How to Contribute in Myanmar Spring Revolution

Martyrdom of Ko Phone Maw and Ko Soe Naing

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သည့် သဝဏ်လွှာ
၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်

လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်း အသက်သွေး များစွာ ပေးဆပ်ခဲ့ကြသည့် (၈) လေးလုံး အရေးတော်ပုံကြီးက (၂၆) နှစ်ကြာ တပါတီ အာဏာရှင် စနစ်ကို အဆုံးသတ်စေခဲ့ပြီး သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့သည်။ ယနေ့သည် ထိုသမိုင်းမှတ်တိုင်ကို စိုက်ထူရာ၌ ဦးဆောင် ပါဝင်ခဲ့ကြသူများထဲမှ ပထမဆုံး အသက်ပေးစွန့်ခဲ့ကြသည့် ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ခြင်း (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။

(၈) လေးလုံး အရေးတော်ပုံကြီးမှသည် နွေဦးတော်လှန်ရေးအထိ ကျောင်းသားပြည်သူအပေါင်း အသက် သွေးချွေးများစွာ ပေးဆပ်ခဲ့ရပြီးဖြစ်သည်။ သမိုင်းအတွင်းက ဖြစ်ရပ်ဆိုးများကို မမေ့လျော့ ခြင်း၊ စွန့်လွှတ်ပေးဆပ်မှုများကို အမှတ်တရ ဂုဏ်ပြုခြင်းအားဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေး အပြည့်အဝ ခံစားနိုင်ရေး၊ လွတ်လပ်ခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီရေး တို့အတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားရန် အားသစ်လောင်းနိုင်မည်ဖြစ်သည်။

ခေတ်သမိုင်းအဆက်ဆက်၊ မျိုးဆက်အလိုက် ပုခုံးထမ်း သယ်ဆောင်လာခဲ့သည့် တော်လှန်ရေးသည် ယနေ့အချိန်၌ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းပြီး ကျောင်းသားပြည်သူအားလုံး လိုလား တောင့်တသည့် အမျိုးသားတန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မည့် ပန်းတိုင်ကို နီးကပ်စွာ မြင်တွေ့နေရပြီဖြစ်သည်။

We pay our highest respect and solemn tribute to all the heroic martyrs — including Ko Phone Maw and Ko Soe Naing — who have sacrificed their lives, blood, and sweat throughout the history of Myanmar’s struggle for democracy.
ပေးဆပ်လိုက်ရသည့် အသက်သွေးချွေး တခုစီတိုင်းအတွက် ထိုက်တန်သည့်အောင်ပွဲကို ရယူနိုင်ရေး နှင့် မြန်မာနိုင်ငံ၌ မည်သည့်အာဏာရှင်မျှ တကျော့ပြန် ခေါင်းထောင်မလာနိုင်ရေး တော်လှန်ရေး အင်အားစုများအားလုံး၊ တိုင်းရင်းသားလူမျိုးစုများအားလုံးနှင့် ကျောင်းသားပြည်သူတရပ်လုံး အနေဖြင့် စုစည်းညီညွတ်စွာဖြင့် တစိုက်မတ်မတ်၊ အတူတကွ တိုက်ပွဲဝင်သွားကြပါစို့ဟု တိုက်တွန်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

Duwa Lashi La
Acting President
National Unity Government

en_GBEnglish