How to Contribute in Myanmar Spring Revolution

76th Anniversary of Pa-O National Day

ယနေ့ ကျင်းပပြုလုပ်တဲ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက အတူတကွ ပါဝင်ခွင့်ရလို့ လေးနက်စွာ ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဦးစီးကျင်းပတဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ကိုလည်း လေးစားဦးညွှတ်ကြောင်းနှင့် ယနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ တော်လှန်ရေးမိတ်ဆွေများအားလုံးကို နှုတ်ခွန်းဆက်လိုကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လွတ်လပ်ရေးရဖို့ ကြိုးစားခဲ့တဲ့ အချိန်ကာလအတွင်းမှာ ကျွန်တော်တို့ဟာ လူမျိုးစုအားလုံး တန်းတူညီမျှရေးမူကို အခြေခံထားပြီးတော့ ပြည်ထောင်စုနိုင်ငံသစ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် လွတ်လပ်ပြီးခေတ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုလောက် ရောက်လာချိန်မှာတော့ လွတ်လပ်ရေးမတိုင်ခင်က ကတိကဝတ်ပြုထားခဲ့ကြတဲ့ လူမျိုးစုအားလုံး အမျိုးသားတန်းတူညီရေးမူဟာ တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာခဲ့ပါတယ်။ အဲသည့်လို အမျိုးသားတန်းတူညီမျှရေးမူဟာ ယနေ့အချိန်အထိ ပြန်လည် မရှင်သန်နိုင်သေးတာကို တွေ့ရပါတယ်။ အခု ကျွန်တော်တို့အားလုံး စုပေါင်းတော်လှန်နေတဲ့ နွေဦးတော်လှန်ရေးမှာ ဒီမိုကရေစီအခွင့်အရေးနဲ့ ဖက်ဒရယ်အခွင့်အရေးတွေကို ခိုင်မာစွာ တည်ဆောက်နိုင်ဖို့ ဝိုင်းဝန်းကြိုးစားနေတာ တွေ့ရပါတယ်။ အဲသည့်လို ကြိုးစားတဲ့နေရာမှာ ပအိုဝ်းလူမျိုးတွေကလည်း တစ်ဒေါင့်တစ် နေရာကနေ ပါဝင်နေတယ်ဆိုတာ တွေ့ရပါတယ်။ အထူးသဖြင့် ဒီနေ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဦးစီးကျင်းပတဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်တို့က တစ်ဒေါင့်တစ်နေရာကနေ ပါဝင်ဆင်နွှဲနေတာကို တွေ့ရလို့ ကျွန်တော့်အနေနဲ့ အထူး ဝမ်းသာဂုဏ်ယူမိပါတယ်။

ကျွန်တော်တို့နိုင်ငံအတွင်းမှာ ပအိုဝ်းလူမျိုးတွေဟာ တောင်ပေါ်ဒေသမှာရော/တောင်အောက် ဧရိယာတွေမှာပါ ပျံ့နှံ့နေထိုင်တဲ့ လူမျိုးတွေဖြစ်တာကို တွေ့ရပါတယ်။ ပအိုဝ်းလူမျိုးတွေ အများစု စုစုစည်းစည်းနေထိုင်တဲ့ နေရာဒေသတွေ ရှိသလို ပအိုဝ်းလူမျိုးတွေ ပျံ့နှံ့ရောက်ရှိနေတဲ့ နေရာတွေကလည်း အနှံ့အပြားဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံအတွင်းမှာ ပအိုဝ်းလူမျိုးတွေဟာ အရေအတွက်အားဖြင့် အင်မတန်များပြားတဲ့ လူမျိုးဖြစ်ပါတယ်။ ယခင်က သတ်မှတ်ပြဋ္ဌာန်းခဲ့ဖူးတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထက် ကျော်လွန်တဲ့ ပအိုဝ်းလူမျိုး ပျံ့နှံ့များပြားမှုကို တွေ့မြင်နေရပါတယ်။ ဒါ့ကြောင့် လူမျိုးစုတော်လှန်ရေးသမိုင်းမှာ ပအိုဝ်းတွေရဲ့ အခန်းကဏ္ဍက ကြီးမားစွာ ပါဝင်ခဲ့သလို ယခု နွေဦးတော်လှန်ရေးမှာလည်း ပအိုဝ်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ယူဆပါတယ်။

ကျွန်တော်တို့ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအသစ်တွေနဲ့ ယခင်က လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ ပေါင်းစပ်ပြီးတော့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် ဖြိုဖျက်နေကြတာဖြစ်ပါတယ်။ အဲသည့်လို စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်တဲ့နေရာမှာ တစ်တပ်တစ်အား ပါဝင်နေတဲ့ ပအိုဝ်းအင်အားစုတွေ ရှိသလို အကြမ်းဖက် စစ်အာဏာရှင်နဲ့ ဆက်ဆံရေး ခိုင်ခိုင်မာမာရှိနေတဲ့ ပအိုဝ်းအမျိုးသားရေး ခေါင်းဆောင်တချို့လည်း ရှိနေပါတယ်။ ဒါ့ကြောင့် ဘာသာတရားကိုင်းရှိုင်းပြီး ရိုးသားဖြောင့်မတ်တဲ့ ပအိုဝ်းလူထုအများစုဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် အသုံးချခံလို ဖြစ်နေတာတွေ့ရလို့ အင်မတန် စိတ်မကောင်းဖြစ်မိပါတယ်။ ဒီနေ့ ပအိုဝ်းအမျိုးသားနေ့ကို ကြီးမှူးကျင်းပတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ပအိုဝ်းခေါင်းဆောင်များ၊ ပအိုဝ်းနိုင်ငံရေးကို ဦးဆောင်နေသူတွေကလည်း ဒီကိစ္စကို နားလည် သဘောပေါက်ထားပြီးကြသူများ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပအိုဝ်းလူမျိုးတွေကို စစ်ကောင်စီရဲ့ အသုံးချခံအဖြစ်က ရုန်းထွက်နိုင်အောင် ယခုထက်ပိုပြီး ကြိုးစားဖို့လိုတယ်လို့ ယူဆပါတယ်။ အဲသည့်လို ကြိုးစားတဲ့နေရာမှာ နိုင်ငံရေးအရလည်း ကြိုးစားဖို့လိုသလို လူထုလှုပ်ရှားမှုအနေနဲ့လည်း ကြိုးစားဖို့လိုပါတယ်။ တစ်ဘက်မှာလည်း မြေပြင်မှာ အခြေခံအင်အားကို ခိုင်မာစွာ တည်ဆောက်နိုင်ရေးကို စနစ်တကျ လုပ်ဆောင်ရမယ်လို့ ယူဆပါတယ်။ စစ်ကောင်စီနဲ့ ပလဲနံပသင့်နေတဲ့ ပအိုဝ်းအမျိုးသားခေါင်းဆောင်တချို့ကို အမြင်မှန်ရလာအောင် လူထုနည်း/နိုင်ငံရေးနည်းတွေနဲ့ စည်းရုံးလှုံ့ဆော်သင့်ကြောင်း ပြောကြားလိုပါတယ်။

အခုဆိုရင် စစ်ကောင်စီဘက်က ပြုန်းတီးသွားတဲ့ အင်အားတွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့အတွက် ပအိုဝ်းလူမျိုးတွေကို ရွာအလိုက်ရွာအလိုက် စစ်အင်အားစုဆောင်းပေးနေရတဲ့ စစ်ကောင်စီလက်ဝေခံ ပအိုဝ်းခေါင်းဆောင်တချို့ရဲ့ လုပ်ရပ်ကို နိုင်ငံရေးအရ ကန့်ကွက် ရှုံ့ချရမှာဖြစ်ပါတယ်။ ပအိုဝ်းလူထုကို အသုံးချပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ရေးဗျူဟာခွင်ထဲမှာ ကြားညပ်အောင်လုပ်တာဟာ နိုင်ငံရေးအရ မဖြစ်သင့်သလို လူမျိုးရေးအရလည်း သစ္စာမဲ့လွန်းလှတယ်လို့ ယူဆပါတယ်။ ဒါကို ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေထဲမှာ ပါဝင်နေတဲ့ ပအိုဝ်းနိုင်ငံရေးခေါင်းဆောင်တွေက အလေးအနက်ထား တန်ပြန်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

တစ်ဘက်မှာလည်း ပအိုဝ်းအမျိုးသားရေးမှာ ယခုထက် ပိုမိုကျစ်လစ်ခိုင်မာတဲ့ အမျိုးသားရေးလမ်းစဉ်တွေကို ချမှတ်ပြဋ္ဌာန်းနိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ လူမျိုးစုတော်လှန်ရေးမှသည် အထွေထွေ လူထုတော်လှန်ရေးဆီသို့ ဦးတည်ကြဖို့ လိုပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးမှသည် အမျိုးသားတန်းတူညီမျှရေးကို တည်ဆောက်နိုင်တဲ့ ပြည်ထောင်စုသစ်ဆီကို ရည်မျှော်ဖို့ လိုအပ်ပါတယ်။ ပအိုဝ်းအမျိုးသားတစ်ရပ်လုံးဟာ တော်လှန်ရေးကာလမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသလို တည်ဆောက်ရေးကာလမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်လာနိုင်ဖို့ လိုပါတယ်။

တော်လှန်ရေးဆိုတာ “ဖြစ်စဉ်သဘော” ဖြစ်တာကြောင့် တော်လှန်ရေးရဲ့ ဖြစ်စဉ်တိုင်း ဖြစ်စဉ်တိုင်းမှာ လိုက်ပါ ကူးပြောင်း တာဝန်ယူနိုင်ဖို့အတွက် ပအိုဝ်းအမျိုးသားတစ်ရပ်လုံးရဲ့ အမျိုးသားရေးကိုယ်ခံအား ကြံ့ခိုင်နေဖို့ အထူးလိုအပ်ပါတယ်။ အမျိုးသားရေးကိုယ်ခံအား ကြံ့ခိုင်ဖို့ဆိုတဲ့နေရာမှာ စစ်ရေးအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ ပညာရေးနဲ့ စာပေယဉ်ကျေးမှုအရလည်း ကောင်း တိုးတက်သထက် တိုးတက်အောင် လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်မာသော ပအိုဝ်းအမျိုးသားရေးလက္ခဏာတွေကို တစ်ခုတည်းသော နိုင်ငံရေးတပ်ဦးရဲ့ ထီးရိပ်အောက်မှာ ဖွံ့ဖြိုးစေဖို့ အထူးလိုအပ်ပါတယ်။ လက်ရှိ ပစ္စုပ္ပန်ကာလအပါအဝင် အနာဂတ် ပအိုဝ်းအမျိုးသားရေးအတွက် နိုင်ငံရေးတပ်ဦးဟာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့သာ ဖြစ်သင့်ကြောင်း လေးနက်စွာ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

Our revolution must prevail!

 

en_GBEnglish