နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီလိုပါသလား

နွေဦးတော်လှန်ရေး (၄) နှစ်ပြည့်

နိုင်ငံတော်အခြေပြ တော်လှန်ရေးမိန့်ခွန်း
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ
၂၀၂၅ ဖေဖော်ဝါရီ (၁) ရက်နေ့

လေးစားချစ်ခင်ရပါသော မိဘပြည်သူများခင်ဗျား

ဒီကနေ့ဟာ မြန်မာနိုင်ငံအနေနဲ့ အမှောင်ခေတ်ထဲ ပြန်လည်ရောက်ရှိလာတဲ့ (၄) နှစ်ပြည့် နေ့တစ်နေ့ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီ ဦးဆောင်တဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ၊ အရပ်သား ဒီမိုကရက်တစ်အစိုးရထံကနေ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့ (၄) နှစ်ပြည့် နေ့တစ်နေ့ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဟာ ကျွန်တော်တို့ နိုင်ငံကို ကံကြမ္မာအမှောင်တိုက်အတွင်းကို ဆွဲခေါ် သွတ်သွင်းလိုက်တာ တွေ့ရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် နိုင်ငံတစ်ဝန်းလုံးက ပြည်သူလူထုအားလုံးဟာ အထွေထွေသော ဆင်းရဲဒုက္ခကို ခံစားရတဲ့အပြင် အာဏာသိမ်းစစ်တပ်က ပေးတဲ့ လက်နက်ဘေးဒဏ်ကြောင့် အသက်အိုးအိမ် စည်းစိမ်တို့ များစွာ ပျက်စီးဆုံးရှုံးခဲ့ရတာကို ကြုံတွေ့ခဲ့ရပါတယ်။

AAPP ရဲ့ စရင်းများအရ ၄ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူပေါင်း နှစ်သောင်းရှစ်ထောင်လေးရာသုံးဆယ့်သုံးဦး (၆,၂၃၁) ဦး သေဆုံးခဲ့ပြီး၊ မတရားဖမ်းဆီးခံခဲ့ရသူ ပေါင်း (၂၈,၄၃၃)ဦး ရှိပါသည်။​

၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၅ ဇန်နဝါရီလ (၃၀) ရက်နေ့အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်စီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း တစ်သိန်းသုံးထောင်လေးရာ့ရှစ်ဆယ်ငါး အိမ် (၁၀၃,၄၈၅) ပျက်စီး ဆုံးရှုံးခဲ့ပါသည်။​

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်စဉ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကျမှ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ မိဘပြည်သူအပေါင်းက သိထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ မြန်မာစစ်တပ် အနေနဲ့ စစ်အာဏာသိမ်းမှုကို ကျူးလွန်တာဟာ အဆိုးကျော့သံသရာ လည်နေတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ခေါင်းဆောင်အဆက်ဆက်ဟာ လက်နက်ကို အားကိုးပြီး အာဏာသိမ်းနိုင်ရင် တိုင်းပြည်မှာ သေသည်အထိ ရှင်ဘုရင် လုပ်နိုင်ပြီလို့ ယူဆလက်ခံထားကြတယ်ဆိုတာ ထင်ရှားပါတယ်။ ပြီးခဲ့တဲ့ (၄) နှစ်မှာလည်း အရပ်သားအစိုးရထံကနေ နိုင်ငံတော်အာဏာကို လက်နက်နည်းနဲ့ အာဏာသိမ်း ခဲ့တာဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ လက်နက်နဲ့ နိုင့်ထက်စီးနင်းလုပ်ပြီး နိုင်ငံတော်အာဏာကို ရယူနိုင်တယ်ဆိုတဲ့ အယူအဆဖြစ်ကြောင်း ထင်ရှားပါတယ်။ လက်နက်နဲ့ အာဏာသိမ်းနိုင်ရင် အစိုးရဖြစ်ပြီလို့ ယူဆဟန်တူပါတယ်။ ဒီအမြင်အယူအဆ အတွေးအခေါ်တွေဟာ လက်နက်အားကိုးပြီး မင်းမူတဲ့ စစ်အာဏာရှင်တွေရဲ့ အခြေခံအမူအကျင့်နဲ့ အခြေခံ စဉ်းစားချက်ဖြစ်ကြောင်း သိသာ ထင်ရှားပါတယ်။

လေးစားချစ်ခင်ရပါသော မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းမှာ ခေတ်ဆိုးစနစ်ဆိုးကို ပယ်ဖျက်နိုင်ဖို့အတွက် အတွေးအခေါ် ဟောင်းတွေနဲ့ အာဏာရှင်ဓလေ့ဟောင်းတွေကို တော်လှန်ရှင်းလင်းပစ်ဖို့ လိုအပ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ခုခံ ဆန့်ကျင် တော်လှန်တဲ့ သန်းနဲ့ချီသော ပြည်သူလူထုအပေါင်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို အလိုမရှိကြောင်း ကမ္ဘာကြီးတစ်ခုလုံး သိအောင် လက်တွေ့ပြသခဲ့ပြီး‌ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို အလိုမရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှုနဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေဟာ အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကို နိုင်ငံရေးနည်း၊ ခုခံတော်လှန်စစ်နည်းတွေနဲ့ အောင်မြင်စွာ တော်လှန်ဆန့်ကျင်နိုင်ခဲ့ပါတယ်။ ယခု (၄) နှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ ပြည်သူလူထု အပေါင်းဟာ မြန်မာ့တော်လှန်ရေးသမိုင်းမှာ မကြုံဖူးတဲ့ အကျယ်ပြန့်ဆုံးနဲ့ အနက်ရှိုင်းဆုံးသော ခုခံတော်လှန်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်ချီတက်ခဲ့ကြပါတယ်။ အခုဆိုရင် တော်လှန်ရေးအင်အားစု တွေဟာ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ၁၄၀ ကျော်ကို ထိန်းချုပ်ကွပ်ကဲထားနိုင်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက်အတိုင်းအတာအထိ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ကွပ်ကဲထားနိုင်ပြီဆိုတာဟာ ခရီးဆုံးပန်းတိုင်ရောက်တာတော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အဆုံးတိုင် ပြိုလဲချိန်အထိ ဆက်လက် တိုက်ပွဲဝင်ရအုံးမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

လေးစားချစ်ခင်ရပါသော မိဘပြည်သူများ ခင်ဗျား

ကျွန်တော်တို့ရဲ့ ပြည်သူလူထုအားလုံးဟာ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် ရုန်းကန်တိုက်ပွဲဝင်နေ ကြတာ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှ မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ်မှာလည်း လူထုဒီမိုကရေစီ အရေးတော်ပုံနဲ့ သက်ဆိုးရှည်နေတဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းကို လက်တွေ့ ဖြုတ်ချနိုင်ခဲ့တာကို တွေ့ပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက်မှာလည်း စစ်အစိုးရလက်ထက်တွေမှာ မတရားမှုနဲ့ အနိုင်ကျင့် ဗိုလ်ကျခြယ်လှုယ်မှုတွေကို လူထုနည်း၊ နိုင်ငံရေးနည်းနဲ့ ခေတ်အဆက်ဆက် တော်လှန် တိုက်ပွဲဝင်ခဲ့ကြတာတွေ့ရပါတယ်။ ယခုလည်း ကျွန်တော်တို့ပြည်သူလူထုတစ်ရပ်လုံးရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုနဲ့ တော်လှန်သော ဇွဲနပဲ ပြင်းထန်ခိုင်မာမှုတွေကို စစ်အာဏာရှင်စနစ် တော်လှန်ရေးမှာ လေးနက်ကျယ်ပြန့်စွာ တွေ့ရှိနေပါတယ်။ အဲသည့်အတွက် ကျွန်တော့်အနေနဲ့ လေးနက်စွာ ဦးညွှတ်ကြောင်း ပြောကြားလိုပါတယ်။

လေးစားချစ်ခင်ရပါသော မိဘပြည်သူများ ခင်ဗျား

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဟာ ကျွန်တော်တို့ အစိုးရရဲ့ တော်လှန်ရေးတာဝန်ဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက် ရေးဟာ ကျွန်တော်တို့ အစိုးရရဲ့ တည်ဆောက်ရေးတာဝန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလုပ်ငန်းတာဝန် နှစ်ရပ်ကို ထမ်းဆောင်ရာမှာ အနည်းငယ်မျှပင် တွန့်ဆုတ်ဝေဝါးခြင်း မရှိဘဲ၊ ပြတ်ပြတ်သားသားနဲ့ နိုင်ငံရေးသန္နိဋ္ဌာန် ချပြီး ဆက်လက်လျှောက်လှမ်းဖို့ မိဘပြည်သူလူထုအပေါင်းကို လေးနက်စွာ ထပ်မံ ကတိပေးကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းခဲ့တာဟာ အမျိုးသားညီညွတ်ရေး အတွက် အခြေခံမူထားပြီး တော်လှန်ရေးနဲ့ တည်ဆောက်ရေးအလုပ်တွေကို လုပ်ဖို့ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့ဟာ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် တော်လှန်သော မဟာမိတ်တပ်ပေါင်းစုအသွင်နဲ့ ရှေ့ဆက်လုပ်ဆောင် နေကြောင်း တင်ပြချင်ပါတယ်။ နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မမှုတွေကို ခုခံတော်လှန်စစ်နဲ့ ချေဖျက်ရုံနဲ့ မလုံလောက်သေးကြောင်း ကျွန်တော်တို့ အစိုးရအဖွဲ့တစ်ခုလုံးက နားလည်သဘောပေါက်ထားကြပါတယ်။ ခုခံတော်လှန်စစ်မှာ စစ်ရေးကဏ္ဍအပြင် နိုင်ငံရေးကဏ္ဍ ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍအနေနဲ့ ပါဝင်နေပါတယ်။

ဒါ့အပြင် အကြမ်းဖက် မြန်မာစစ်တပ်အတွင်းက တိုင်းပြည်နဲ့ နိုင်ငံကို ချစ်မြတ်နိုးသော တပ်မတော် သားတွေ အမြောက်အမြားဟာ ပြည်သူ့ဘက်ကို လက်တွေ့ကျကျ ပါဝင်ရပ်ခံလာစေရေးဟာ အင်မတန် အရေးကြီးကြောင်း ပြောကြားလိုပါတယ်။ မြန်မာစစ်တပ်ထဲမှာ အကြမ်းဖက်စရိုက်ကို ရွံမုန်းတဲ့ တပ်မတော်သားစစ်စစ်တွေ များစွာ ကျန်ရှိနေသေးကြောင်း ကျွန်တော်တို့ ခံစားနားလည်ရပါတယ်။ ဒါ့ကြောင့် တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ မျက်နှာကို ထောက်ထားပြီး၊ မြန်မာစစ်တပ်ထဲက တပ်မတော်သားစစ်စစ်တွေနဲ့ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူ့ဘက်ကို မျက်နှာမူပြီး၊ အကြမ်းဖက် စစ်ကောင်စီကို ငြင်းဆန်ဖို့ ကြိုးစားပါလို့ ကျွန်တော့်အနေနဲ့ လေးနက်စွာ မေတ္တာရပ်ခံလိုပါတယ်။ စစ်အာဏာရှင်စနစ်တစ်ခုလုံး အမြစ်ပြတ်ချုပ်ငြိမ်းနိုင်ဖို့အတွက် စစ်အာဏာရှင် ယန္တရားအောက်က တပ်မတော်သားတွေနဲ့ အမှုထမ်း၊ အရာထမ်းတွေရဲ့ ဘက်ပြောင်းပါဝင်မှုဟာ အင်မတန် အရေးကြီးကြောင်း ထပ်မံပြီး ပြောကြားလိုပါတယ်။ ပြည်သူ့ဘက်ကို ရဲဝံ့စွာ ဘက်ပြောင်းရပ်ခံလာတဲ့ မြန်မာ့တပ်မတော်အတွင်းက တပ်မတော်သားတွေနဲ့ အမှုထမ်း၊ အရာထမ်း စစ်ဗိုလ်တွေကို ကျွန်တော်တို့ ပြည်သူလူထုတွေက အချိန်မရွေး၊ နေရာမရွေး ကြိုဆိုလက်ကမ်းနေမှာ ဖြစ်ကြောင်း အသိပေးပြောကြားချင်ပါတယ်။

လေးစားချစ်ခင်ရပါသော မိဘပြည်သူများ ခင်ဗျား

ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထုအပေါ် တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ တော်လှန်ရေးခရီး တည်ဆောက်ရေးခရီးကို ဆက်လက်လျှောက်လှမ်းနေပါတယ်။ ခက်ခဲ ကြမ်းတမ်းတဲ့ နွေဦးတော်လှန်ရေးခရီးဟာ နိုင်ငံရေးလောကဓံတွေ/ တော်လှန်ရေးလောကဓံတွေနဲ့ ဘယ်လိုပဲ ကြုံခဲ့သည်ဖြစ်စေ၊ ကျွန်တော်တို့ဟာ ပြည်သူ့ဘက်ကိုသာ မျက်နှာမူပြီး ဆက်လက် ချီတက်နေမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒါ့အပြင် လူထုက အပ်နှင်းတဲ့ တော်လှန်ရေးတာဝန် တွေကို ကျေပွန်နိုင်စေဖို့အတွက် ကျွန်တော်တို့ဟာ မိမိတို့ စွမ်းရည်ကို စဉ်ဆက်မပြတ် ဖြည့်တင်းနေပြီး၊ မိမိကိုယ်ကို ဝေဖန်သုံးသပ်ရေးတွေကိုလည်း ဆက်လက် လုပ်ဆောင်နေကြောင်း အသိပေး တင်ပြ ချင်ပါတယ်။ အဲသည့်လို ခေတ်ဝန်ကို ထမ်းတဲ့ နေရာမှာ ကျွန်တော်တို့ မတတ်နိုင်သေးတာတွေရော၊ ကျွန်တော်တို့ တတ်စွမ်းနိုင်တာခဲ့တာတွေရော ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာလည်း အားသာချက်နဲ့ အားနည်းချက်တွေ ဒွန်တွဲပြီး ရှိနေကြပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားနေပြီး၊ အားသာချက်တွေကို များသထက် များပြားအောင် ကြိုးစားနေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အစိုးရအနေနဲ့ လူထုရဲ့ အကြံပေး – လမ်းညွှန်မှုတွေကို အစဉ်တစိုက် ခံယူပြီး တော်လှန်ရေးခရီးကို ရှေ့ဆက်နေကြောင်း အသိပေးတင်ပြချင်ပါတယ်။

လူထုရဲ့ အကြံပြုချက်တွေနဲ့ လူထုရဲ့ အမြင်သဘောထားတွေကို ကျွန်တော်တို့အနေနဲ့ အထူး အလေးထားပြီး၊ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ထပ်လောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူထုတော်လှန် ရေးခရီး အောင်မြင်ပေါက်မြောက်ဖို့ကလွဲပြီး၊ တခြားသော ဦးစားပေး လုပ်ငန်းစဉ် မရှိကြောင်း သိစေချင်ပါတယ်။ လူထုတော်လှန်ရေး ခရီးပန်းတိုင် ရောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရကို လူထုက ခြေနင်းတုံးအဖြစ် အသုံးပြုပြီး ခုန်တက်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ အစိုးရအနေနဲ့ အမြဲ အဆင်သင့် ရှိနေကြောင်း ပြတ်ပြတ်သားသား ပြောလိုပါတယ်။

လေးစားချစ်ခင်ရပါသော မိဘပြည်သူများ ခင်ဗျား

ကျွန်တော်အပါအဝင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရတစ်ခုလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် အပြည့်အဝ ယုံကြည်ချက်တွေ ရှိထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားပေါင်းစု တန်းတူအခွင့်အရေး ရရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက်လည်း မျှော်လင့်ချက် အပြည့်အဝ ရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းမှာ လက်နက်နဲ့ ဖိနှိပ်ရမ်းကားမှုတွေ ကင်းစင် ပ,ပျောက်သွားရမယ်ဆိုတဲ့ ယုံကြည်မှုအပါအဝင် ဘယ်သို့သော ခွဲခြားဆက်ဆံမှုတွေမှ အမြစ်တွယ်မလာစေရဘူးဆိုတဲ့ ခံယူချက်လည်း ရှိပါတယ်။ ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ လက်နက်နဲ့ ဖိနှိပ်ရမ်းကား တာကို လက်မခံသလို၊ လူအုပ်အားကိုးနဲ့ ဖိနှိပ်ရမ်းကားတာကိုလည်း လက်မခံပါဘူး။ လူထုဟာ အဖိနှိပ်ခံဘဝကနေ လုံးဝ လွတ်မြောက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လူထုရဲ့ စိတ်မှာ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ မရှိဖို့ လိုအပ်ပါတယ်။ လူထုရဲ့ စိတ်လုံခြုံမှုကို ကျွန်တော်တို့ဟာ အာမခံချက်ရှိရှိ ပေးစွမ်းနိုင်ရမယ်လို့ ကျွန်တော် ခံယူပါတယ်။ ဒါ့အပြင် လူထုဟာ သိမ်ငယ်စိတ်တွေကနေ ကင်းဝေးဖို့၊ ကြောက်ရွံ့မှုကနေ လွတ်မြောက်ဖို့၊ အားငယ်စိတ်တွေ ကင်းပျောက်ဖို့အတွက် ကျွန်တော်တို့ အားလုံးမှာ တာဝန် အပြည့်ရှိပါတယ်။ အဲသည့်အတွက် ကျွန်တော်တို့ဟာ တော်လှန်ရေးခရီးရှည်ကြီးကို ဆက်လက် လျှောက်လှမ်းဖို့ ပြည့်ဝသော စိတ်နေသဘောထားနဲ့ ရင့်ကျက်သော တွေးခေါ်မြော်မြင်မှုတွေကို ဆက်လက် ဖြည့်တင်းနေမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

 

PDF ဖိုင် ရယူရန် (ဗမာဘာသာ)

PDF ဖိုင် ရယူရန် (အင်္ဂလိပ်ဘာသာ)

my_MMMyanmar