိုင်းရင်းသားပြည်သူအားလုံးနဲ့ တော်လှန်ရေးအင်အားစုအားလုံး ညီညီ ညွတ်ညွတ် ဆင်နွှဲနေကြတဲ့ တိုက်ပွဲမို့ အောင်မြင်ကို အောင်မြင်ရမယ်လို့ ကျွန်တော်အနေဖြင့် လုံးဝ ယုံကြည်ပါတယ်။ ပြီးတော့ ၂၀၂၃ ခုနှစ်ဟာလည်း ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးကံကြမ္မာ အလှည့် အပြောင်းအတွက် အရေးကြီးတဲ့ နှစ်တစ်နှစ်ဆိုတာကို လုံးဝ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အား စုများနဲ့ ပြည်သူတရပ်လုံး အင်တိုက်အားတိုက်နဲ့ နှစ်သစ်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲကြပါစို့ လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
အရေးတော်ပုံ မုချ အောင်မြင်ရမည် …