How to Contribute in Myanmar Spring Revolution

Special Session of the Mandalay Region Hluttaw

မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေး (၃/၂၀၂၅) တွင်
National Unity Government နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီး ပြောကြားသည့် မိန့်ခွန်း
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်

ယနေ့ မန္တလေးတိုင်းလွှတ်တော်မှ ကြီးမှူးကျင်းပသည့် မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေး ကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် လွတ်တော်အမတ်များ၊  ယနေ့ လွှတ်တော်အထူးအစည်းအဝေးကို တက်ရောက်လာကြသော ကိုယ်စားလှယ်များနှင့် တော်လှန်ရေး မိတ်ဆွေများကို မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း ပထမဦးဆုံး ဆုတောင်းမေတ္တာပို့အပ်ပါတယ်။

“ကြားကာလ နိုင်ငံရေးအစီအမံ” ဟာ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ် ညှိနှိုင်းမှုစင်္ကြံကနေ အခု မန္တလေးတိုင်းလွှတ်တော်ဆီကို ဆက်လက် သယ်ဆောင်လာနိုင်တဲ့အတွက် သက်ဆိုင်ရာ ခေါင်းဆောင်များနဲ့ တော်လှန်ရေးအင်အားစု အသီးသီးကို လေးစားဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။

ဒီနေ့ ပြုလုပ်ကျင်းပတဲ့ မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေးမှာလည်း တိုင်းလွှတ်တော် တစ်ရပ်အနေနဲ့ “ကြားကာလ နိုင်ငံရေးအစီအမံ” ကို အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့အတွက် ပြုလုပ်ကျင်းပ တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအစီအမံကို တော်လှန်ရေးကာလအတွင်းမှာ သတ်သတ်မှတ်မှတ် လုပ်ဆောင်နိုင်တာဟာ အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ပြောလိုပါ တယ်။ တော်လှန်ရေးကာလဟာ ကတ္တီပါခရီးလမ်းကို လျှောက်ရတဲ့ခရီး မဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒီလိုခက်ခဲတဲ့ တော်လှန်ရေးကာလထဲမှာ ကျွန်တော်တို့ဟာ မူဘောင်တွေ၊ ဥပဒေတွေနဲ့ အစီအမံရေးဆွဲခြင်းကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းနိုင်ခြင်းဟာ အင်မတန် အရေးကြီးပါတယ်။ တော်လှန်ရေးကာလဆိုတာကို အကြောင်းပြပြီး၊ ကျွန်တော်တို့အနေ နဲ့ မူတွေ၊ ဥပဒေတွေ၊ အစီအမံတွေကို ပစ်ပယ်ထားတာမျိုး မရှိဘူးဆိုတာ အထူး ထင်ရှားပါတယ်။ နွေဦးတော်လှန်ရေးမှာ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံနဲ့ အင်အားစုပေါင်းစုံ ပါဝင်တယ်ဆိုပေမယ့် ကျွန်တော်တို့ဟာ မူမဲ့၊ အစီအစဉ်မဲ့ လျှောက်လှမ်းနေကြတဲ့ တော်လှန်ရေး မဟုတ်ပါဘူးဆိုတာ သိသာထင်ရှားပါတယ်။ ကျွန်တော်တို့မှာ ပန်းတိုင်လည်းရှိတယ်၊ ရည်မှန်းချက်လည်း ရှိပါတယ်။ ဒါ့အပြင် သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်အဆင့်အဆင့်လည်း ရှိပါတယ်။ သက်ဆိုင်ရာ နယ်ပယ်ဒေသအလိုက် အစီအမံပြုထားတဲ့ မူဘောင်တွေလည်း ရှိထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာနယ်ပယ်အလိုက်၊ အလွှာအလိုက် တာဝန်ယူမှု တာဝန်ခံမှုနဲ့ စုဖွဲ့လုပ်ဆောင်တဲ့ ဌာနယန္တရားတွေလည်း ရှိထားပြီးဖြစ်ပါတယ်။ ဒါတွေဟာ တော်လှန်ရေးတစ်ခုအတွက် အင်မတန်မှ အရေးကြီးပါတယ်။

တော်လှန်ရေးဆိုတာဟာ တစ်ဘက်မှာ ဖြိုချတိုက်ဖျက်ရတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်သလို အဟောင်းကို ဖြိုပြီး အသစ်နဲ့ အစားထိုးတည်ဆောက်ရတဲ့ လုပ်ငန်းစဉ်တွေလည်း ပါပါတယ်။ ဒီနေ့ ပေါ်ထွက်လာတဲ့ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဟာ စစ်အာဏာရှင်စနစ်ဟောင်းကို ဖြိုပြီး လူထုဒီမိုကရေစီမူသစ်နဲ့ အစားထိုးတည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေထဲက အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးအင်အားစုအသီးသီးရဲ့ စုဖွဲ့ ကိုယ်စားပြုမှုကနေ ဥပဒေနဲ့ ထိန်းကျောင်းတဲ့ လွှတ်တော်မဏ္ဍိုင်ဆီကို စနစ်တကျ ကူးပြောင်းတည် ဆောက်နိုင်ခြင်းဟာ ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရထဲမှာ ပါဝင်ပါတယ်။ ဒါဟာ တော်လှန်ရေး ကာလမှာလည်း ဒီမိုကရေစီကျင့်ထုံးတွေကို လေးနက်စွာ ကျင့်သုံးဆောင်ရွက်ခြင်းဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

ကျွန်တော်တို့ဟာ လူထုပါဝင်မှုနဲ့ လူထုကိုယ်စားပြုမှုကို အလေးအနက်ထားပါတယ်။ ဒါ့အပြင် လူထုအာဏာနဲ့ လူထုရဲ့ထောက်ခံယုံကြည်မှုကို လေးလေးနက်နက် ခံယူထားပါတယ်။ ပေါ်ထွက် လာမယ့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံဟာ စစ်မှန်တဲ့ လူထုကိုယ်စားပြုမှုနဲ့ ပေါ်ထွက် လာတဲ့ နိုင်ငံရေးအစီအမံဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါ့ကြောင့် မန္တလေးတိုင်း လွှတ်တော်အနေနဲ့လည်း အထူးအစည်းအဝေးတစ်ရပ် ကျင်းပပြီး လူထုဒီမိုကရေစီကျင့်ထုံးတွေကို လေးနက်စွာ ခံယူလုပ်ဆောင်နေတာတွေ့ရလို့ အထူး ဝမ်းသာပါတယ်။ စစ်အာဏာရှင်စနစ် အမြစ် ပြတ်ချုပ်ငြိမ်းရေးကနေ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးမှာ လူထုဒီမိုကရေစီ ကျင့်ထုံးတွေနဲ့ ယဉ်ပါးနေခြင်းဟာ အင်မတန် အရေးကြီးကြောင်း ပြောကြားလိုပါတယ်။

မန္တလေးတိုင်းလွှတ်တော်အနေနဲ့  မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ် ညှိနှိုင်းမှုစင်္ကြံနဲ့ နိုင်ငံရေးပလက်ဖောင်းတစ်ခု အောင်မြင်စွာ တည်ဆောက်နိုင်တာကိုလည်း အထူး လေးစားဂုဏ်ယူကြောင်း ပြောလိုပါတယ်။ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) ထွက်ပေါ်လာဖို့ အဓိက ကြိုးစားခဲ့တဲ့ မူကြမ်းရေးဆွဲရေးကော်မတီက ကော်မတီဝင်များရဲ့ လုံ့လ ဝီရိယကိုလည်း အထူး လေးစားကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေး မိုးသက်မုန်တိုင်းတွေထဲမှာ အတူတကွ လက်တွဲကျော်ဖြတ်ရင်း တွဲလက်ညီညီ ဆက်လက် ချီတက် နိုင်ကြဖို့လည်း အမြဲ မျှော်လင့်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ပန်းတိုင်ဟာ ခရီး ရှည်ကြီးကို ချီတက်ရတဲ့ လမ်းခရီးဖြစ်လို့ အများနဲ့ စုစည်းညီညွတ်စွာ စုဖွဲ့ လျှောက်လှမ်းမှ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်းနဲ့ မလုံလောက် ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ခရီးရှည်ကြီးကို အောင်မြင်ပေါက်ရောက်အောင် လျှောက်လှမ်း နိုင်ဖို့အတွက် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံး စုစုစည်းစည်းသွားနိုင်ဖို့ လိုပါ တယ်။ ဒီနေ့ စုဖွဲ့ စည်းဝေးနိုင်ခြင်းဟာ တော်လှန်ရေးအင်အားစုနဲ့ လူထုအင်အားစုအချင်းချင်း အကြား အညီအညွတ်စုဝေးခြင်း၊ မပြတ် စည်းဝေးတိုင်ပင်ခြင်းဓလေ့ကို ခိုင်မာအောင် တည်ဆောက် နိုင်ခြင်းဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

Revolution Must Prevail!

Download PDF (Burmese)

en_GBEnglish