ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ
Ordinance 1/2021
၁၃၈၃ ခု တန်ဆောင်မုန်းလပြည့်ကျော် (၁၂) ရက်၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။
၁။ ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုအပေါ် လက်နက်ဖြင့် ဥပဒေမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း၊ အကြမ်းဖက်နှိမ်နင်းခြင်းများ ဆောင်ရွက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေါ် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ (“ အကြမ်းဖက်စစ်ကောင်စီ” ဟု ညွှန်းမည်) အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက (၁-၃- ၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
၂။ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် အမိန့်နာခံ ဆောင်ရွက်နေသော မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဝန်ထမ်းအကြီးအကဲနှင့် ဝန်ထမ်းများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အခန်း (၁၂) ပါ ပုဒ်မ ၄၁၊ ၄၂၊ ၄၄ တို့နှင့် ငြိစွန်းနေကြောင်း ထင်ရှားပါသည်။
၃။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွန်ကြားရေးမှူးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဇွန်လ (၁၀) ရက်တွင် အမိန့်ပေး ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများနှင့် ညိစွန်းနေကြောင်း ထင်ရှားခြင်းတို့ကြောင့် ၎င်း၏ ရာထူးတာဝန်မှ ရပ်စဲကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက (၁၄-၇-၂၀၂၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၁) ဖြင့် ထုတ်ပယ်ခဲ့ခြင်းကို ထပ်မံ အတည်ပြုသည်။
၄။ သို့ဖြစ်၍ နိုင်ငံတော်၏ကိုယ်စား ချုပ်ဆိုခဲ့သော ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် စာချုပ်များတွင်ပါရှိသော ဦးဆောင်ညွန်ကြားရေးမှူး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ နိုင်ငံတော်အပေါ် ကိုယ်စားပြုမှုကို ဤဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ ရုပ်သိမ်းလိုက်သည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရသည် တရားဝင်အစိုးရအဆက်ဆက်၏ သဘောတူညီချက်များကို လေးစား လိုက်နာ ထိန်းသိမ်းသွားမည်ဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနှင့် ၎င်းက တာဝန်ပေးအပ်သူအား နိုင်ငံတော်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စပ်ဆိုင်သည့် စာချုပ်စာတမ်းများ ချုပ်ဆို တာဝန်ယူရန် တာဝန်ပေးအပ်လိုက်သည်။
၆။ ဥပဒေကဲ့သို့ အာဏာတည်သော ဤအမိန့်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့မှစ၍ အာဏာတည်ရမည်။
Duwa Lashi La
Acting President
National Unity Government
Republic of the Union of Myanmar