
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက်မွေးနေ့ပွဲ၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မွေးနေ့ ဆုမွန်စကား
၂၀၂၄ ဇွန်လ ၁၉ ရက်
ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို မွေးနေ့ရှင်ကိုယ်တိုင် မပါဝင်ရဘဲ ကျင်းပလာရတာဟာ (၄) နှစ်တင်းတင်း ပြည့်လာခဲ့ပြီ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး မမေ့ကြဖို့ လိုတယ်လို့ ပဏာမဦးစွာ ပြောကြားလိုပါတယ်။ မွေးနေ့ရှင်မပါဘဲ မွေးနေ့ပွဲ အခမ်းအနားကို ကျင်းပနေ ရတယ်ဆိုတာ ကျွန်တော်တို့ရော၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက်ပါ ဝမ်းနည်းစရာဖြစ်တယ်လို့ ခံစားမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ်၏ ကျန်းမာခြင်းနဲ့ နေကောင်း ကျန်းမာစွာ ရှိနေ လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အားဖြင့် (၇၉) နှစ်တိတိ ပြည့်လာပြီဖြစ်ပါတယ်။ လာမယ့်နှစ်ဆိုရင် အသက် (၈၀) ပြည့်နှစ် ရောက်လာတော့မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပေးဆပ်မှုတွေကို အလေးအနက်ထား ဦးညွှတ်ကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ပုဂ္ဂိုလ်ရေးဩဇာ အင်မတန်ကြီးမားတဲ့ လူထုခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေး လှုပ်ရှားမှုတွေကို ၁၉၈၈ ခုနှစ်ကတည်းက ယခုအချိန် အထိ တစိုက်မတ်မတ် ဦးဆောင်လှုပ်ရှားခဲ့တာဟာ အင်မတန် လေးစားဦးညွှတ်ဖွယ် ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ဆိုတာထက် အများကြီး သာလွန်တဲ့ ဂုဏ်ဒြပ်တွေရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့သလို လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် ဆိုတဲ့ ဂုဏ်ပုဒ်တွေကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူ လူထုရဲ့ မျက်စေ့ရှေ့မှောက်မှာ ကာယကံမြောက် ထွက်ရှိပြီး ဦးဆောင်ဖို့ အကြောင်းအကျိုးမသင့် ဖြစ်နေရပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးအတွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာ ပြည်သူလူထုတစ်ရပ်လုံးဟာ ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဟောပြော လမ်းညွှန် ခဲ့တဲ့ မူတွေ၊ သဘောထားတွေကို အလေးအနက်ထား အောက်မေ့သတိရပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ တော်လှန်တိုက်ပွဲဝင်တယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုအပေါ် တာဝန်ကျေမှုထက် ပိုလွန်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘဝရဲ့ သက်တမ်းတစ်ဝက် လုံးကို မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘဝကံကြမ္မာအတွက် မြှုပ်နှံထားတာ ဖြစ်ပါ တယ်။ အခုလည်း လူထုရှေ့မှာ လူကိုယ်တိုင် ရှေ့ဆောင်ရှေ့ရွက်ပြုဖို့ အကြောင်းမသင့်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် မေတ္တာနဲ့ လွှမ်းခြုံ ကျေးဇူးပြု နေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၁ ရာစု မြန်မာ့နိုင်ငံရေး အတွင်းမှာ မြန်မာလူထုအတွက် သူလိုလူဆိုတာ တွေ့ဖို့ ခဲယဉ်းတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ် လို့ ကျွန်တော် မြင်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင် အချိန်တုန်းကလည်း ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံ့ရဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်အနေနဲ့ လူထုကို ရှေ့ဆောင်ခဲ့တာဟာ ကျွန်တော်တို့ အတွက် လေ့လာသင်ယူစရာတွေ အများကြီး ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကို ဦးဆောင်တဲ့နေရာမှာ မူဝါဒပိုင်းအရ အလွဲအချော် ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် တိုင်းပြည်နဲ့ လူထုအပေါ် ထားခဲ့တဲ့ စိတ်စေတနာအားကတော့ သံသယဖြစ်စရာ လုံးဝ မတွေ့ခဲ့ရဘူးလို့ ကျွန်တော် မြင်ပါတယ်။
ကျွန်တော်တို့အနေနဲ့လည်း ကျွန်တော်တို့ရှေ့က တိုင်းပြည်ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် အဆက်ဆက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဆင်ခြင်ပြီး ရှေ့က ခေါင်းဆောင်တွေထက် မသာရင်တောင် မယုတ်လျော့သော ဇွဲနပဲနဲ့ ကြိုးစားကြဖို့ လိုပါတယ်။ တကယ်ဖြစ်သင့်တာကတော့ ရှေ့မျိုးဆက်ထက် နောက်မျိုးဆက်က သာလွန်နေရမှာ ဖြစ်ပါတယ်။ မအေမိဘကို မှီးလိုက်တဲ့ သားသမီးမျိုး၊ ဆရာသမားရဲ့ လောင်းရိပ်မိတဲ့ တပည့်မျိုး မဖြစ်ရဘူးလို့ ကျွန်တော် ယူဆပါတယ်။ မိဘထက်တော်တဲ့ သားသမီး၊ ဆရာထက်တော်တဲ့ တပည့်ဖြစ်မှသာ ကျွန်တော်တို့ဟာ မျိုးဆက် အလိုက် တစ်ဆင့်ချင်း မြင့်တက်လာနိုင်မယ်လို့ ယူဆပါတယ်။ အဲသည့်လိုမှ မဟုတ်ရင် ကျွန်တော်တို့ ဟာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် နိမ့်ဆင်းသွားတာမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့ အနေနဲ့ သတိမြဲမြံစွာနဲ့ အောက်မေ့ကြဖို့ အထူး တိုက်တွန်းလိုပါတယ်။
ကြီးမြတ်တဲ့ခေါင်းဆောင်တိုင်းဟာ တိုင်းပြည်နဲ့ လူထုအတွက် ရတနာတစ်ပါးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အလွန် အင်မတန် ရှားပါးတဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင် ရတနာတစ်ယောက် ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ဟာ တန်ဖိုးထားရမှာ ဖြစ်တယ်။ တန်ဖိုးထားတယ်လို့ ပြောတဲ့နေရာမှာလည်း ကိုယ့်ရဲ့အကျိုးစီးပွားအတွက် ခေါင်းဆောင်ရဲ့ ပုံရိပ်ကိုပဲ တန်ဖိုးထားတာမျိုး ဖြစ်လို့မရဘူးလို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘဝ တစ်သက်တာလုံး စွဲမြဲစွာ မြှုပ်နှံခဲ့တဲ့ ဒီမိုကရေစီစံတန်ဖိုးတွေနဲ့ သူ့ရဲ့ ခေါင်းဆောင်မှု အရည်အချင်း တွေကို တန်ဖိုးထားပြီး စိတ်ထဲ နှလုံးသားထဲကနေ စံနမူနာထား ကျင့်ကြံကြဖို့ အထူးလိုအပ်ပါတယ်။ ဒီလိုကျင့်ကြံကြမှသာ လူထုခေါင်းဆောင်တစ်ယောက်ရဲ့ တန်ဖိုးကို အလေးအနက်ထား တန်ဖိုးသိတယ် လို့ ယူဆနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးအတွက် ယနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ အခါသမယမှာ သူ့ရဲ့ ဂုဏ်ဒြပ်တွေနဲ့ ခေါင်းဆောင်မှု တန်ဖိုးတွေကို လက်တွေ့ ကာယကံ မြောက် တန်ဖိုးထားကြောင်း ပြသတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်မြောက် မွေးနေ့မှာ မွေးနေ့ ဆုမွန်စကားပြောပြီး နိဂုံးချုပ်ချင်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် တိုင်းပြည်နဲ့ လူထုအပေါ် မြှုပ်နှံခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်မြောက် မွေးနေ့ အခါသမယမှာ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ငြိမ်းချမ်းခြင်းတို့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက် ပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ် ခေါင်းဆောင်အားလုံးလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု ကိုယ်ရည်ကိုယ်သွေးနဲ့ သူ့ရဲ့ စိတ်ဓာတ်သတ္တိတွေကို အောက်မေ့သတိရပြီး စံပြုကျင့်ကြံ နိုင်ပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူလူထုတစ်ရပ်လုံးလည်း စစ်အာဏာရှင်အဆက်ဆက်က ပေးတဲ့ ဝဋ်ဒုက္ခတွေကနေ အမြန် လွတ်ကင်းပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျား။
Download PDF (Bur)