နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီလိုပါသလား

(၇၈) နှစ်မြောက် အာဇာနည်နေ့

(၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၅ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့

ယနေ့ကျရောက်တဲ့ (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့် လွတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနဲ့ လူထုကိုယ်စားလှယ်များ၊ သက်ဆိုင်ရာလူမျိုးစုဒေသ အသီးသီးမှ လူမျိုးစုခေါင်းဆောင်များကို ပဏာမဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သချင်ပါတယ်။

အာဇာနည်နေ့ အခမ်းအနားရဲ့ အစဉ်အလာကို နှစ်စဉ်နှစ်တိုင်း ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် ကျင်းပနိုင်တဲ့အတွက်လည်း ယနေ့ အခမ်းအနားကျင်းပရေးကော်မတီကို အထူး လေးစားပါကြောင်း ပြောကြားလိုပါတယ်။

ဒီနေ့ အာဇာနည်နေ့ အခမ်းအနားမှာ ကျွန်တော့်အနေနဲ့ “အာဇာနည်” ဆိုတဲ့ အနှစ်သာရအကြောင်း ပြောကြားလိုပါတယ်။ အာဇာနည်ဆိုတဲ့ ပညတ်ချက်ဟာ သာမန် သေးဖွဲတဲ့ပညတ်ချက် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံး သတိတရရှိဖို့ လိုပါတယ်။ အာဇာနည်ဆိုတဲ့ အနက်အဓိပ္ပါယ်ဟာ မိမိတိုင်းပြည်နဲ့ မိမိလူထုအတွက် မိမိရဲ့ အသက်နဲ့ခန္ဓာကို စွန့်လွှတ်ပြီး တာဝန်ယူလုပ်ဆောင်တဲ့သူလို့ အဓိပ္ပါယ်ရပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့၊ ရန်ကုန်မြို့ အတွင်းဝန်များရုံးမှာ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်မှုခံရခြင်းကို အကြောင်းပြုပြီး ကျွန်တော်တို့နိုင်ငံမှာ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအသိအမှတ်ပြု အောက်မေ့ဖွယ်နေ့ရက်ဟာ နိုင်ငံရေးသမိုင်းဖြတ်သန်းမှု တလျှောက်လုံးမှာ ထည့်ဝင်ခဲ့တဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု အားလုံးကို ကိုယ်စားပြုတဲ့ ပုံရိပ်အဖြစ် ရောက်ရှိလာပြီလို့ ပြောနိုင်ပါတယ်။ အာဇာနည်နေ့ဆိုတာဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက်ဆိုရင် လူပုဂ္ဂိုလ် (၉) ဦးဆိုတာထက် ပိုလွန်တဲ့ အနက်သဘောကို ဆောင်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ ဒီနေ့ကျရောက်တဲ့ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ခေတ်အဆက်ဆက်တိုင်း တိုင်းပြည်နဲ့ လူထုအတွက် မိမိတို့ အသက်နဲ့ ခန္ဓာကို အပ်နှင်းမြှုပ်နှံခဲ့တဲ့ အာဇာနည်အပေါင်းကို တလုံးတဝတည်း အလေးအမြတ်ပြု၊ ဦးညွှတ်ကြဖို့ လေးနက်စွာ တိုက်တွန်းချင်ပါတယ်။

တကယ်တော့ ကျွန်တော်တို့နိုင်ငံဟာ ဖိနှိပ်ခြင်းနဲ့ ညှဥ်းဆဲခြင်း ဘေးဒုက္ခကနေ ပြည်သူလူထုက မလွတ်မြောက်နိုင်သေးပါဘူး။ ပြည်သူတရပ်လုံးရဲ့ လွတ်လပ်ခွင့်အတွက်၊ လူ့အဖွဲ့အစည်းတခုလုံးရဲ့ တရားမျှတမှုအတွက် ကျွန်တော်တို့အားလုံးဟာ ဆက်လက် တိုက်ပွဲဝင်ကြရဦးမှာဖြစ်ပါတယ်။ လက်နက်ကို အာဏာစက်သဖွယ် ကျင့်သုံးတဲ့ စစ်အာဏာရှင်စနစ် အမြစ်တွယ်နေသရွေ့ တိုင်းပြည်နဲ့ လူထုဟာ ဖိနှိပ်ခံရခြင်း ဘေးဒုက္ခကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ အတိအကျ ပြောနိုင်ပါတယ်။ အခုဆိုရင် စစ်အာဏာရှင်စနစ်ရဲ့ လက်အောက်ကနေ ပြည်သူတရပ်လုံး လွတ်မြောက်နိုင်ဖို့အတွက် အသက်နဲ့ ခန္ဓာကို ရင်းနှီးမြှုပ်နှံပြီး ပေးဆပ်ခဲ့တဲ့ နွေဦးတော်လှန်ရေး အာဇာနည်တွေ အမြောက်အမြား ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၂ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကျောင်းသားလူငယ်တွေနဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံမှာ အသက်နဲ့ ခန္ဓာကို အပ်နှံခဲ့တဲ့ သူရဲကောင်းတွေလည်း ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းမှာ အထင်အရှား ရှိနေခဲ့ပြီးဖြစ်ပါတယ်။ ခေတ်အဆက် ဆက်မှာ မတရားမှုကို ဖီဆန်တဲ့ အာဇာနည်တွေ၊ လက်နက်နဲ့ ဖိနှိပ်ခြင်းကို အာခံတဲ့ အာဇာနည်တွေ၊ အမြောက်အမြား ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူ့လွတ်လပ်ခွင့်ကို ဒီလို အာဇာနည်တွေရဲ့ အသက်သွေးတွေနဲ့ ရင်းနှီးပေးဆပ်ပြီး တည်ဆောက်ယူထားကြရတာ ဖြစ်ပါတယ်။ အခုလည်း နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို အာဇာနည်တွေရဲ့ အသက်သွေးတွေနဲ့ ရင်းနှီးပြီး ထပ်မံ တိုက်ပွဲဝင်နေတာ တွေ့ရပါတယ်။

ကျွန်တော်တို့အနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ ရင်းနှီးပေးဆပ်မှုကို ပေါ့သေးသေး မတွက်ဆမိဖို့ အထူး အရေးကြီးကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ မူလလုပ်ငန်းစဉ်ဖြစ်တဲ့ စစ်အာဏာရှင်ယန္တရား ဖြိုချရေးကို “တို့ကနန်း ဆိတ်ကနန်း မလုပ်မိကြဖို့ပဲ” ဖြစ်ပါတယ်။ ဒီတော်လှန်ရေးဟာ အရင်းအနှီးကြီးပါတယ်။ ဒါ့အပြင် မျိုးဆက်သစ်လူငယ်တွေနဲ့ ယုံကြည်ချက်ပြင်းထန်တဲ့ လူပုဂ္ဂိုလ်တွေရဲ့ အသက်နဲ့ ဘဝတွေကို မတွန့်မဆုတ် ပေးအပ်ထားတဲ့ လူထုတော်လှန်ရေးဖြစ်ပါတယ်။ သတ္တိအရာမှာ ပြောင်မြောက်တဲ့သူတွေ လျှောက်လှမ်းကြတဲ့ ပြည်သူ့တော်လှန်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့မျိုးဆက်က ခေါင်းဆောင်တွေ၊ အာဇာနည်ပုဂ္ဂိုလ်တွေဟာ အလုပ်နဲ့ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့မျိုးဆက်လည်း အလုပ်နဲ့ သက်သေပြကြဖို့ ကြိုးစားနေကြတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အာဇာနည်တွေရဲ့ စိတ်ဓာတ်နဲ့ သတ္တိကို အလေးအနက် ဦးညွှတ်ပြီး အာဇာနည်တွေရဲ့ ပေးဆပ်မှုတွေကို “အလဟဿ မဖြစ်အောင်” ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။

နွေဦးတော်လှန်ရေးဟာ သွေးကြောင်နေသူတွေအတွက် လျှောက်လမ်းမဟုတ်သလို စွန့်လွှတ်အနစ်နာခံဖို့ တွန့်ဆုတ်နေသူတွေအတွက် သမိုင်းကမ္ဗည်းလည်း ထိုးခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့  နွေဦးတော်လှန်ရေးရဲ့ အဓိက လုပ်ငန်းစဉ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးအတွက် အသက်နဲ့ ဘဝကို အပ်နှံပြီး တာဝန်ယူ လျှောက်လှမ်းရဲတဲ့ အာဇာနည်စိတ်ဓာတ်ကို ဦးညွှတ်ပြီး အဆုံးသတ်တိုက်ပွဲအထိ ရောက်ရှိအောင် လက်တွေ့ လုပ်ဆောင်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

အရေးတော်ပုံ မုချအောင်ရမည် …

 

my_MMMyanmar