How to Contribute in Myanmar Spring Revolution

2025 International Day of Democracy

နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့
နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့

ယနေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စား လှယ်များ၊ တအာင်းအမျိုးသားပါတီမှ တာဝန်ခံများ၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြသော အထူးဖိတ်ကြားထားသည့် ကိုယ်စားလှယ်များနှင့် တော်လှန်ရေးမိတ်ဆွေများကို မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း ပထမဦးဆုံး ဆုတောင်းမေတ္တာပို့အပ်ပါတယ်။

ယနေ့ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက ကြီးမှူးကျင်းပခြင်းကြောင့် အထူး ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံ ဖြတ်သန်းခဲ့တဲ့ အတိတ်သမိုင်းကို လေ့လာကြည့်ရင် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ ဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ တိုက်ရိုက် ဆက်နွယ်ပြီး ပေါ်ပေါက်လာခဲ့တယ်ဆိုတာကို တွေ့ရ ပါတယ်။ အခုလည်း ကျွန်တော်တို့ နွေဦးတော်လှန်ရေးဟာ ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင် စနစ်ကို ဖြိုချတိုက်ပွဲဝင်နေတဲ့ လူထုတော်လှန်ရေးဖြစ်ကြောင်း ထင်ရှားပါတယ်။ နွေဦးတော်လှန်ရေးမှာ တော့ ဒီမိုကရေစီအရေး သက်သက်သာမကဘဲ ဖက်ဒရယ်အရေးအတွက်ပါ တော်လှန်တိုက်ပွဲဝင်တဲ့ လူထုတော်လှန်ရေးတစ်ရပ်ဖြစ်တာကို တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အစားထိုး တည်ဆောက်နိုင်ခြင်းဟာ ကျွန်တော်တို့ ဖြတ်သန်းနေတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်း ပပျောက်အောင် မလုပ်နိုင်ဘူးဆိုရင် ဒီမိုကရေစီအခွင့်အရေးတွေကို အပြည့်အဝ မရရှိနိုင်ဘူးလို့ ပြောနိုင်ပါတယ်။

ဒီမိုကရေစီဆိုတာ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုအပေါ်မှာ အခြေခံသလို တာဝန်ယူမှု တာဝန်ခံမှု ဆိုတာတွေအပေါ်မှာလည်း အခြေခံပါတယ်။ ဒါ့အပြင် တန်းတူညီမျှမှု၊ လူ့အခွင့်အရေး အပြည့်အဝရရှိမှုနဲ့ လည်း ချိတ်ဆက်နေပါတယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ပြည်သူ့လွတ်လပ်ခွင့် ပျောက်ဆုံးနေလိမ့်မယ်လို့ ပြောနိုင်ပါတယ်။ စစ်အာဏာရှင်စနစ် အသက်ဝင်နေသရွေ့ ပြည်သူတွေဟာ တရားမျှတမှုကို မရရှိနိုင်သလို တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးကိုလည်း ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီမိုကရေစီဖြစ်ထွန်းရေးဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတယ် လို့ ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို အောင်အောင် မြင်မြင် မလုပ်ဆောင်နိုင်ဘဲ ဒီမိုကရေစီစနစ် ဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားတဲ့အချက် ဖြစ်ပါတယ်။

အခုဆိုရင် စစ်အာဏာရှင်စနစ်ကို ခေါင်းစဉ်အမျိုးမျိုးပြောင်းပြီး သက်ဆိုးရှည်အောင် လုပ်နေတဲ့ အကြမ်းဖက် စစ်ကော်မရှင်အနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ စစ်ကော်မရှင်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲကို အတုအယောင်ရွေးကောက် ပွဲနဲ့ ပုံမှားရိုက်ဖို့ ကြိုးစားနေပါတယ်။ ပြည်တွင်းအင်အားစုတချို့ကလည်း အတုအယောင်ရွေးကောက်ပွဲ မှန်းသိပေမယ့် ဒါဟာ အဖြေရဲ့လမ်းစများ ဖြစ်မလားဆိုပြီး မျှော်ကိုးနေတာကို တွေ့ရပါတယ်။ ဒီလို မျှော်ကိုးမှုဟာ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးအတွက်လား၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ဝိုင်းဝန်းချီးမြှောက်နေခြင်းလား ဆိုတာလည်း မသဲမကွဲဖြစ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လူထုကို လှည့်ဖြားတဲ့ မည်သည့် နိုင်ငံရေးလှည့်ကွက်မျိုးကိုမဆို ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားလိုပါတယ်။

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ ထွက်ပေါက်မဟုတ်ဘဲ စစ်အာဏာ ရှင် ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးထွက်ပေါက် ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ အသက်ရှုပေါက် ချောင် လေလေ၊ ပြည်သူလူထုဟာ အသက်ရှုကြပ်လေလေ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးနဲ့ စစ်မှန်တဲ့ လူထုလွတ်လပ်ခွင့်များ အာမခံချက်ရှိရေးကို အားသွန် ကြိုးပမ်းနေပါတယ်။ အဲသည်လို ကြိုးပမ်းတဲ့နေရာမှာ လူထုနိုင်ငံရေးနည်းလမ်းတွေ အပါ အဝင် လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ သံတမန်နည်းလမ်းတွေကိုလည်း ပေါင်းစပ် အသုံးပြုပြီး ကြိုးစားနေကြပါတယ်။ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ စစ်မှန်တဲ့ ဒီမိုကရေစီမူဘောင်တွေ အသက်ဝင်ရေးနဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ ခိုင်ခိုင်မာမာ အသက်သွင်း တည်ဆောက်နိုင် ရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးဟာ တော်လှန်ရေး မအောင်မြင်ဘဲနဲ့ ကျကျနန တည်ဆောက်လို့ မရနိုင်ဘူးဆိုတာလည်း သတိချပ်ဖို့ လိုပါ တယ်။ တော်လှန်ရေးနဲ့ တည်ဆောက်ရေးဟာ တွဲဖက်နေတာကြောင့် ကျွန်တော်တို့ဟာ စစ်အာဏာရှင် စနစ်ကို အောင်မြင်စွာ တော်လှန်ပြီး ဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်နိုင်ဖို့ဟာ အင်မတန် အရေးကြီးကြောင်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ နွေဦးတော်လှန်ရေးဟာ ကတ္တီပါလမ်းကို ဖြတ်လျှောက်နေတဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာကို ပြောကြားချင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခရီးကြမ်းကိုလည်း ဖြတ်သန်းနေရသလို အချိုးအကွေ့တွေကိုလည်း ဖြတ်သန်းနေကြရပါတယ်။ ဒါ့အပြင် နိုင်ငံရေးမိုးသက်မုန်တိုင်းတွေနဲ့ နိုင်ငံရေးချောက်ကမ်းပါးတွေကိုလည်း ကျော်ဖြတ်နေရပါတယ်။ လက်ရှိ ၂၀၂၅ ခုနှစ်ဟာ ပိုမိုအကဲဆတ်တဲ့ နိုင်ငံရေးမုန်တိုင်းတွေနဲ့ ကြုံတွေ့ရတဲ့ နှစ်တစ်နှစ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးဟာ အနိမ့်အမြင့် အတက်အကျတွေ ကြားထဲမှာ ပန်းတိုင်ကို မမှိတ်မသုန် ချီတက်နေပါတယ်။ ကျွန်တော်တို့ဟာ နည်းဗျူဟာ အပြောင်းအလဲနဲ့ မဟာဗျူဟာ အလှည့်အပြောင်းတွေကို ပြောင်းလဲကျင့်သုံးမှုတချို့ ရှိပေမယ့် မူလပန်းတိုင်နဲ့ မူလ ရည်မှန်းချက်ကို ဘယ်သောအခါမှ သွေဖည်ခြင်းမရှိဘူးဆိုတာ ပြောကြားလိုပါတယ်။ နွေဦး တော်လှန်ရေးဟာ ရှေ့နှစ်လှမ်းတိုး နောက်တစ်လှမ်းဆုတ် ပုံစံမျိုးနဲ့ တရွေ့ရွေ့ ရှေ့ကို ချီတက်နေပါ တယ်။ အဲသည့်အတွက် ကျွန်တော်တို့ဟာ အနှောက်အယှက် အဟန့်အတားတွေကို မမှုဘဲ ဆက်လက် ချီတက်တိုက်ပွဲဝင်နိုင်အောင် မိမိတို့ တော်လှန်ရေးသက်လုံနဲ့ နိုင်ငံရေးကိုယ်ခံအားကို မြှင့်တင်ထားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

Revolution Must Prevail!

Download PDF (Burmese)

 

en_GBEnglish