နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီလိုပါသလား

အစိုးရအဖွဲ့အစည်းအဝေး ၂၇/၂၀၂၄

၂၀၂၄ ခုနှစ် အောက်တိုဘာ (၈) ရက်နေ့

  • မနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကို ကြားရတော့ ကျွန်တော့်အနေနဲ့ စိတ်ထဲအတော် စူးစူးနစ်နစ် ခံစားရပါတယ်။ ကျွန်တော့်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်ရော၊ နိုင်ငံနဲ့ ပြည်သူလူထုအတွက်ပါ တန်ဖိုးကြီးတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောချင်ပါတယ်။ မနေ့က  ဒီလို စိတ်မကောင်းစရာ သတင်းနဲ့ ဒီနေ့ အစိုးရအဖွဲ့အစည်းအဝေးက ရှေ့ဆင့် နောက်ဆင့်ဖြစ်လို့ အထူးတလည် ကြားဖြတ်ပြီး ဝမ်းနည်းကြောင်း စကားပြောရတာဖြစ်ပါတယ်။
  • ဒီနေ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာတော့ လက်ရှိ ကြုံနေရတဲ့ ပြည်သူလူထုရဲ့ ရေဘေးဒုက္ခနဲ့ပတ်သက်ပြီး ဝိုင်းဝန်းကူညီကြတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်အသီးသီးနဲ့ အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပြည်တွင်းမှာလည်း ပြည်သူမှ ပြည်သူသို့ ကူညီတဲ့ ကူညီကယ်ဆယ်ရေး လှုပ်ရှားမှု‌တွေကို အမြောက်အမြား တွေ့ရပါတယ်။
  • ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာရောက် မြန်မာအသိုင်းအဝိုင်းကလည်း လက်လှမ်းမှီသမျှ အဝေးကနေ ကူညီလုပ်ဆောင်တာတွေ ရှိလို့ ဝမ်းသာကြောင်း၊ ပီတိဖြစ်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ခေါင်းဆောင်တွေနဲ့ ဝန်ကြီးဌာနအသီးသီးက ရဲဘော်၊ ရဲဘက်တွေကလည်း ရေဘေးကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး ဝိုင်းဝန်း ချိတ်ဆက် လုပ်ဆောင်ပေးကြတာရှိလို့ အားလုံးကို တစ်ပါတည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
  • ကျွန်တော်တို့အားလုံး သိထားပြီးဖြစ်တဲ့အတိုင်း လက်ရှိ ပြည်တွင်းရေးကိစ္စအပေါ်မှာ ဒေသတွင်း နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုက ထင်ထားတာထက် ပိုပြီး ထဲထဲဝင်ဝင် ဖြစ်လာတာတွေ့ရတယ်။ ဒေသတွင်းနိုင်ငံတွေဟာ လောလောဆယ်အားဖြင့် ပြည်တွင်းက လတ်တလောဖြစ်ရပ်တွေကို ကြည့်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ရနိုင်သလောက် ထိန်းဖို့ ကြိုးစားတယ်လို့ ကျွန်တော် မြင်ပါတယ်။ တကယ်တော့ လက်ရှိ ဖြစ်ရပ်တွေဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်ပြီး ပံ့ပိုးလာတဲ့ စစ်အာဏာရှင် စရိုက်တွေရဲ့ စုပြုံအကျိုးပေးမှုကြောင့် ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
  • အတိတ်က အမြစ်စွဲနေတဲ့ စနစ်ဆိုး၊ စရိုက်ဆိုးကြောင့် ဖြစ်တဲ့ အခြေအနေတွေကို ကုစားရာမှာ နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ ကျွန်တော်တို့ ပြောဖို့လိုပါတယ်။ ဒေသတွင်းနိုင်ငံတွေကို ဒီသတင်းမက်ဆေ့ချ်ကို ရောက်အောင် ပို့နိုင်ဖို့ လိုပါတယ်။ အခု ဒေသတွင်းနိုင်ငံတွေရဲ့ တုံ့ပြန်ချက်တွေဟာ ရေတိုသဘောထက် ရေရှည်သဘောကို သွားနိုင်ဖို့ လိုပါတယ်။
  • နောက်တစ်ခုကတော့ ဒေသတွင်းနိုင်ငံတွေထဲက အထူးသဖြင့် စစ်ကောင်စီက လုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အနည်းငယ် ပြောချင် ပါတယ်။ တကယ်တော့ ကျွန်တော်တို့ အားလုံးက ဒီမိုကရေစီအခြေခံစံတန်ဖိုးတွေကို လေးလေးနက်နက် ယုံကြည်ကြတာ ဖြစ်တာကြောင့်၊ ဒီမိုကရေစီရွေးကောက်ပွဲဆိုတာကို မူအားဖြင့် ခိုင်ခိုင်မာမာ ယုံကြည်လက်ခံ ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခု စစ်ကောင်စီက လုပ်ဆောင်မယ့် ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီ ကျင့်ထုံးနဲ့ ဒီမိုကရေစီမူတွေကို အခြေတည်ပြီး လုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။
  • စစ်အာဏာသိမ်းမှုကို တရားဝင်အာဏာအဖြစ် အသွင်ပြောင်းဖို့အတွက် ရွေးကောက်ပွဲကို လက်နက်တစ်ခုလို အသုံးချတဲ့ ကိစ္စသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးက အတုအယောင်ရွေးကောက်ပွဲလို့ နာမည်တပ်ရတာဖြစ်ပါတယ်။ နိုင်ငံတကာလေ့လာဆန်းစစ်ချက် တွေမှာလည်း ဒီလို ဖြစ်စဉ်တွေ အမြောက်အမြား ရှိခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ အာဏာရှင်တွေဟာ ရွေးကောက်ပွဲကို အသုံးချပြီး သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် တရားဝင်ဖြစ်မှု ဆိုတာကို တည်ဆောက်တာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရေစီ “မည်ကာမတ္တ” လို့ ပြောရလောက်မယ့် “ရွေးကောက်ပွဲဒီမိုကရေစီ” လောက်နဲ့ လူထုကို ရောင့်ရဲတင်းတိမ်ခိုင်းတာတွေ့ရပါတယ်။
  • ကျွန်တော်တို့ဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကို ရောက်အောင်သွားဖို့ လိုတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကနေ စပွန်ဆာလုပ်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ အာဏာရှင်စနစ်ကိုပဲ သက်ဆိုးရှည်အောင် အထောက်အပံ့ ပေးတာတွေ့ရပါတယ်။
  • ဒါဟာ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူလူထုကို အဆိုးကျော့သံသရာထဲကနေ ရုန်းမထွက်နိုင်အောင် “ဘိန်းမှိန်း” မှိန်းခိုင်းတာလို့ပဲ ကျွန်တော် မြင်ပါတယ်။ ဒါဟာ လက်တွေ့ကျတဲ့ အဖြေကုထုံး မဟုတ်သလို၊ အနာဂတ် လူ့အဖွဲ့အစည်းအတွက်လည်း မျှော်လင့်ချက်သစ် မဖြစ်နိုင်ပါဘူး။ ဒါကို ကျွန်တော်တို့ တတွေ လေးလေးနက်နက် တွေးခေါ်စဉ်းစားပြီး အနာဂတ် လူ့အဖွဲ့အစည်းအတွက် အမြော်အမြင်ရှိရှိ တုံ့ပြန် လုပ်ဆောင်ဖို့ အင်မတန် အရေးကြီးပါတယ်။
  • ဖြစ်ရပ်တိုင်း လုပ်ရပ်တိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းရင်း နောက်ခံတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ ခြေခြေမြစ်မြစ်နားလည်အောင် ကြိုးစားဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ “အကြောင်း – အကျိုး ဆက်စပ်မှု” ဆိုတာကို အမြဲ ပြောလေ့ရှိပါတယ်။ ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးအတွင်းမှာ အကျိုးရလဒ်ကောင်းတွေ ပေါ်ပေါက်အောင်၊ အကြောင်းကောင်းတွေ အများကြီး ဖန်တီး တည်ဆောက်ရမယ်လို့ ယုံကြည်ပါတယ်။

    အရေးတော်ပုံ မုချ အောင်ရမည်။

my_MMMyanmar