ယနေ့ကျရောက်သော ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာကြသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပညာရေးဝန်ကြီးဌာနနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးကို မင်္ဂလာ ပါလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက်သလိုက်ပါသည်။
အမျိုးသားအောင်ပွဲနေ့ဟူသည်မှာ ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက်ဥပဒေအရ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ်ကိုပေါင်း၍ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို နိုင်ငံအတွင်းရှိ ပြည်သူပြည်သားများ ကန့်ကွက်ခဲ့ကြပါတယ်။ ထိုသို့ ကန့်ကွက်သည့်ကြားမှ ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဗြိတိသျှ ဒုတိယဘုရင်ခံက ရန်ကုန်အက် ဥပဒေကို ထောက်ခံခဲ့ပြီး အိန္ဒိယဘုရင်ခံ ချမ်းစဖို့ဒ်က အတည်ပြုရန် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မြန်မာကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်၊ ခရစ်နှစ် ၁၉၂၀ ဒီဇင်ဘာလ (၅) ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ် ကျောင်းသားများက နယ်ချဲ့ပညာရေးဥပဒေကို ကန့်ကွက် သပိတ်မှောက် ဆန္ဒပြခဲ့ကြပါသည်။ ထိုသို့ နယ်ချဲ့အာဏာရှင်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီးများ ဦးဆောင်သော ပထမ ကျောင်းသား သပိတ် စတင်ခဲ့ရာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်သို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့ပါတယ်။ ထို့ကြောင့် နယ်ချဲ့ဗြိတိသျှကို ပထမဦးဆုံး ထိထိရောက်ရောက် သပိတ်မှောက်ခဲ့သော တန်ဆောင်မုန်း လပြည့် ကျော် ၁၀ ရက်နေ့ကိုသာ အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်သင့်ကြောင်း အဆိုပြုကြရာ အားလုံးက သဘောတူညီ ထောက်ခံခဲ့ကြပါတယ်။
ဒီနေ့ဟာဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ဖြစ်ပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေးရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ အမျိုးသားနေ့ အခမ်းအနားကို အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဦးစီးကျင်းပတဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူ အလေး အမြတ်ပြုကြောင်း ပြောကြားလိုပါတယ်။ မင်္ဂလာရှိသော အမျိုးသားနေ့ အခါသမယမှာ ကျွန်တော် တို့ နိုင်ငံရဲ့ အတိတ်သမိုင်းဖြတ်သန်းမှုက အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုတွေကို ကျွန်တော့် အနေနဲ့ အောက်မေ့သတိရမိပါတယ်။ ကျွန်တော်တို့မှာ လက်ရှိပစ္စုပ္ပန် အခြေအနေအထိ လေးစား အတုယူဖွယ်ရာ အတိတ်ဖြစ်ရပ်တွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ မမေ့ပါဘူး။
ဒီနေရာမှာ “အမျိုးသား” ဆိုတဲ့ စကားလုံးဝေါဟာရအနက်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြဖို့ လိုတယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်းမှာ လူမျိုးပေါင်းစုံ ရှိပေမယ့် လူမျိုးတစ်မျိုးချင်းစီဟာ “အမျိုးသားရေး” လို့ပြောရင် ကိုယ့်သွေးသားဗီဇနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ လူမျိုးရေးလို့ပဲ တွေးထင်တတ်ကြပါတယ်။ ‘အမျိုးသားရေး’ ဆိုတဲ့ စကားလုံးဟာ ပိုပြီးကျယ်ပြန့်တဲ့ အနက်သဘောဆောင်ပြီး ကျွန်တော်တို့ ပြည်ထောင်စု တစ်မျိုးသားလုံးကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် တစ်ဆက်တစ်စပ်တည်းရှိတဲ့ ကျွန်တော်တို့ ရေမြေကို ကိုယ်စားပြု ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသားအားလုံး စုပေါင်းမျှဝေလက်ခံထားတဲ့ တန်ဖိုးတွေ၊ ဓလေ့တွေ၊ အတွေးအခေါ်ယုံကြည်မှုတွေကို ကိုယ်စားပြုတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသား တွေမှာ မတူကွဲပြားမှုတွေရှိတယ်လို့ ဘယ်လောက်ပဲပြောပြော ကျွန်တော်တို့ အားလုံးမှာ အခြေခံ အုတ်မြစ်တွေ တူနေတယ်ဆိုတာ တွေ့ရပါတယ်။ အတိတ်သမိုင်းကို လေ့လာကြည့်ရင်လည်း ကျွန်တော်တို့ဟာ လာရာ တူသလို လားရာလည်း တူညီနေတာ တွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်တဲ့ အခြေခံ အမျိုးသားရေးလက္ခဏာတွေ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးကို ကြည့်ရင် အမျိုးအလိုက် အုပ်စုဓလေ့ အပြိုင်ထွန်းကားတာ ကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် အမျိုးသားစည်းလုံးညီညွတ်မှုမှာ အားနည်းခဲ့တာတွေရှိတယ်။ ဒါ့အပြင် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံမှာ ယုံကြည်မှုအလိုက် ဝါဒအလိုက် အုပ်စုဓလေ့နဲ့ ဂိုဏ်းဂဏအစွဲတွေ အပြိုင် ထွန်းကားလို့ ညီညွတ်မှု ပျက်ပြားခဲ့တာတွေ ရှိခဲ့ပါတယ်။ ကျွန်တော် တို့ဟာ အားလုံး ထပ်တူကျ တူညီနေဖို့ မလိုပါဘူး။ မတူလို့ ရတယ်၊ ကွဲပြားလို့ ရတယ်။ သို့သော်လည်း မတူပေမယ့် ကျွန်တော်တို့ဟာ ပူးပေါင်းလို့ ရတယ်၊ ကွဲပြားပေမယ့် အတူနေထိုင်လို့ ရပါတယ်။ ကျွန်တော်တို့ အားလုံးမှာရှိနေတဲ့ ခြေချောင်းလက်ချောင်းလေးတွေ အားလုံး မညီပေမယ့် ဖြစ်တည်မှု အလှတရား ရှိနေတယ်။ အသုံးဝင်မှုတန်ဖိုးတွေ ကိုယ်စီ ရှိနေကြပါတယ်။ ဒီမိုကရေစီဆိုတာ မတည့်အတူနေ ဝါဒလို့ ကျွန်တော် ဖတ်ရှုလေ့လာဖူးပါတယ်။ ကျွန်တော်တို့ တတွေဟာ မတည့်ပေမယ့် အတူနေနိုင်ကြရပါလိမ့်မယ်။ မတူပေမယ့် အတူတကွ နေနိုင်ကြရပါ လိမ့်မယ်။ မတူခြင်း ကွဲပြားခြင်းဟာ အလှတရားဖြစ်တယ်၊ အလှကိုယ်စီ ရှိနေတယ်လို့ နားလည် လက်ခံထားကြဖို့ ဖြစ်ပါတယ်။ ကိုယ်နဲ့ မတူကွဲပြားတဲ့ လူတစ်ယောက်ချင်းစီ၊ လူတစ်မျိုးချင်းစီရဲ့ စွမ်းရည်တွေကို မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။
ကျွန်ပညာရေးဟာ အကြောက်တရားကို သွတ်သွင်းဖို့ သင်ကြားပါတယ်။ အလှတရားကို ချစ်တတ် ဖို့ မသင်ပါဘူး။ ကျွန်ပညာရေးဟာ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ သဘောထားကို ရိုက်သွင်းပါတယ်။ မတူကွဲပြားမှုမှာ မတူညီသော စွမ်းရည်တွေ ခွန်အားတွေ ရှိတယ်ဆိုတာကို မသင်ကြားပါဘူး။ လက်ရှိ မြန်မာပြည်မှာ ကိုလိုနီပညာရေး မရှိတော့ပေမယ့် စစ်ကျွန်ပညာရေးရဲ့ အကြွင်းအကျန်တွေ အမြောက်အမြား ရှိနေပါသေးတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို အချင်းချင်း မညီမညွတ်ဖြစ် အောင် အမုန်းတရားတွေ ကြီးထွားအောင်လုပ်နေတဲ့ အတွေးအခေါ်ရိုက်သွင်းမှုတွေကို တော်လှန် ပယ်ဖျက်ကြဖို့ လိုနေပါတယ်။ ကျွန်တော်တို့အားလုံးမှာ ကိုယ်စီကိုယ်စီ စွမ်းရည်တွေ ရှိတယ်၊ အလှတရားတွေ ရှိတယ်ဆိုတာကို သတိရပြီး လူမျိုးအားလုံးရဲ့ ဖြစ်တည်မှုကို မြတ်နိုးတန်ဖိုးထား တတ်တဲ့စိတ် အားကြီးလာရင် ကျွန်တော်တို့ဟာ ပိုပြီး စည်းလုံးညီညွတ်လာပါလိမ့်မယ်။ စည်းလုံး ညီညွတ်မှုဟာ တည်ငြိမ်မှုကို ဖြစ်စေတယ်။ တည်ငြိမ်မှုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ကျဉ်းလာပါလိမ့်မယ်။ ကျွန်တော်တို့ စိတ်နှလုံးကို အရိုင်းမှ အယဉ်သို့ ပြောင်းလဲနိုင်ရပါလိမ့်မယ်။ ပြည်ထောင်စုသားအားလုံးဟာ နူးညံ့သိမ်မွေ့ပြီး ရင့်ကျက်ပြည့်ဝတဲ့ စရိုက်လက္ခဏာတွေ ရှိတယ်ဆိုတာ ပြသရပါလိမ့်မယ်။
နိဂုံးချုပ်အနေနဲ့ အမျိုးသားညီညွတ်ရေးကောင်စီဝင်အားလုံးကို လက်ဆောင် စကားလေးတစ်ခု ပါးချင်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံဟောင်းကိုပယ်ပြီး နိုင်ငံသစ်ကို တည်ဆောက်မယ်၊ နိုင်ငံသစ် တည်ဆောက်ရာမှာ အတွေးအခေါ်သစ်၊ အမြော်အမြင်သစ်၊ စိတ်ဓာတ်ခွန်အား အသစ်တွေနဲ့ သိုင်းဝိုင်းတည်ဆောက်ဖို့ ကြိုးစားကြမယ်။ ကျွန်တော်တို့တတွေ တစ်ဦးကိုတစ်ဦး ယခင်ကထက် ပိုပြီး ချစ်ခင်လေးစား မြတ်နိုးတန်ဖိုးထားကြဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်း ကြိုးစား တည်ဆောက်ကြမယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) ကျော်အတွင်း ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ကျွန်တော်တို့တတွေရဲ့ လက်ထက်မှာ ရအောင် တည်ဆောက်ချင်ပါတယ်။ မတူကွဲပြားမှုတွေ ဘယ်လောက်ပဲ ရှိနေပါစေ အခြေခံဘုံတူညီမှုတွေ ရှိထားပြီးဖြစ်လို့ ယခုလက်ရှိ အခြေအနေမှာ ပြည်ထောင်စုသားအားလုံးရဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေးကို ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ အမျိုးသားညီညွတ်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင် ချေမှုန်းမှုကို အမျိုးသားတော်လှန်ရေးတစ်ရပ်အဖြစ် ကျွန်တော်တို့အားလုံး စိတ်ရောကိုယ်ပါ အားစိုက်လုပ်ဆောင်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။
Our revolution must prevail!