နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီလိုပါသလား

ပြည်သူ့ခုခံတော်လှန်စစ် (၃) နှစ်ပြည့်

❝ခုခံတွန်းလှန်စစ် (၃) နှစ်ပြည့် လူထုထံသို့ အမှာစကား❞
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်

ဒီကနေ့ဟာ ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာတာ (၃) နှစ်တိတိ ပြည့်မြောက်တဲ့နေ့ ဖြစ်ပါ တယ်။ ခုခံ တွန်းလှန်စစ်အတွင်းမှာ မိမိတို့ရဲ့ အသက်နဲ့ ခန္ဓာကို တိုင်းပြည်နဲ့ လူထုအတွက် ပေးဆပ် မြှုပ်နှံခဲ့တဲ့ သူရဲကောင်း၊ အာဇာနည်အပေါင်းကို ကျွန်ုပ် အလေးအမြတ်ပြု ဦးညွှတ်ပါတယ်။

ယခု နွေဦးတော်လှန်ရေးအတွင်းက ခုခံတော်လှန်စစ်ဟာ အတိတ်က ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး သမိုင်းတို့ထက် ပိုမိုကျယ်ပြန့်တဲ့၊ ဘက်ပေါင်းစုံ အလွှာပေါင်းစုံက ပါဝင်တဲ့ လူထုတော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲနေခြင်းဖြစ်တယ်။ ပြည်သူလူထုတရပ်လုံးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် ခုခံတော်လှန်စစ်အတွင်းမှာ လှည်းနေလှေအောင်း မြင်းဇောင်း မကျန် တော်လှန်တိုက်ပွဲဝင်ပြီး နိုင်ငံသစ်သမိုင်းကို ရေးထွင်းနေခြင်းဖြစ်တယ်။

အနာဂတ် သမိုင်းသစ်ကို ရေးထွင်းတဲ့နေရာမှာ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းသာယာပြီး လွတ်လပ် သော လူ့ဘောင်သစ်ကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးနဲ့အတူ အုတ်မြစ်တည် နေခြင်း ဖြစ်တယ်။

ခုခံတော်လှန်စစ် ကြေညာတဲ့ (၃) နှစ်တာကာလ ပြည့်မြောက်တဲ့ အချိန်ကာလမှာ ခုခံတော်လှန်စစ် မှသည် မဟာဗျူဟာမြောက် စစ်ရေးထိုးစစ်သို့ အသွင်ကူးပြောင်းလာနိုင်ပြီဖြစ်တယ်။ နိုင်ငံ့ရဲ့ နယ်နိမိတ်အတွင်းမှာရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီးကလည်း မိမိတို့ နယ်ပယ်ဒေသတွေမှာ လွတ်မြောက်ဒေသနဲ့ ထိန်းချုပ်နယ်မြေတွေကို ဖော်ဆောင်နိုင်ရုံမျှမက တိုင်းရင်းသားအင်အားစု အချင်းချင်း ပူးပေါင်းတည်ဆောက်ထားတဲ့ စစ်ရေးမဟာမိတ် တပ်ပေါင်းစု တိုက်ပွဲတွေကိုလည်း ကျယ်ပြန့်စွာ ဖော်ဆောင်ထားနိုင်ပြီး ဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ စစ်ရေးယန္တရားကို အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကို အဆက်မပြတ် လုပ်ဆောင်လာတာ တွေ့ရတယ်။ ခုခံတော်လှန်စစ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဟာ မြေပြင် ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိ ပြိုကျနေတာဟာ အထင်အရှား ဖြစ်တယ်။ ဒါ့ကြောင့်လည်း အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လေကြောင်းအင်အားကို အဓိကထားပြီး အကြမ်းဖက် စစ်ကောင်စီဟာ ၎င်းတို့ရဲ့အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်း ဖြစ်တယ်။

စစ်ကောင်စီဟာ လူထုရဲ့ အသက်နဲ့ ခန္ဓာကို စတေးပြီး ၎င်းတို့ရဲ့ အာဏာ အဆောက်အအုံကို မြဲမြံ စေရေးအတွက် အသုံးချနေတာကို တွေ့ရတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ စစ်ရေးယန္တရား၊ စစ်ဗျူရိုကရေစီယန္တရားနဲ့ စစ်အာဏာရှင်တို့ရဲ့ လက်ဝေခံ အသိုင်းအဝိုင်းဟာ အကြမ်းဖက်စစ်ကောင်စီကို သက်ဆိုးရှည်အောင်၊ အသက်ရှုပေါက်ချောင် အောင် ဆက်လက် ပံ့ပိုးပေးနေကြတယ်။

တရားသော ခုခံတော်လှန်စစ်ဟာ အဆုံးသတ်မှာ မုချ အနိုင်ရရှိလိမ့်မယ်လို့ ကျွန်ုပ် ယုံကြည် တယ်။ အဆုံးသတ်အချိန်မှာ လူထုတရပ်လုံးရဲ့ အထွေထွေ အောင်ပွဲအရပ်ရပ်ဟာ ပြည်သူလူထု အားလုံးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာဖြစ်တယ်။ လက်ရှိ ခုခံတော်လှန်စစ် လှိုင်းလုံး တွေဟာ တရိပ်ရိပ်နဲ့ စစ်အာဏာရှင်ယန္တရား အသီးသီးကို တိုက်စားဖြိုဖျက်ပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ နိဂုံးအတွက် ပုဒ်မ (။) ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ အပြောမဟုတ်ဘဲ ခုခံတော်လှန် စစ် (၃) နှစ်တာကာလမှာ အလုပ်နဲ့ သက်သေပြပြီးဖြစ်တယ်။  ဆက်လက်ပြီးတော့လည်း ကာယကံ မြောက် ပေါ်ထွက်လာမယ့် လူထုအောင်ပွဲတွေကို ထပ်မံ ဖော်ထုတ်နိုင်ဖို့ ရှိနေတယ်။

ဒီနေရာမှာ အရေးတော်ပုံ တပ်သားတွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ “ပြည်သူ့ကာကွယ်ရေး” ဆိုတဲ့ အမည်နာမနဲ့ ကိုက်ညီအောင် မိမိတို့ရဲ့ တော်လှန်ရေး အနှစ်သာရ ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အထူးလိုအပ်တယ်။ တော်လှန်ရေးကျင့်ဝတ်နဲ့ တရားသောစစ်ရဲ့ ကျင့်ဝတ်တွေကို လေးစား လိုက်နာပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်ကို မိမိတို့ အသက်နဲ့ ထပ်တူ ကာကွယ်စောင့်ရှောက်ကြဖို့ ဖြစ်တယ်။ လူထုရဲ့ နှလုံးသည်းပွတ်ကို ပိုင်စိုးနိုင်သူ ဟာ တော်လှန်ရေးအောင်ပွဲရဲ့ ပဲ့ကိုင်ရှင် ဖြစ်နိုင်တယ်ဆိုတာ မမေ့အပ်ဘူး။

ခုခံတော်လှန်စစ်မှာ တော်လှန်ရေးခံယူချက်၊ တော်လှန်ရေးယုံကြည်ချက်ကို မြဲမြံစွာနဲ့ မိမိတို့ ကျရာ အခန်းကဏ္ဍကနေ အလွှာအသီးသီး၊ နယ်ပယ်အသီးသီးနဲ့ ကဏ္ဍအသီးသီးကနေ ပါဝင် ထမ်းရွက်နေကြတဲ့ တော်လှန်ရေးတပ်သားအပေါင်းကို လေးမြတ်စွာ ဦးညွှတ်ကြောင်း ပြောချင် တယ်။ မတူကွဲပြားမှုတွေကို အချင်းချင်းအကြား အသိအမှတ်ပြုပြီး ဘုံရန်သူကို အမြစ်ပြတ် အောင် တွန်းလှန်တိုက်ထုတ်ကြဖို့ ဖြစ်ပါတယ်။

စစ်အာဏာရှင်ရဲ့ အကျင့်စရိုက်တွေဟာ ခေတ်စနစ်ထဲမှာ အရိုးစွဲအောင် အမြစ်တွယ်နေတာ ဖြစ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေးအပြင် နာမ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်တဲ့ စနစ်အရ တော်လှန်ခြင်း၊ ဓလေ့အရ တော်လှန်ခြင်းနဲ့ အတွေးအခေါ်အရ တော်လှန်ခြင်းတွေအထိ ပါ ကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။

နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေး စစ်စစ်ဖြစ်တယ်။ ခုခံတော်လှန်စစ်ဟာ မြေပေါ် မြေအောက် နေရာအနှံ့ တတိုင်းပြည်လုံး အုံကြွတော်လှန်တဲ့ ခုခံတော်လှန်စစ်ဖြစ်တယ်။ ဒါ့အပြင် လူတန်းစားအစုံ၊ လူမျိုးပေါင်းစုံ၊ အင်အားစုပေါင်းစုံ မိမိတို့ နေရာဌာနအလျောက် တော်လှန်ကြတဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေးလှိုင်းကြီးဖြစ်တယ်။

လက်နက်ကိုင်လမ်းစဉ်အရသော်လည်းကောင်း၊ နိုင်ငံရေးလမ်းစဉ်အရသော်လည်းကောင်း၊ လူထု လမ်းစဉ်အရသော်လည်းကောင်း စစ်အာဏာရှင်စနစ်ကို အမြစ်လှန် တော်လှန်တဲ့ တော်လှန်ရေး ဒီရေမုန်တိုင်း ဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းတွေ အားလုံးကို အပြီးသတ် ရှင်းလင်းအောင်အထိ ဖြိုချ သန့်စင်ပစ်မှာဖြစ်တယ်။

ဒါ့ကြောင့် နွေဦးတော်လှန်ရေး ဘက်တော်သားအားလုံးဟာ ဘယ်သို့သော အခြေအနေမှာမဆို လူထုနဲ့ တသားတည်းရှိရေး၊ လူထုနဲ့အတူ ရှိရေးဟာ တော်လှန်ရေးရဲ့ အခြေခံအမူအကျင့်ဖြစ်ဖို့ အထူးလိုအပ်တယ်။

ပြည်သူလူထုနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေးအတွက် စစ်အာဏာရှင် စနစ်ရဲ့ အဆောက်အအုံဟောင်း အားလုံးကို အတူတကွ ရှင်းလင်းသုတ်သင်ဖို့ နောက်ဆုံးတကြိမ် အားစိုက် ရုန်းထကြပါစို့။

အရေးတော်ပုံ မုချ အောင်ရမည်။

 

PDF ဖိုင် ရယူရန် (ဗမာဘာသာ)

PDF ဖိုင် ရယူရန် (အင်္ဂလိပ်ဘာသာ)

my_MMMyanmar