ကျွန်တော်ချစ်ခင်လေးစားရပါသော ကမ္ဘာအရပ်ရပ်ရှိ မြန်မာပြည်သူပြည်သားအပေါင်းတို့ခင်ဗျား-
အမေရိကန်ပြည်ထောင်စု၊ ဥရောပတိုက်၊ ကနေဒါ၊ အာရှတိုက်နှင့် ဩစတြီးယားတိုက်များတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော ပြည်ထောင်စုမြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံးအပေါ် ၂၀၂၂ ခုနှစ် နှစ်သစ်တွင် ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်း ပြည့်ဝစွာ ခံစားကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
လွန်သွားပြီဖြစ်သည့် ၂၀၂၁ ခုနှစ်ဟာ အမိမြန်မာနိုင်ငံအတွက် ကံဆိုးမိုးမှောင်ကျသည့်နှစ်လို့ ဆိုရမှာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှစ၍ စစ်တပ်၏ ရက်စက်ကြမ်းကြုတ် စိုးမိုးမှုအောက်မှ ၁၉၈၈ ခုနှစ်တွင် လူထုတော်လှန်ရေးဖြင့် ပြောင်းလဲမှု စတင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။ သန်းရွှေ၊ ခင်ညွန့်တို့ ဦးဆောင်သည့် စစ်တပ်ဟာ အခြေအနေအမျိုးမျိုးကြောင့် စစ်တပ်၏ တင်းကြပ်စွာ ဆုပ်ကိုင်မှုကို ဖြေလျော့ကာ ၂၀၀၈ ခုနှစ်တွင် စစ်တပ်အာဏာ ဆုပ်ကိုင် ချယ်လှယ်နိုင်သည့် အခြေခံဉပဒေကို အတင်းအဓမ္မ အတည်ပြုခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ်တွင် သိန်းစိန်အစိုးရမှ ယူနီဖောင်းချွတ် အရပ်တပိုင်း၊ တပ်တပိုင်း အစိုးရဖြင့် အုပ်ချုပ်ခဲ့ရာမှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီမှ မဲအပြတ်အသတ် အနိုင်ရရှိပြီး၊ အရပ်သားအစိုးရအပြည့်အဝသို့ ပြောင်းလဲနိုင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ်တာခရီးတွင် အောင်မြင်သည့်အစိုးရတစ်ခုကို မထူထောင်နိုင်သေးသော်လည်း ပြည်သူအရပ်သားများအုပ်စိုးသည့် စံနစ်ကို ကျင့်သုံးနိုင်ပြီဖြစ်၍ အလွန် အားရကျေနပ်ခဲ့ကြရပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရွေးကောက်ပွဲတွင်လည်း NLD ကပင် မဲအပြတ်အသတ် အနိုင်ရခဲ့သဖြင့် ပြည်သူအုပ်စိုးသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို အခြေတည်ရန် အခွင့်အရေးပေါ်ခဲ့ပါတယ်။ ယင်းသို့သော အခြေအနေတွင် အာဏာရူး ကိုယ်ကျိုးရှာ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုမှ ပြည်သူ့အလိုကို ဆန့်ကျင်ပီး အာဏာသိမ်းလိုက်သဖြင့် မုန်တိုင်းသက်ရောက် မိုးမှောင်ကျသကဲ့သို့ ခံစားခဲ့ကြရပြန်ပါတယ်။
၂၀၂၀ နှစ်ဆန်းပိုင်းမှစ၍ Covid-19 ကမ္ဘာ့ကပ်ရောဂါ ကျရောက်သဖြင့် ပြည်သူအားလုံးမှ တခဲနက် ဝိုင်းဝန်း ရုန်းကန် တွန်းလှန်ခဲ့ကြရပါတယ်။ ပြည်သူပြည်သားအချို့ သေဆုံးခဲ့ပြီး အိမ်ထောင်တခုချင်း၏ စီးပွါးရေး၊ တိုင်းပြည်၏စီးပွါးရေး အထိုက်အလျောက် ကျဆင်းခဲ့ရပါတယ်။
ထိုသို့သောအခြေအနေမှ ၂၀၂၁ ခုနှစ်တွင် ဒီမိုကရေစီအုတ်မြစ် ခိုင်မာအောင် ချမှတ်ရေးနှင့် ရောဂါဘယကာကွယ်ရေး၊ ကျဆင်းနေသည့် စီးပွါးရေး နာလန်ထူဖို့ ဝိုင်းဝန်းကြိုးစားရမည့်အချိန် ဉီးနှောက်မရှိ၊ အာဏာရူး မင်းအောင်လှိုင်နှင့် စစ်အုပ်စု၏ ယုတ်မာရိုင်းစိုင်းမှုကြောင့် မျှော်လင့်ချက် ကင်းမဲ့ခဲ့ရပါတယ်။
အားလုံးကြားသိရပြီးဖြစ်သည့်အတိုင်း မင်းအောင်လှိုင်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီမှ ယခုအချိန်ထိ အပြစ်မဲ့ပြည်သူပြည်သား ၁,၃၆၀ ခန့်သေဆုံးပြီး လူပေါင်း ၁၁,၀၀၀ ကျော် ဖမ်းဆီးချုပ်နှောင်ခံနေရပြီး၊ ၄၀ ကျော် သေဒဏ်ချမှတ်ခံရပါတယ်။ ၎င်းအပြင် ရာပေါင်းများစွာ မိသားစုနှင့် ကွဲကွာ ထွက်ပြေး တိမ်းရှောင် ဒုက္ခအတိ ရောက်နေကြရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများတွင် ပြည်သူလူထုအား ရန်သူသဖွယ် စစ်ဆင်ရေးဆင်နွဲနေသဖြင့် –
- ကင်းမရွာတွင် အိမ်ခြေ (၁၈၀) ခန့် မီးတင်ရှို့ဖျက်ဆီးခြင်း၊
- ကနီတွင် အပြစ်မဲ့ရွာသား (၁၀) ဦးကို သတ်ဖြတ်ခြင်း၊
- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှ ရွာသား (၁၁) ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊
- မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာသား (၁၇) ဦးကို သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခြင်း၊
- ကလေးမြို့နယ် နန့်ချောင်းရွာတွင် ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီးခြင်း၊
- နိုဝင်ဘာလ (၁၈) မှ ဒီဇင်ဘာလ (၁၈) နေ့တွင် ချင်းပြည်နယ် ထန်တလန်မြို့အား အလီလီ မီးရှို့ဖျက်ဆီးခြင်း၊ ကလေးမိခင် (၂) ဦးကို ခင်ပွန်းရှေ့ မိုက်ရိုင်းစွာ မုဒိမ်းကျင့်ခြင်း၊
- ၂၄.၁၂.၂၀၂၁ နေ့တွင် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာတွင် အပြစ်မဲ့ရွာသား (၁၅) ဦးကို အရှင်လတ်လတ် သတ်ဖြတ်မီးရှို့ခြင်း
- ငြိမ်းချမ်းရေးမြို့ဖြစ်သည့် ကရင်ပြည်နယ် လေးကေကော်ရွာကို ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ဆင်တိုက်ခိုက်သဖြင့် ဒေသခံများ ဒဏ်ရာရ သေဆုံး၊ ထွက်ပြေးတိမ်းရှောင်ကြရခြင်း
- စစ်တပ်၏ ရန်မူတိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသူ သုံးသန်းကျော်ရှိနေပြီဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် အစားအစာမလုံလောက်သူ ၂၅ သန်းခန့် ရှိလာနိုင်ကြောင်း ကုလသမဂ္ဂ၊ စားနပ်ရိက္ခာအဖွဲ့အစည်းမှ ခန့်မှန်းထားပါတယ်။
ခြုံငုံပြောရလျှင် ၂၀၂၁ ခုနှစ်သည် မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့၏ ပရောဂကြောင့် တိုင်းပြည်ဟာ ပြောမပြတတ်လောက်အောင် ကြမ္မာဆိုး မွှေနှောက် ခံစားခဲ့ကြရပါတယ်။
အခုနှစ်သစ်တွင် ဒုက္ခဆင်းရဲအပေါင်းမှ ကင်းလွတ်ပီး စစ်အာဏာရှင်ချုပ်ငြိမ်းကာ ပြည်သူလူထုအုပ်စိုးသည့် တရားမျှတသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ကြမယ်လို့ အဓိဋ္ဌာန်ပြုပါတယ်။ ယင်းရည်မှန်းချက် ပြည့်မြောက်စေရန် ကမ္ဘာအရပ်ရပ်ရှိ ပြည်သူပြည်သားအားလုံးသည် NUG နှင့်လက်တွဲကာ မလျော့သောဇွဲဖြင့် ဆက်လက် ကြိုးပမ်းကြဖို့လိုပါတယ်။
- အာဏာရှင်အုပ်စုကို တော်လှန်နိုင်အောင် မိမိတို့တတ်သိထားသော ပညာဗဟုသုတများကို တော်လှန်ရေးအတွက် ပံ့ပိုးကြဖို့လိုပါတယ်။
- တော်လှန်ရေးအတွက်လိုအပ်သည့် အထောက်အကူပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ငွေကြေးများကို တတ်အားသ၍ ဆက်လက်ပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
- ကုလသမဂ္ဂနှင့်တကွ ကမ္ဘာနိုင်ငံအသီးသီးကိုလည်း မင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်ကောင်စီများအား အသိအမှတ်မပြုရေး၊ ၎င်းတို့အားထောက်ပံ့သည့် ဝင်ငွေလမ်းကြောင်း အားလုံးကို ဖြတ်တောက်ရေးအတွက် ကူညီကြဖို့ တောင်းဆိုလိုပါတယ်။
- ၎င်းအပြင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြုတ်ရေးအတွက် ကြိုးပမ်းနေသော မြန်မာပြည်သူ/သားများနှင့်အတူ လက်တွဲသွားကြဖို့လည်း တောင်းဆိုလိုပါတယ်။
အချုပ်အားဖြင့် ဒီနှစ် ၂၀၂၂ သည် စစ်အာဏာရှင်များကို မြန်မာ့မြေပေါ်မှ အပြီးမောင်းထုတ်ပြီး အေးချမ်းသာယာသော နိုင်ငံတော်ကို လက်တွဲ တည်ဆောက်သွားကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဤ “နှစ်သစ်ကူး ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် နွေဦးတော်လှန်ရေးခေါင်းဆောင်များ၏ အခြေပြုမိန့်ခွန်းများ၊ အွန်လိုင်းတွေ့ဆုံနားဆင်ပွဲကြီး” ကို ဖြစ်မြောက်အောင် စည်းရုံး စီစဥ် ဉီးဆောင်ကြသော Save Myanmar USA မှ ပုဂ္ဂိုလ်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
တော်လှန်ရေးမုချအောင်မြင်ရမည်။