နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီလိုပါသလား

၂၀၂၄ ခုနှစ် ခရစ္စမတ်စ် ဆုတောင်းစကား

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်
ကမ္ဘာတဝန်းမှာ ပျော်ရွှင်စွာကြိုဆိုကြတဲ့ ခရစ္စမတ်ရက်မြတ် အခါသမယကို မနက်ဖြန်ဆိုရင် ရောက်ရှိ တော့မှာဖြစ်ပါတယ်။
“လောကဝမ်းမြောက် ဘုရားကြွလာ” လို့ အမည်ရတဲ့ ကမ္ဘာကျော် ဓမ္မတေးသံစုံကျုး သီချင်း(၁)ပုဒ်လိုပါဘဲ ခရစ္စမတ်အခါသမယမှာ မွေးနေ့တော်ရှင် ယေရှုခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာအားဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ နှင့် ကမ္ဘာသူ ကမ္ဘာသားများ အားလုံး ကျန်းမာ ရွှင်လန်းပြီး ငြိမ်းချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
“ခရစ္စမတ်ဆိုတာ ငြိမ်းချမ်းမှု၊ နွေးထွေးမှု၊ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာတရားတို့နဲ့ ဖြတ်သန်းရတဲ့ ရက်မြတ်ဖြစ်ပါတယ်။ ‘’
ကျနော်တို့နိုင်ငံအနေနဲ့တော့ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ တော်လှန်ရေးတိုက်ပွဲကို ၀င်နေရတဲ့ အချိန်အခါ ဖြစ်တာကြောင့် တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ရင်း ခရစ္စမတ် အချိန်အခါသမယကို ဖြတ်သန်းနေကြရတဲ့ ရဲဘော်တွေရှိသလို တဖက်မှာလည်း ဆက်တိုက်ဆိုသလို စစ်ရှုံးနိမ့်နေတာနဲ့အမျှ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီကြောင့် ကျနော်တို့ ပြည်သူတွေ၊ ကလေးသူငယ်တွေနဲ့ မိခင်တွေဟာ မလုံခြုံမှု၊ စိုးထိတ်ကြောက်လန့်မှုများနဲ့ မိမိရဲ့ နေရပ်တွေကို စွန့်ခွါပြီး ခရစ္စမတ်အချိန်အခါသမယကို ဖြတ်သန်းနေရပါတယ်။
ဒီ့အတွက်လည်း ကျနော့်အနေနဲ့ တော်လှန်ရေးတာဝန်ကို ထမ်းရွက်နေကြတဲ့ ရဲဘော်ရဲဘက် တယောက်ချင်းစီတိုင်းကို အလေးအမြတ်ပြုသလို ကျနော်ချစ်မြတ်နိုးရတဲ့ ပြည်သူလူထုအပေါင်း ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေအပေါ် အင်မတန်မှ စိတ်ထိခိုက်ရပါတယ်။
မကြာခင်ဆိုရင် ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာဆိုရင်လည်း (၄) နှစ်တာ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။
၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို ပြည်သူလူထုကြီးက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရပြီးဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီတကြိမ်မှာ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရမယ်ဆိုတဲ့ တော်လှန်ရေးယုံကြည်ချက်နဲ့ အင်အားစုစုအသီးရဲ့ လက်တွဲ တိုက်ပွဲဝင်မှုတွေကြောင့် သမိုင်းတလျှောက် စစ်တပ်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုအဖြစ်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ပြီ ဖြစ်ပါတယ်။
မကြာခင်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ။ နိုင်ငံတဝန်းက မြို့ပေါင်း (၉၀) ထက်မနည်းဟာ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာ ကမ္ဘာကြီးနဲ့ထပ်တူ ခရစ္စမတ်အချိန်အခါကို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ နွေးထွေးလုံခြုံမှု အပြည့်နဲ့ ဖြတ်သန်းခွင့် ရထိုက်ပါတယ်။ အဲဒီအတွက်လည်း ရည်မှန်းထား တဲ့အတိုင်း တော်လှန်ရေးပန်းတိုင်ကို အောင်မြင်အောင် မလျှော့သော ဇွဲလုံ့လနဲ့ အားစိုက်ကာ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
အခုလို ခရစ္စမတ် အချိန်အခါသမယမှာ ကျနော်ချစ်မြတ်နိုးရတဲ့ ပြည်သူလူထုတစ်ရပ်လုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ၊ မေတ္တာတရားများ လွမ်းခြုံတဲ့ နွေးထွေးမှု နဲ့ လွတ်လပ်မှု တို့ကို အနှစ်သာရပြည့်၀စွာ ခံစားနိုင်ကြပါစေ။ အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ဖြစ်ပါစေလို့ ထပ်မံပြီး ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
my_MMMyanmar