နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီလိုပါသလား

နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

ယနေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)မှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စား လှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကယန်းပြည်သစ်ပါတီနှင့် မွန်ပြည်သစ်ပါတီ တို့မှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း ပထမဦးဆုံး ဆုတောင်းမေတ္တာပို့အပ်ပါတယ်။
ယနေ့ ဒီအခမ်းအနားကို ကျွန်တော်တို့ ပြုလုပ်နေကြပေမဲ့ ရာဂီမုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံအနှံ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် ဒေသအသီးသီးတွင် ရေဘေးဒုက္ခကို ကျနော်တို့ ပြည်သူများဟာ ဆိုးရွားစွာ ရင်ဆိုင်နေကြရတာ စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်များရဲ့ အာဏာလောဘ စိတ်များကြောင့် တိုင်းရင်းသားပြည်သူများဟာ စစ်ဘေးဒဏ်၊ သဘာဝေဘေး ဒဏ်ကို အခြားနိုင်ငံများထက် ပိုပြီး ဆိုးရွားစွာ ရင်ဆိုင်နေတာဖြစ်ပါတယ်။ မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ဖို့ထက် အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်ဖို့တာ ဦးတည် တာဆူနေတာ တွေ့မြင်ရပါတယ်။ မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ လူစိတ် ကင်းမဲ့ပြီး အာဏာလောဘ စိတ်မွန်းနေသူမို့ သူ့အာဏာတည်မြဲရေးကိုသာ အလေးထားပြီး ပြည်သူများရဲ့ ဒုက္ခ ဝေဒနာများကို စာနာစိတ်ရှိသူမဟုတ်ပါ။

“နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနား” ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကနေ ကြီးမှူးကျင်းပတဲ့အတွက် ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ကြောင်း ပဏာမဦးစွာ ပြောကြားချင်ပါတယ်။ ဒါက ဆက်စပ်မှုလည်း ရှိတယ်၊ အနှစ်သာရလည်း ရှိတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာ ဒီမိုကရေစီအနှစ်သာရထဲကနေ ပေါ်ထွက်လာတဲ့ ပြည်ထောင်စုမဏ္ဍိုင် တစ်ခုဖြစ်တာကြောင့်လို့ ပြောလို့ ရပါတယ်။

ဒီမိုကရေစီ ရွေးကောက်ပွဲ မရှိရင်၊ လူထုကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့ ပြည်ထောင်စုမဏ္ဍိုင်တွေဆိုတာ ပေါ်ထွက်လာဖို့ မလွယ်ပါဘူး။ အဲသည့်လိုပဲ၊ စစ်အာဏာရှင်စနစ် အသက်ဝင်နေသမျှ ကာလပတ်လုံး လူထုရဲ့ ကိုယ်စားပြုမှုနဲ့ လူထုရဲ့ သဘောထားအမြင်တွေဟာ တိမ်သလာဖုံးသလို၊ မျက်ကွယ်ပြုခြင်း ခံရအုံးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီအနှစ်သာရထဲကနေ၊ ဒီမိုကရေစီတန်ဖိုးတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးဆောင်ခံစားခွင့် ရှိရေးကို တညီတညွတ်တည်း ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ လူထု့အတွက် ဖြစ်တယ်၊ လူထုကနေ ကိုယ်စားပြုပြီး အာဏာမဏ္ဍိုင်ကို ထူထောင်ရတာ ဖြစ်တယ်။ လူထုအကျိုးစီးပွားကို ပန်းတိုင်ကဲ့သို့ ရည်မှန်းပြီးတော့ လျှောက်လှမ်းရတဲ့ လမ်းစဉ်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း government of the people / for the people / by the people လို့ ထိထိမိမိ ပြောကြတာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအစိုးရဖြစ်တာနဲ့အညီ တစ်ဖက်မှာလည်း ပျောက်ဆုံးသွားတဲ့ ဒီမိုကရေစီအနှစ်သာရတွေကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ဖြစ်ပေါ်လာရတဲ့ အစိုးရ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပြည်သူလူထုကြားက ပေါ်ထွက်လာတဲ့ အစိုးရဖြစ်သလို၊ ပြည်သူလူထုအတွက် ဖြစ်တည်နေတဲ့အစိုးရ၊ ပြည်သူလူထု အကျိုးစီးပွားအတွက် ဖြစ်တည်နေတဲ့ အစိုးရအဖြစ် ခံယူပြီး လူထုက ပေးအပ်တဲ့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီကျင့်စဉ်တွေကို တော်လှန်ရေးအလွန်ကာလရောက်မှ ကျင့်သုံးရမယ်လို့ ကျွန်တော် မယူဆပါဘူး။ ဒီမိုကရေစီဆိုတာ ကျင့်သုံးရတာဖြစ်တာကြောင့်၊ ကျင့်သုံးနိုင်သလောက် ရရှိနိုင်တယ်လို့ ကျွန်တော် ခံယူပါတယ်။ ဒါပေမယ့် အခုအချိန်က တော်လှန်ရေးကာလဖြစ်တာကြောင့်၊ ဒီမိုကရေစီကို အပြည့်အဝ ကျင့်သုံးဖို့ အကန့်အသတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လူထုအကျိုးစီးပွားကို ဗဟိုပြုတဲ့ အနှစ်သာရကတော့ တော်လှန်ရေးကာလအတွင်းမှာရော၊ တော်လှန်ရေးအလွန်ကာလအတွင်းမှာပါ မြဲမြံနေရမယ့် ဒီမိုကရေစီအနှစ်သာရဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ကျွန်တော်တို့ဟာ ပြည်သူလူထုရဲ့ ဒီမိုကရေစီအခွင့်အရေးကို ပြည့်ပြည့်ဝဝ မရရှိအောင် ဟန့်တားနေတဲ့ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ချုပ်ငြိမ်းပ,ပျောက်အောင် အမြဲ ကြိုးစားနေရမှာ ဖြစ်ပါတယ်။ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးတွေဟာ အသက်အရွယ်အရ ကန့်သတ်ခံရတာမျိုး၊ လူမျိုးအရ ကန့်သတ်ခံရတာမျိုး၊ လူတန်းစားအရ ကန့်သတ်ခံရတာမျိုးတွေ မရှိအောင် အမြဲတမ်း ကြိုးစားနေရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီဘက်တော်သားတွေအဖြစ် ခံယူပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ကျွန်တော်တို့ ကိုယ်တိုင်က ဒီမိုကရေစီကျင့်ထုံးတွေကို လက်လွှတ်စပယ် ပစ်ပယ်တာမျိုး လုံးဝ လုပ်ဆောင်လို့ မရဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အသွေးအသားထဲမှာ ဒီမိုကရေစီအနှစ်သာရတွေက နက်ရှိုင်းစွာ စိမ့်ဝင်ကိန်းအောင်းနေမှသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ပြောချင်တာကတော့ ဒီမိုကရေစီရဲ့ အနှစ်သာရဟာ လွတ်လပ်မှုအပေါ်မှာ အခြေခံပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်တွေ အပါအဝင် လွတ်လပ်စွာ ယုံကြည် တွေးခေါ်ပိုင်ခွင့်တွေအထိပါ ကျယ်ပြန့်တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ လူထုရဲ့ လွတ်လပ်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးနဲ့ လူထုက ရထားတဲ့ လွတ်လပ်ခွင့်တွေ အာမခံချက်ရှိရေးကို အစဉ်တစိုက် ကြိုးစားနေဖို့ လိုပါတယ်။ ပြည်ထောင်စုသစ်ကို ဖော်ဆောင်ဖို့အတွက် ပြည်ထောင်စုမဏ္ဍိုင်အဖြစ် ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ အားလုံးဟာလည်း ဒီမိုကရေစီကျင့်စဉ်တွေနဲ့ ပတ်သက်ပြီး မိမိတို့ကိုယ်တိုင် ဘယ်လောက်အထိ စွဲမြဲစွာ ခံယူထားသလဲဆိုတာကိုလည်း လေးနက်စွာ မေးခွန်းထုတ်ကြဖို့ လိုပါတယ်။ လူထုထံကို လွတ်လပ်မှုတွေ ပြည့်ပြည့်ဝဝ ရရှိအောင် ကြိုးပမ်းနိုင်ဖို့အတွက် ဒီမိုကရေစီအတွက် တိုက်ပွဲနေကြတဲ့ လူထုဘက်တော်သားတွေဟာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး လေးနက်စွာ ခံယူကြဖို့ လိုတယ်လို့ ယူဆပါတယ်။

တဖက်မှာလည်း ဒီမိုကရေစီလွတ်လပ်ခွင့်တွေနဲ့အတူ လူမျိုးစုအားလုံးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးကို ယှဉ်တွဲ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဖက်ဒရယ်အနှစ်သာရတွေအပေါ်မှာ အခြေခံပါတယ်။ ဖက်ဒရယ်အနှစ်သာရနဲ့ ဒီမိုကရေစီအနှစ်သာရကို သိမ်မွေ့စွာ ပေါင်းဖက်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ခံယူပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ဖက်ဒရယ်အနှစ်သာရတွေနဲ့ ဒီမိုကရေစီအနှစ်သာရတွေ သိမ်မွေ့စွာ ပေါင်းဖက်နိုင်ရေး၊ ကျယ်ပြန့်စွာ ပေါင်းဖက်နိုင်ရေးနဲ့ နက်ရှိုင်းစွာ ပေါင်းဖက်နိုင်ရေးဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အပါအဝင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း အထူး တာဝန်ရှိ တယ်လို့ ခံယူပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေကို ကိုယ်စားပြုပြီး စုဖွဲ့ထားတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနဲ့လည်း ဒီတာဝန်ကို အမြော်အမြင် ရှိရှိ ထမ်းဆောင်ဖို့ အထူးလိုအပ်တယ်လို့ ယူဆပါတယ်။

နိဂုံးချုပ်အားဖြင့် ပြောကြားချင်တာကတော့ လက်ရှိ တည်ဆဲအခြေအနေမှာ၊ စစ်အာဏာရှင်စနစ်ဟာ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ ဒီမိုကရေစီလွတ်လပ်ခွင့်တွေကို အကြီးကျယ်ဆုံး တားဆီး ဟန့်တားနေတဲ့ ရန်သူ ဖြစ်တယ်။ ဒါ့ကြောင့် လူထုဒီမိုကရေစီအပြည့်အဝ ရရှိရေးကို လုပ်ဆောင်တဲ့နေရာမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဟာ ပထမဦးစားပေးအနေနဲ့ ကျွန်တော်တို့အားလုံး လုပ်ဆောင်နေကြရတာ ဖြစ်တယ်။ ဒီပထမဦးစားပေးတာဝန်ဟာ လူထုအကျိုးစီးပွားကို အကျယ်ပြန့်ဆုံးဖော်ဆောင်နိုင်ဖို့အတွက် ပထမဆုံး လမ်းစဉ်ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ လူထုဒီမိုကရေစီအပြည့်အဝ ရရှိရေးကို အစဉ်တစိုက် ကြိုးစားအားထုတ်ပြီး ဒီမိုကရေစီ အနှစ်အသားတွေကို လေးနက်စွာ ယုံကြည်ခံယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

အရေးတော်ပုံမုချအောင်ရမည်။
ဒူဝါလရှီးလ
အမျိုးသားညီညွတ်ရေးအစိုးရ

my_MMMyanmar