How to Contribute in Myanmar Spring Revolution

New Year Greeting Speech by President Duwa Lashi La

၂၀၂၅၊ ဧပြီ ၁၇
ကျနော် ချစ်ခင် လေးစားရပါတဲ့ မြန်မာနိုင်ငံတဝန်းက ပြည်သူလူထုတရပ်လုံးနဲ့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများခင်ဗျာ …
မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယကို ကြိုဆိုနေကြတာနဲ့အမျှ ငြိမ်းချမ်းခြင်း၊ ကျန်းမာခြင်း၊ ကြံ့ခံခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ လှိုက်လှဲစွာ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ပုံမှန် အချိန်ကာလတွေမှာဆိုရင် အခုလို အခါသမယဟာ ကျနော်တို့ရဲ့ နှလုံးသားတွေကို ဆေးကြောတဲ့၊ ညီညွတ်မှုကို အားသစ်လောင်းတဲ့၊ မျှော်လင့်ချက်တွေနဲ့ ထုံမွှန်းတဲ့ အခါသမယ ဖြစ်ပါလိမ့်မယ်။ ဒီကနေ့အချိန်မှာတော့ နှစ်သစ်အတွက် စိတ်ခွန်အားသစ် မွေးမြူကြတာနဲ့အတူ နှစ်သစ်ကြိုဆိုပွဲဟာ ဝမ်းနည်းကြေကွဲမှု၊ ကိုယ်စီ တာဝန်သိမှုတွေနဲ့ ရောယှက်နေတဲ့ အချိန်အခါသမယ ဖြစ်ပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အသက်တွေ ဆုံးရှုံးခဲ့ကြရ၊ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ကြရတာနဲ့အမျှ အကြမ်းဖက် စစ်အုပ်စုရဲ့ ယုတ်မာ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် ကြုံတွေ့နေရပြီးသား ဘေးဒုက္ခတွေဟာ တပူပေါ် နှစ်ပူဆင့် ဖြစ်ခဲ့ကြရပါတယ်။
စစ်ကိုင်းငလျင်ကြီးကြောင့် အသက်ခန္ဓာ ဆုံးရှုံးသွားရသူ တဦးချင်းစီတိုင်းရဲ့ မိသားစုဝင်တွေ အားလုံးနဲ့အတူ ထပ်တူ စိတ်ထိခိုက် ဝမ်းနည်းရပါတယ်။ ထိခိုက် ဒဏ်ရာရသူများအားလုံး အမြန်ဆုံး သက်သာ ကျန်းမာပါစေကြောင်းလည်း ဆုတောင်းမေတ္တာ ပို့အပ်ပါတယ်။ ငလျင်ဘေးဒဏ်သင့် လူထုတရပ်လုံးကို ကျနော်တို့ မေ့မထားပါဘူး၊ အတူတကွ ရှိနေပါတယ်၊ အတတ်နိုင်ဆုံး ကူညီပေးနေတယ်ဆိုတာ ပြောကြားလိုပါတယ်။
ဘေးဒဏ်သင့်လူထုကို ကယ်ဆယ် ကူညီရေး ကြီးမားလှတဲ့ လိုအပ်ချက်တွေကို နိုင်ငံတကာက စာနာမှုအပြည့်နဲ့ အားဖြည့် ကူညီပေးကြတဲ့အပေါ် အထူးပဲ ကျေးဇူးတင်ရပါတယ်။ ငလျင်ဘေးဒဏ်ကြောင့် အသက်အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ ကျနော်တို့ ပြည်သူတွေကို အသက်ဘေးကနေ လွတ်မြောက်အောင် ကူညီ ကယ်ဆယ်ပေးကြတဲ့နေရာမှာ နည်းပညာ၊ လူအင်အား အားဖြည့်ပေးကြတဲ့ နိုင်ငံတကာ မိတ်ဆွေများကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ဒါပေမယ့်လည်း ကျနော်တို့လူထု ထိခိုက်ခံစားရမှုကို အကြမ်းဖက် စစ်အုပ်စုက ထပ်မံ အသုံးချခွင့် ရသွားတာကတော့ စိတ်မကောင်းစရာ ကောင်းပါတယ်။ ဒါ့အပြင် လူသားစာနာမှု အကူအညီတွေကို စစ်အုပ်စုက လက်နက်သဖွယ် ကိုင်စွဲ အသုံးချနေပါတယ်။ နိုင်ငံတကာက ပေးအပ်တဲ့ လူသားစာနာမှု အကူအညီတွေဟာ လိုအပ်နေတဲ့ လူထုလက်ထဲ တိုက်ရိုက် ရောက်ရမှာဖြစ်ပါတယ်၊ လူထုကို ဘေးဒုက္ခ အန္တရာယ်မျိုးစုံ ကျရောက်အောင်လုပ်နေတဲ့ အကြမ်းဖက် စစ်တပ်လက်ထဲ လူသားစာနာမှု အကူအညီ စစ်အုပ်စုကိုယ်ကျိုးအတွက် အသုံးချဖို့ ဘယ်လိုနည်းနဲ့မှ ရောက်မသွားရဘူးဆိုတာ ကျနော် ရှင်းရှင်းပဲ ပြောကြားချင်ပါတယ်။ လူသားစာနာမှု အကူအညီဆိုတာ ကန့်သတ် ထိန်းချုပ်ရမယ့် အခွင့်ထူး ခံစားခွင့် မဟုတ်ပါဘူး၊ လူသားစာနာမှု အကူအညီဆိုတာ ဒုက္ခရောက်လူထု ရကိုရရမယ့် အခြေခံအခွင့်အရေး ဖြစ်ပါတယ်။
လူသားစာနာမှု အကူအညီတွေကို ကိုယ်ကျိုးအတွက် အသုံးချတာမျိုး မဖြစ်စေဘဲ ဘေးဒဏ်သင့် လူထုတရပ်လုံးဆီ မျှမျှတတနဲ့ အလျင်အမြန် ရောက်သွားစေဖို့ ပြည်တွင်း လူမှုအဝန်းအဝိုင်း၊ နိုင်ငံတကာက မိတ်ဆွေတွေနဲ့ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးစား ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အကြမ်းဖက် စစ်အုပ်စုက နိုင်ငံရေးလက်နက်သဖွယ် ချုပ်ကိုင် အသုံးချနေတာကို ကျော်လွှားဖို့၊ လူထုကို ထပ်ပြီး အသုံးချတာမျိုး မဖြစ်စေဖို့ အာဆီယံနဲ့ နိုင်ငံတကာကို ကျနော်တို့ သတိပေး တောင်းဆိုနေပါတယ်။
တိုင်းပြည်က ငလျင်ဘေးဒဏ်ကြီးကို ကြုံတွေ့ ခံစားနေရချိန်မှာ ပြည်သူအချင်းချင်း ကူညီ ဖေးမနေကြချိန်မှာ နိုင်ငံတကာမိတ်ဆွေများက လူ၊ နည်းပညာနဲ့ စာနာမှုအကူအညီ အထောက်အပံ့တွေနဲ့ စိတ်ရင်းဖြင့် ကူညီနေကြချိန်မှာ အကြမ်းဖက် စစ်ကောင်စီကတော့ သူ့အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေကြရပါတယ်။
တိုင်းပြည်က ငလျင်ဘေးဒဏ်ကြီး ကြုံတွေ့ခံစားနေရချိန်မှာတောင် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်း မရှိခဲ့ပါဘူး။ ဒါက ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဒုက္ခပေါ် ဒုက္ခအထပ်ထပ်ပေးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူ ဖြည့်တင်းထားတဲ့ အရင်းအမြစ်တွေကို ပြည်သူလူထု ဘေးဒုက္ခကယ်တင်ရေးမှာ အသုံးပြုရမယ့်အစား စစ်ကောင်စီကတော့ ပြည်သူလူထုကို သတ်ဖြတ်ဖို့အတွက် အသုံးပြုနေတာကို ရှင်းရှင်းလင်းလင်း ကြည့်မြင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို စစ်အုပ်စု အကျိုးစီးပွားနဲ့ အာဏာတည်မြဲရေး၊ တရားဝင်မှု ရရှိရေးအတွက် အခွင့်အခါကောင်း ရပြီဟေ့ဆိုပြီး တိုင်းပြည်ဘေးဒုက္ခကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချဖို့ ကြိုးစားလာကြတာကိုလည်း ကျနော်တို့အားလုံး သတိရှိရှိ ကြည့်မြင်နိုင်ကြဖို့ လိုအပ်ပါတယ်။
တော်လှန်ရေး ၄ နှစ်ကာလ ကျော်လွန်လာခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲစည်းခဲ့တာလည်း ၄ နှစ်တာ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီ ၄ နှစ်တာ ကျော်လွန်လာတဲ့အချိန်အထိ ဘေးဒုက္ခမျိုးစုံ၊ အကျပ်အတည်းပေါင်းစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်အံတုပြီး တော်လှန်ရေးကို အားပေးထောက်ခံ၊ ဝန်းရံခဲ့တဲ့ ပြည်သူလူထုကြီးရဲ့ ဇွဲသတ္တိကို အလေးအမြတ်ပြုရသလို ပြည်သူလူထုကို အထူး ကျေးဇူးတင်ရပါကြောင်း ပြောကြားလိုပါတယ်။
ဒီ ၄ နှစ်အတွင်းမှာ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထု အားမရဖြစ်စေခဲ့တာတွေ၊ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ ရှိခဲ့တာကိုလည်း နားလည်လက်ခံပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကို ပြင်ဆင်ပြီး တော်လှန်ရေးခရီးကို တစိုက်မတ်မတ် ချီတက်လာခဲ့တာ အခုဆိုရင် ထိုက်သင့်တဲ့ အောင်မြင်မှုတွေကို ရရှိနေပြီဖြစ်ပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းရွက်နေတာကြောင့် ရရှိထားတဲ့ အောင်မြင်မှုတွေမှာပဲ ကျေနပ်နေမှာမဟုတ်ဘဲ ပြည်သူလူထုအားလုံး လိုလားတောင့်တတဲ့ တော်လှန်ရေးအောင်ပွဲရသည်အထိ တစိုက်မတ်မတ် ရှေ့ကို ချီတက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထု ယုံကြည်ကိုးစားထိုက်တဲ့ အစိုးရတရပ်ဖြစ်ဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးစည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြစ်ဖို့ တော်လှန်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်ခဲ့ကြတာဖြစ်ပါတယ်။ ဒီ ၄ နှစ်တာအတွင်းမှာ လူမျိုးစု တော်လှန်ရေး အင်အားစုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေး၊ စစ်ရေး ကဏ္ဍအသီးသီးမှာ မဟာမိတ်ဆက်ဆံရေးကိုလည်း ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ ပါတယ်။
တော်လှန်ရေးအင်အားစုအသီးသီးရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုတွေကြောင့် ဒီကနေ့အချိန်မှာ စစ်ကောင်စီအနေနဲ့ မြန်မာစစ်သမိုင်းတလျောက် အကြီးမားဆုံး ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီဆိုတာ အားလုံးမျက်မြင်ပဲ ဖြစ်ပါတယ်။ နိုင်ငံတဝန်းမှာ စစ်ကောင်စီ ထိန်းချုပ်နိုင်မှုက လေးပုံတပုံတောင် မရှိတော့ဘူးဆိုတာကို မြေပြင်အချက်အလက်တွေက ဖော်ပြနေပါတယ်။
အခုဆိုရင် နွေဦးတော်လှန်ရေးက ၄ နှစ်တာ ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ တော်လှန်ရေးအချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ ပြည်သူလူထု ထိခိုက်ခံစားရတာတွေလည်း ကြီးမားသလို တိုင်းပြည်လည်း နစ်နာခဲ့ရပါတယ်။ တဘက်မှာတော့ တိုင်းပြည်နဲ့ ပြည်သူ့ဘဏ္ဍာတွေကို ဂုတ်သွေးစုပ်ပြီး ပြည်သူကို စစ်မက်ပြုနေတဲ့ စစ်အုပ်စုကို တိုက်ထုတ်ရတဲ့ တော်လှန်ရေးဖြစ်သလို စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှ၊ စစ်အာဏာရှင် အမူအကျင့်၊ အတွေးအခေါ် မှန်သမျှ အဆုံးသတ်ရေးအတွက် ဆင်နွှဲနေရတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ခက်ခဲကြမ်းတမ်းမှုတွေ အများကြီး ရှိတယ်ဆိုတာကိုလည်း အရှိတရားကျကျ ကြည့်မြင်ရမှာဖြစ်ပါတယ်။
တတ်နိုင်သမျှ ဒီတော်လှန်ရေးကို အမြန်ဆုံး အောင်မြင်အောင် လုပ်ဆောင်ပြီး ပြည်သူလူထု ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပပျောက်သွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ ၂၀၂၅ ခုနှစ် ဟာ ကြီးမားတဲ့ တော်လှန်ရေးအလှည့်အပြောင်း ဖြစ်လာစေမယ့်နှစ်၊ ပြည်သူလူထုအတွက် တော်လှန်ရေး အပြီးသတ်အောင်ပွဲ အလင်းရောင်ကို ယူဆောင်သွားနိုင်မယ့် နှစ်ဖြစ်ဖို့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံး ဆထက်ထမ်းပိုး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
မြန်မာ့ရိုးရာ နှစ်သစ်ကို ဝင်ရောက်လာတာနဲ့အမျှ လူထု နွေဦးတော်လှန်ရေးရဲ့ အဓိက သရုပ်သကန်ဖြစ်တဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဆက်လက် သယ်ဆောင်သွားကြပါစို့၊ ကျနော်တို့ ဆုံးရှုံးလိုက်ရသူတွေကို လွမ်းဆွတ် သတိရနေရုံသာမက လွတ်လပ် မျှတ တန်းတူတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေး ကျနော်တို့အားလုံးရဲ့ မယိုင်မလဲတဲ့ သန္နိဋ္ဌာန် ခိုင်မာသထက် ခိုင်မာစေရေး ဒီနှစ်သစ်မှာ ထပ်လောင်း ချမှတ်ကြပါစို့။
သဘာဝဘေးရန်ကြောင့် ကြုံတွေ့ရတဲ့ ဘယ်လို ခက်ခဲမှုမျိုးကိုဖြစ်စေ၊ ယုတ်မာ ရက်စက်တဲ့ ဘယ်လို အာဏာရှင်မျိုးကိုဖြစ်စေ ကျနော်တို့ အတူတူ ရင်ဆိုင် ကျော်လွှား အနိုင်ယူကြရမှာ ဖြစ်ပါတယ်။ ဝမ်းနည်း ပူဆွေး ကြေကွဲရမှုတွေနဲ့ မဟုတ်ဘဲ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုတို့ရဲ့ တောက်ပတဲ့ အလင်းရောင်နဲ့ နှစ်သစ်ကို ကြိုဆိုနိုင်တဲ့ အနာဂတ်တခုကို အတူတကွ တည်ဆောက်ကြရမှာ ဖြစ်ပါ တယ်။
ဒီနှစ်သစ်ဟာ ကျနော်တို့အားလုံးရဲ့ နှစ်သစ်ဖြစ်ပါတယ်။ လူထုရဲ့ အားကောင်း ခိုင်မာတဲ့ နှစ်သစ်ဖြစ်ပါတယ်၊ ညီညွတ်ရေးနှစ်သစ် ဖြစ်ပါတယ်၊ အောင်ပွဲနှစ်သစ် ဖြစ်ပါတယ်ဆိုတာ ပြောကြားရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ။
Revolution Must Prevail!
en_GBEnglish