ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း (၄) နှစ်ပြည့်
နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့
တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့ခင်ဗျား
ဒီကနေ့ဟာ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ် (၄) နှစ်ပြည့်မြောက်တဲ့ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားပြည်သူလူထုကြီး တစ်ရပ်လုံးအနေနဲ့ မိမိကိုယ်ကို ခုခံပိုင်ခွင့်ကို ဆုပ်ကိုင် ပြီး အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ကြောင့် ပေါ်ထွက်လာတဲ့ ဖိနှိပ်မှုယန္တရားဟာ ပြည်သူလူထုအားလုံးအတွက် မခံမရပ်နိုင်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ပြည်သူလူထုတစ်ဦးချင်းစီရဲ့ အသက်နဲ့ ခန္ဓာဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ အတွက် စတေးခံရတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။
စစ်အာဏာရှင်တွေဟာ သူတို့ရဲ့အာဏာ သက်ဆိုးရှည်ဖို့အတွက်ဆိုရင် ပြည်သူလူထုတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ချနင်းဖို့ ဝန်မလေးဘူးဆိုတာ ကျွန်တော်တို့အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ ပြီးဖြစ်ပါတယ်။ အဲဒီလို လုပ်ရပ်မျိုးတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင် ကာလတွေမှာလည်း တောင်တန်းဒေသတွေမှာ တွေ့ကြုံခံစားခဲ့ရပြီးဖြစ်ပါတယ်။ အခုလည်း တောင်တန်းနဲ့ ပြည်မဟာ အဖိနှိပ်ခံယန္တရား လက်အောက်မှာ တပြေးညီ နှိပ်စက်ညှင်းပန်းခံနေရတာကြောင့် လူထုဟာ မိမိ ကိုယ်ကို ခုခံပိုင်ခွင့်ကို အသုံးပြုပြီး ခုခံတော်လှန်မှုကို ပြုခဲ့တာဖြစ်ပါတယ်။
တောင်တန်းနဲ့ ပြည်မဟာ လက်နက်ကို သဘောကျလွန်းလို့ လက်နက်ကိုင် ခုခံတော်လှန်စစ်ကို ဆင်နွှဲရ တာ မဟုတ်ဘူးဆိုတာ သတိချပ်ကြဖို့ လိုပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ နှိပ်စပ်ညှဥ်းပန်းမှုကို ခံရလွန်း လို့ မခံမရပ်နိုင်ဖြစ် ပြီး မိမိကိုယ်ကို ကာကွယ်ဖို့ ကြိုးစားကြရတာဖြစ်ပါတယ်။ ဖိနှိပ်ညှဥ်းဆဲခြင်း ကင်းလွတ်မှုကို အာမခံနိုင်တဲ့ အချိန် တစ်ခုမှာ လူထုဟာ လက်နက်နဲ့ ဝေးဝေးနေပြီး ငြိမ်းငြိမ်းချမ်းချမ်း နေလိုတဲ့ စိတ်ဆန္ဒ အပြည့်အဝရှိကြောင်း ကျွန် တော်တို့အားလုံး နားလည်ထားကြပါတယ်။
လူထုရဲ့ ခုခံတော်လှန်စစ်ဟာ စစ်အာဏာရှင်ယန္တရားကြီး တစ်ခုလုံးကို တုန်လှုပ် ခြောက်ခြားစေခဲ့ပါ တယ်။ လက်နက်နဲ့ အနိုင်ကျင့်မှုကို ပြည်သူလူထုတစ်ရပ်လုံးက အလိုမရှိဘူး၊ လက်မခံဘူးဆိုတာ လက်တွေ့ ကာယကံမြောက် ပြသလိုက်တဲ့ ဖြစ်စဉ်ကြီးပဲ ဖြစ်ပါတယ်။
တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့ခင်ဗျား
ကျွန်တော်တို့ လက်ရှိဆင်နွှဲနေတဲ့ ခုခံတော်လှန်စစ်ဟာ တောင်တန်းနယ်နဲ့ ပြည်မနယ်တို့ ပေါင်းစည်းပြီး စစ်အာဏာရှင်ယန္တရားကို စစ်ရေးလက်နက်၊ နိုင်ငံရေးလက်နက်နဲ့ ခုခံတော်လှန်တဲ့ တော်လှန်ရေးလှိုင်း ကြီး ဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ညီညွတ်စွာ ပူးပေါင်းပြီး ခုခံတော်လှန်စစ်ကို ဆင်နွှဲခဲ့ကြပါတယ်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးဟာ စစ်အာဏာရှင် တော်လှန်ရေးအင်အားစု အားလုံးကို ကျောသားရင်သား မခွဲခြားဘဲ၊ လူမျိုးဒေသ မခွဲခြားဘဲ နွေဦးတော်လှန်ရေးရဲ့ ဘုံစုစည်းမှုအပေါ်မှာ ဝိုင်းဝန်း ချီးမြှောက်ခဲ့ ကြပါတယ်။ ဒါ့ကြောင့်လည်း သက်ဆိုင်ရာ ဒေသအသီးသီးမှာ ဒေသခုခံတော်လှန်စစ်ကို ဆင်နွှဲနိုင်တဲ့ တော်လှန်ရေးအင်အားစု အများအပြား ပေါ်ထွက်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး အင်အားစုတွေဟာ တိုင်းရင်းသား တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ခုခံတော်လှန်စစ်ကို ရွတ်ရွတ်ချွံချွံ ပါဝင်ဆင်နွှဲနိုင် ခဲ့ပါတယ်။ ဒီလိုမျိုး ရဲဝံ့ပြတ်သားစွာ ခုခံ တော်လှန်နိုင်ခြင်းကြောင့်လည်း ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်တို့ ထိန်းချုပ်ထားတဲ့ မြို့တွေ ရွာတွေဟာ ရုန်းထ လှုပ်ရှားနိုင်လာကြတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ စစ်ရေးသမိုင်းမှာ မကြုံဖူးတဲ့ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ခုခံ တော်လှန်စစ်ဟာ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ လက်တံခြေတံတွေကို ရိုက်ချိုးပစ်နိုင်တဲ့အထိ စွမ်းရည် ထက်မြက်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အင်အားချိနဲ့မှုဟာ အသက်ထွက် ပြိုပျက်လုနီးပါး အခြေအနေအထိ ရောက်ခဲ့တာတွေ့ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ ယခုအခြေအနေမှာ ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ချို့နဲ့ ကြုံတွေ့ ဖြတ်သန်း နေကြရပါတယ်။ အဲဒါကတော့ အသက်ထွက် ပြိုဆင်းဖို့ တာဆူနေတဲ့ အကြမ်းဖက် မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတာပဲ ဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဟာ ဒုက္ခနဲ့ နေ့တိုင်း အချိန်တိုင်း ယှဉ်တွဲဖြတ်သန်းနေရတဲ့ ပြည်သူ လူထုရဲ့မျက်နှာကို မကြည့်ဘဲ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို ပိုကြည့်နေပါ တယ်။ ဒါဟာ လူထု ခုခံတော်လှန်စစ်အတွက် စိတ်မကောင်းစရာ ကိစ္စတစ်ခုဖြစ်ပါတယ်။
ဒေသတွင်းနိုင်ငံတွေဟာ မိမိတို့ရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး အကြမ်းဖက် မြန်မာစစ်တပ်ကို စစ်ရေး နည်းပညာတွေ အကူအညီ အထောက်အပံ့ပေးနေတာ တွေ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒေသ တွင်းနိုင်ငံများအနေဖြင်လည်း ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုကို မျှော်လင့်ချက်မဲ့ အခြေအနေမျိုးဖြစ်အောင် မလုပ်ဖို့ ကျွန်တော့်အနေနဲ့ ထပ်မံပြီး အနူးအညွှတ် မေတ္တာရပ်ခံလိုပါတယ်။
တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့ခင်ဗျား
ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတဲ့ တိုင်းရင်းသား ပြည်သူလူထုကြီး တစ်ရပ်လုံးအနေနဲ့ အမှောင်မိုက်ဆုံး သော ညနက်တွေကို ဖြတ်သန်းခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အပြင်းထန်ဆုံးသော မုန်တိုင်းတွေကို လည်း ကျော်လွန် ဖြတ်သန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ရောင်နီကို မြင်ခဲ့ရပြီးမှ အလင်းစစ်စစ်ကို မတွေ့ရသလို ဖြစ်နေရပါတယ်။ နွေဦးတော်လှန်ရေးဟာ အကဲဆတ်တဲ့ နိုင်ငံရေး မိုးသက်မုန်တိုင်းတွေကို ဖြတ်သန်းနေရကြောင်း တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို တင်ပြချင်ပါတယ်။
ကျွန်တော်တို့ဟာ နိုင်ငံရေးလောကဓံတွေနဲ့ ကြုံတွေ့ရပြီး တော်လှန်ရေး မိုးသက်မုန်တိုင်းတွေကြားမှာ ရှင်သန် ရုန်းကန်နေကြရပါတယ်။ ခုခံတော်လှန်စစ်မှာ နိမ့်လိုက် မြင့်လိုက်နဲ့ တရွေ့ချင်း ရှေ့ကို တက်လှမ်းနေပါတယ်။ နိုင်ငံရေးအချိုးအကွေ့တွေ၊ တော်လှန်ရေးလှိုင်း အနိမ့်အမြင့်တွေကို ဖြတ်သန်း ရင်း “ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ်” အခြေအနေနဲ့ ရှေ့ဆက်နေကြရပါတယ်။ ခုခံ တော်လှန်စစ်မှာ အတိုးအဆုတ်၊ အတက်အကျနဲ့ အနိမ့်အမြင့်တွေ ဘယ်လောက်ပဲရှိရှိ ကျွန်တော်တို့ ဟာ ပန်းတိုင်ကို မျက်ခြေမပြတ်ဘဲ စူးစူးစိုက်စိုက် တက်လှမ်းနေကြောင်း ပြည်သူလူထုတရပ်လုံးကို တင်ပြချင်ပါတယ်။
တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့ခင်ဗျား
အခုဆိုရင် အကြမ်းဖက် မြန်မာစစ်တပ် ခေါင်းဆောင်တွေဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေးအကူအညီ တွေကို ရယူဖို့ ကြိုးစားနေရုံတင် မဟုတ်ဘဲ ပြည်တွင်းမှာ နိုင်ငံရေးအသက်ရှုပေါက် ချောင်လည်အောင် ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ အဲသည့်အတွက် အတုအယောင် ရွေးကောက်ပွဲကို ဟန်ပြ ကျင်းပပြီး ပြည်သူလူထုကို လှည့်စားဖို့ ကြိုးစားနေပါတယ်။ အတုအယောင် ရွေးကောက်ပွဲဟာ လူထု အတွက် ထွက်ပေါက်မဟုတ်ဘဲ လူထုအတွက် ထောင်ချောက်ဖြစ်နေပါတယ်။
အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင်တွေဟာ လက်နက်နဲ့ သိမ်းယူထားတဲ့ နိုင်ငံတော်အာဏာကို လူထု တရားဝင်မှုနဲ့ ပေါင်းစပ်ဖို့ အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး ကြိုးစားနေတာ တွေ့ရပါတယ်။ ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်း အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးအရ အားပေး ထောက်ခံ နေတာ တွေ့ရပါတယ်။ ဒါဟာ ကျွန် တော်တို့နိုင်ငံမှာ ရေရှည်ငြိမ်းချမ်းတည်ငြိမ်ဖို့အတွက် မဟုတ်ဘဲ ပဋိပက္ခနဲ့ ယဉ်ပါးအောင် တွန်းအားပေးနေတယ် ဆိုတာကို သတိချပ်စေချင်ပါတယ်။ အတုအယောင် ရွေးကောက်ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်ဘဲ ပြည်တွင်းစစ်ကို သက်ဆိုးရှည် အောင် လောင်စာထည့်ပေးသလို ဖြစ်နေပါတယ်။
ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ် လုံးရဲ့ မျက်နှာကို ငဲ့ဖို့ လေးနက်စွာ တောင်းဆိုချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ် လမ်းပြမြေပုံဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်ဖို့ ဝိုင်းဝန်းကူညီပေးပါလို့ တိုက်တွန်း လိုပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးဟာ ပြည်သူလူထုတစ်ရပ်လုံး အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ကူညီအားပေးမှုကို ရရှိမှသာ ပိုမိုမြန်ဆန်စွာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတေ့ာ ကျွန်တော်တို့ရဲ့ ခုခံတော်လှန်စစ်ဟာ လက်ရှိအချိန်မှာ အခက်အခဲ အတားအဆီးတွေ ကြုံတွေ့နေရပေမဲ့ မလျော့သောဇွဲနဲ့ တော်လှန်ရေးပန်းတိုင်ကို ဆက်လက်ဆုပ်ကိုင်ပြီး အတူ ဝိုင်းဝန်းချီတက်ကြဖို့ ထပ်မံပြီး တိုက်တွန်းလိုပါတယ်။ ခုခံတော်လှန်စစ် (၄) နှစ်တာအတွင်း ပုံစံမျိုးစုံဖြင့် တော်လှန်ရေးထဲ ပေးဆပ်ခဲ့ကြတဲ့ မိသားစုဝင်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ရဲ့ အနစ်နာခံ ပေးဆပ်ခဲ့မှုကို ထိရောက် အောင် အဆုံးစွန်ထိ တော်လှန်ရေးပန်းတိုင်ကို မရောက်မခြင်း အလျှော့မပေးဘဲ ဆက်လက် ချီတက် တိုက်ပွဲဝင်ကြမယ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
အရေးတော်ပုံ မုချ အောင်ရမည်။