နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီလိုပါသလား

၂၀၂၄ နှစ်သစ်ကူး နိုင်ငံတော်အခြေပြ မိန့်ခွန်း

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် နှစ်သစ်ကူး နိုင်ငံတော်အခြေပြ မိန့်ခွန်း
၂၀၂၄ ဇန်နဝါရီလ ၁ ရက်

လေးစား ချစ်ခင်ရပါသော ပြည်သူလူထုကြီးခင်ဗျား
မင်္ဂလာရှိသော နှစ်သစ် အခါသမယမှာ ပြည်သူလူထုအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

အခုဆိုရင် ၂၀၂၄ ခုနှစ် နှစ်သစ်အချိန်ကာလကို မကြာမီအချိန်တွင် စတင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အခုကျရောက်လာတဲ့ ၂၀၂၄ ခုနှစ်ဟာ နွေဦးတော်လှန်ရေးကာလ (၃) နှစ်ပြည့်မြောက်ချိန် တဖြည်းဖြည်း ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးကို နွေဦးတော်လှန်ရေးမှာ နိုင်ငံရေး စစ်ရေးအားဖြင့် ပြည်သူလူထုအပေါင်းက ဝိုင်းဝန်း တော်လှန်နေတာဟာ ခိုင်မာသော အောင်မြင်မှုတွေအဖြစ် မျက်ဝါးထင်ထင် တွေ့မြင်လာရပါတယ်။
ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးကို တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ စုပေါင်းပြီး တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးနဲ့ ဒီမိုကရေစီ အခြေခံမူတွေအပေါ်မှာ ဘုံရည်မှန်းချက်ထားပြီး တသားတည်း လျှောက်လှမ်းနေကြပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်ကာလအတွင်းမှာ တောင်တန်းနဲ့ ပြည်မအကြား နီးကပ်သော ပေါင်းစည်းမှုတွေကိုလည်း ကျွန်တော်တို့အားလုံး လက်တွေ့ကျကျ လုပ်ဆောင်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဒီလိုအချိန်ကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ဗဟိုပြု ဖြစ်တည်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နှစ်လမပြည့်ခင် အချိန်ကာလ အတွင်းမှာ မြို့ပေါင်း ၂၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်စခန်းပေါင်း ၄၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်တာ တွေ့ရပါတယ်။ ဒါဟာ ပြည်သူလူထု လွတ်မြောက်မှု တော်လှန်ရေးကြီးရဲ့ အကြီးကျယ်ဆုံးသော ခုခံတော်လှန်စစ်ရလဒ်လို့ ပြောလို့ရနိုင်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ချ အညံ့ခံမှုနဲ့ စခန်းစွန့်ခွာ ထွက်ပြေးမှုတွေဟာလည်း စစ်ရေးနောက်ခံသမိုင်းမှာ မကြုံဖူးလောက်အောင် အရေအတွက် အလုံးအရင်းနဲ့ များပြားလာနေတာကို တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ချအညံ့ခံမှု အရေအတွက်ဟာ ၅၅၀ ကျော် ရှိလာပြီလို့ ပြောနိုင်ပါတယ်။ နေ့စဥ်နဲ့အမျှ စခန်းသိမ်း တိုက်ပွဲတွေအတွင်းမှာ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သား အရေအတွက်က တရိပ်ရိပ်တက်နေတာကိုလည်း တွေ့နေရပါတယ်။ နွေဦးတော်လှန်ရေး ၃ နှစ်နီးပါးအချိန်အထိ ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်သား ၁၈,၀၀၀ ကျော်ကို ချေမှုန်း ခုခံနိုင်ခဲ့တယ်လို့ KNU က ထုတ်ဖော် ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။ ဒီရလဒ်တွေကိုကြည့်ရင် အကြမ်းဖက်စစ်ကောင်စီရဲ့ နေဝင်ချိန် နိဂုံးချုပ်ချိန်ဟာ တဖြည်းဖြည်း နီးကပ်လာနေပြီဆိုတာ ထင်ရှားပါတယ်။ ကျွန်တော်တို့ဟာ စပြီးတဲ့အလုပ်ကို ဆုံးခန်းတိုင်အောင် လုပ်ရမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက် အပြည့်အဝ ချထားပါတယ်။ ဒါ့ကြောင့် ယခုတည်ဆဲ တော်လှန်ရေးအောင်ပွဲတွေနဲ့တင် ကျေနပ် တင်းတိမ်နေမှာ မဟုတ်ဘူးဆိုတာ ပြည်သူလူထုကို သိစေချင်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီ ပြိုကွဲ နိဂုံးချုပ်ချိန်အထိ ခုခံတော်လှန်စစ်ရေးအရှိန်ကို တသမတ်တည်း တရစပ် ထိုးနှက်နိုင်အောင် ကျွန်တော်တို့အားလုံး ကြိုးစားနေကြပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးဟာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ တူညီသော နိုင်ငံရေးဆုံချက်အဖြစ် ခိုင်ခိုင်မာမာ တည်ရှိနေကြောင်း လက်တွေ့ ကာယကံမြောက် ပြသနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။

ပြည်သူလူထုကြီးခင်ဗျား
အကြမ်းဖက်စစ်ကောင်စီရဲ့ ပြိုလဲမှုတွေဟာ တအိအိနဲ့ တဖြည်းဖြည်းချင်း ပြိုဆင်းနေတာကို ထင်ထင်ရှားရှား တွေ့နေရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူထုဆီမှာ အညံ့မခံလိုတာကြောင့် နောက်ဆုံးထွက်သက်အထိ ယုတ်မာရက်စက်မှုတွေကို အစွမ်းကုန် ပြသနေပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရေးရှုံးနိမ့်မှုဟာ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ တပ်မမှူးတွေတောင် တိုက်ပွဲမှာ ကျရှုံးတာတွေကို တွေ့ရလို့ သမိုင်းမှာ မရှုမလှဖြစ်တဲ့ တကယ့်အရှုံးနဲ့ ရင်ဆိုင်နေရတာ တွေ့ရပါတယ်။ ခုခံတော်လှန်စစ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့်ရှိသူတွေ အများအပြား ကျရှုံး ဖမ်းဆီးခံလာရတာတွေလည်း ရှိလာပါတယ်။ စစ်ကောင်စီဟာ မြေပြင် စစ်ရေးမျက်နှာစာမှာတင် ပြိုလဲနေတာ မဟုတ်ပါဘူး၊ နိုင်ငံတကာ သံတမန်အရေးမှာလည်း လူရာမဝင်တဲ့ အဖြစ်မျိုးအထိ ဖြစ်လာတာ တွေ့ရပါတယ်။ စစ်အာဏာရှင်စရိုက်ကို ဘယ် နိုင်ငံတကာ အသိုက်အဝန်းကမှ လူရာမသွင်းဘူးဆိုတာကို နိုင်ငံတကာဇာတ်ခုံမှာ မျက်ဝါးထင်ထင် တွေ့မြင်လာရပြီဖြစ်ပါတယ်။ အလားတူ ဘဏ္ဍာရေး စစ်မျက်နှာမှာလည်း နိုင်ငံခြားအရန်ငွေ ပြတ်လပ်မှုဒဏ်ကို စစ်ကောင်စီ မရှုမလှခံနေရတာ မြင်တွေ့နေရပါတယ်။ ပြည်ပရောက် ကျွန်တော်တို့နိုင်ငံသားတွေရဲ့ တော်လှန်လိုစိတ်၊ အာဏာဖီဆန်လိုစိတ်နဲ့ အကြမ်းဖက်စစ်တပ်ဆီ နိုင်ငံခြားငွေ စီးဝင်မှုမရှိအောင် ကြိုးပမ်းအားထုတ်ပေးကြတဲ့အတွက် အခုလို စစ်ကောင်စီကို အရှိုက်ထိအောင် ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ထို့အတူ အကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေ မသုံးစွဲရေး သပိတ်မှောက်တဲ့ ကမ်ပိန်းတွေကြောင့်လည်း စစ်ကောင်စီရဲ့ဝင်ငွေကို ပညာသားပါပါ လျှော့ချ ဖြတ်တောက်နိုင်ခဲ့ကြပါတယ်။

ပြည်သူတဦးချင်းအနေနဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ရာမှာ လက်နက်ကိုင်တော်လှန်မှ တော်လှန်ရေးမဟုတ်ဘဲ မိမိတို့ ကျရာ နိုင်ရာ အခန်းကဏ္ဍကနေ အာဏာဖီဆန်တဲ့လုပ်ရပ်တွေ ဆောင်ရွက်ခြင်းကလည်း ထိရောက်အောင်မြင်တဲ့ တော်လှန်ရေးနည်းနာတရပ် ဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော့်အနေနဲ့ တော်လှန်ပြည်သူအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုလိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်တွေအနေနဲ့ မိမိတို့ရဲ့ အရှိတရားကို မိမိတို့ ပြန်မြင်သင့်ပြီလို့ ယူဆပါတယ်။ ကိုယ့်အကြောင်း ကိုယ်သိပြီး ပြည်သူလူထုကို ညှဥ်းပန်းနှိပ်စက်တဲ့ စစ်ရာဇဝတ်ကောင်အဖြစ်က ရုန်းထွက်ဖို့ စဥ်းစားသင့်ပြီ။ တိုင်းပြည်နဲ့လူထုကို စစ်တလင်းဆီ ဆွဲခေါ်လာတဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ကွယ်က အကျိုးဆက်တွေဟာ နေ့စဥ်နဲ့အမျှ ပြည်သူလူထုရဲ့ အထွေထွေ စားဝတ်နေရေး ဘေးဒုက္ခတွေနဲ့ အတောမသတ်နိုင်အောင် ဖြစ်နေရပါတယ်။

ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် လက်နက်ကိုင် ခုခံတော်လှန်စစ်ကို ဦးဆောင် ဆင်နွှဲနေတဲ့ တော်လှန်ရေးအစိုးရဖြစ်ပေမယ့် တဘက်မှာလည်း နိုင်ငံထူထောင်ရေးအတွက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း မျဥ်းပြိုင်သဖွယ် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ရေးနည်းလမ်းနဲ့ တော်လှန်ရေးလမ်းစဥ်ကိုပဲ ဗဟိုပြုထားတာ မဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ တာဝန်ကို ထမ်းဆောင်နေသလို ထိန်းချုပ်ထားနိုင်တဲ့ မြို့ရွာဒေသတွေမှာလည်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်အောင် တတပ်တအားနဲ့ ကြိုးစားနေပါတယ်။

လက်နက်ကိုင် ခုခံတော်လှန်စစ်ကို ဆင်နွှဲနေသည့်တိုင် ကျွန်တော်တို့ဟာ ဖက်ဆစ်စစ်တပ်ရဲ့ အမူအကျင့်တွေကို ကူးစက်ခံလို့ မရဘူးဆိုတာ သတိပြုဖို့လိုပါတယ်။ အာဏာရှင်ကို တိုက်ထုတ် တော်လှန်နေသူတွေမှာ အာဏာရှင် အကျင့်စရိုက်မျိုး လုံးဝ ပြုမူလို့မရပါ။ ခုခံတော်လှန်စစ်မှာ တရားသောစစ်၏ စစ်ရေးနည်းလမ်းတွေအတိုင်း လိုက်နာကြဖို့လိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက အလေးအနက်ထား ချမှတ်ထားတဲ့ စစ်ရေးကျင့်ဝတ်တွေကို လေးစား လိုက်နာကြရပါလိမ့်မယ်။ စစ်မြေပြင်မှာ စစ်ဥပဒေ ကျင့်ဝတ်စည်းကမ်းတွေကို အလေးထားလိုက်နာဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်ထားတဲ့လက်တွေဟာ နိုင်ငံရေးမူမရှိ၊ စစ်ရေးကျင့်ဝတ်မရှိ ဖြစ်နေရင် ဒါဟာ တော်လှန်ရေးရဲ့အညွန့်ကို ရိုက်ချိုးသလို ဖြစ်ပါလိမ့်မယ်။ ဒါကိုသတိချပ်ဖို့ အထူး အလေးအနက်ထား တိုက်တွန်းလိုပါတယ်။

ပြည်သူလူထုကြီးခင်ဗျား
နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲရလဒ်တွေ တရစ်ပြီးတရစ် တိုးတက်လာတာနဲ့အမျှ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုကျူးလွန်လာတာ တွေ့ရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုရဲ့နေအိမ်ပေါင်း ၉၀,၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးပြီး လူထုကို ငြိမ်ဝပ်ပိပြားအောင် ဖိနှိပ်ခဲ့ပါတယ်။ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ လက်နက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ရင်း/တပ်သားတွေရဲ့ ဖျက်လိုဖျက်ဆီး အလုပ်ခံနေရပါတယ်။ စစ်ကောင်စီဟာ သူ့ရဲ့အာဏာ လက်မလွှတ်ရရေးအတွက် အရပ်သား ပြည်သူလူထုကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလုပ်ခဲ့တာ အကြိမ်ရေ ၁၇၀ ထက်မနည်းရှိခဲ့တာ တွေ့ရပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီး ၃ နှစ်နီးပါးကာလအတွင်း အရပ်သားပြည်သူလူထု ၄,၀၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မဟန့်တားနိုင်သရွေ့ လူထုကရရှိတဲ့ ဘေးဒုက္ခတွေ တဖြည်းဖြည်း ကြီးမား နက်ရှိုင်းလာနေမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးတာဝန်ထဲမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရေးဟာ တော်လှန်ရေးမူကြီးတခုအနေနဲ့ ဦးစားပေး ချမှတ်ထားတာဖြစ်ပါတယ်။

ပြည်သူလူထုကြီးခင်ဗျား
ကျွန်တော်တို့ နွေဦးတော်လှန်ရေးအင်အားစု အားလုံးဟာ အာဏာရှင် ခေတ်စနစ်ဆိုးကို အမြစ်ဖြတ် ချုပ်ငြိမ်းစေပြီး သမိုင်းသစ်ကို ပုံဖော်နေကြတာဖြစ်ပါတယ်။ ဒီလို သမိုင်းသစ်ကို ပုံဖော်တဲ့နေရာမှာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ မူဘောင်တွေကို ခိုင်ခိုင်မာမာ ချမှတ်ပြီး အင်အားစုအားလုံးနဲ့ စုပေါင်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ သမိုင်းတခေတ်ကို ဖွင့်လှစ်နိုင်ဖို့ဟာ ကျွန်တော်တို့အတွက် အရင်းအနှီး ကြီးလှပါတယ်။ ထိခိုက်ဆုံးရှုံးမှုတွေ အမြောက်အများရှိခဲ့သလို အသက်သွေးချွေးနဲ့ ပေးဆပ်ခဲ့ရတာတွေကလည်း တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဒါ့အပြင် အာဇာနည် သူရဲကောင်းတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အုတ်မြစ်တည်ပြီး သမိုင်းသစ်ရဲ့အခြေဟာ တဖြည်းဖြည်း ခိုင်မာလာနေပြီဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အားလုံး အလေးအမြတ်ပြုရမှာဖြစ်တယ်။ လွတ်လပ်မှုဟာ အလကားမရနိုင်ပါဘူး။ တန်ရာတန်ကြေး ပေးဆပ်ပြီး ထိုက်တန်တဲ့ ရင်းနှီးမှုတွေနဲ့ တက်လှမ်း ဆုပ်ကိုင်ဖို့ ကြိုးစားနေကြရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးနဲ့ပတ်သက်သော မည်သည့်အရေးကိစ္စမဆို အသေးအဖွဲရယ်လို့ သဘောမထားဘဲ အလေးအနက်ထားလုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။

ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အနေနဲ့လည်း ပြည်သူလူထု ကိုးစားထိုက်သော အရည်အချင်းတွေ ပြည့်မီအောင် အမြဲမပြတ် ဖြည့်တင်းပြီး လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် လူထုကသွန်သင်တဲ့ လမ်းညွှန်ချက်တွေကို တော်လှန်ရေးမူတွေနဲ့ မသွေဖီစေဘဲ လက်တွေ့အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံးက ကြိုးစားပါ့မယ်။ စုစည်းညီညွတ်မှုဟာ တော်လှန်ရေးကာလအတွင်းမှာလည်း အရေးကြီးသလို တည်ဆောက်ရေးကာလမှာလည်း အထူးအရေးကြီးကြောင်း သတိပြုစေချင်ပါတယ်။ တိုင်းပြည်ကို စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အားလုံး တပြိုင်နက်တည်း ပန်းတိုင်ရောက်ဖို့အတွက် ညီညွတ်သော နိုင်ငရေးတပ်ပေါင်းစုအနေနဲ့ လှမ်းချီ လျှောက်လှမ်းနေကြပါတယ်။

ပြည်သူလူထုအားလုံး သိကြတဲ့အတိုင်း ကျွန်တော်တို့ နွေဦးတော်လှန်ရေးဟာ ကဏ္ဍပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံကနေ လမ်းစဥ်အသွယ်သွယ်နဲ့ ဗဟိုဆုံချက်တခုတည်းကို ဦးတည်ပြီး လုပ်ဆောင်နေတဲ့ ဖြစ်စဥ်ကြီးတခုဖြစ်တာ ထင်ရှားပါတယ်။ အဲသည့်ဖြစ်စဥ်ကြီးထဲမှာ လက်နက်ကိုင် ခုခံတော်လှန်စစ်ဟာ အဓိက တော်လှန်ရေးလမ်းစဥ်တခုဖြစ်ပြီး အလားတူ အရေးကြီးတဲ့ လူထုနိုင်ငံရေးလမ်းစဥ်ကိုလည်း အဓိကလမ်းစဥ်အဖြစ် ပေါင်းစပ်ကျင့်သုံးတာကို တွေ့ရမှာဖြစ်ပါတယ်။ စစ်အာဏာရှင် အမြစ်ပြတ် ချုပ်ငြိမ်းရေးကို လုပ်ဆောင်တဲ့နေရာမှာ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီးတော့ အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံးသောလမ်းစဥ်ကို ရွေးချယ်ကြရပါတယ်။ ကျွန်တော်တို့ဟာ လူထုအားလုံးပါဝင်သည့် နိုင်ငံရေးလမ်းစဥ်ကို တော်လှန်ရေးရဲ့ ညာဘက်ခြေထောက်ကဲ့သို့ သဘောထားပြီး လက်နက်ကိုင် ခုခံတော်လှန်စစ်ကို တော်လှန်ရေးရဲ့ ဘယ်ဘက်ခြေထောက်ကဲ့သို့ သဘောထားကာ အလှမ်းညီညီ တက်လှမ်းနေကြပါတယ်။ ကျွန်တော်တို့ဟာ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ဆင်နွှဲနေရသည့်တိုင်အောင် မူမဲ့ လမ်းစဥ်မဲ့ လျှောက်လှမ်းနေကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ တော်လှန်ရေးမူ ရှိပါတယ်။ ကျွန်တော်တို့မှာ တည်ဆောက်ရေးမူ ရှိပါတယ်။ အခုဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ ကြားကာလ အုပ်ချုပ်စီမံရေး ယန္တရားတွေကို ဒေသန္တရအဆင့်မှာ ခြေခြေမြစ်မြစ် အကောင်အထည်ဖော်နေကြတာ တွေ့ရပါလိမ့်မယ်။

ပြည်သူလူထုကြီးခင်ဗျား
နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးဟာ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသား အားလုံးကို ပစ်ပယ်မထားပါဘူး။ ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးခြင်းနိုင်ငံတွေအပြင် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး လိုအပ်တာတွေကို ကူညီနေတာ တွေ့ရပါတယ်။ အဲသည့်အတွက် နိုင်ငံတကာအသိုက်အဝန်းတခုလုံးကို ကျွန်တော်တို့ ပြည်သူလူထုတွေကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းအသီးသီးနဲ့ ကမ္ဘာသူကမ္ဘာသားအားလုံးဟာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို မှတ်တမ်းတွေ၊ သက်သေအထောက်အထားတွေနဲ့ စနစ်တကျ စုစည်းရယူထားပြီးဖြစ်ပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မြန်မာစစ်တပ် ကျူးလွန်ခဲ့တာဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုမဖြစ်ခင် အချိန်ကတည်းကဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ထိထိရောက်ရောက် အရေးယူဖို့ လုပ်ဆောင်နေကြပါတယ်။ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဟာ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းကြီးတခုလို ဖြစ်နေတာကို နိုင်ငံတကာလူထုက မျက်ဝါးထင်ထင် မြင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ တရားမဝင် စစ်စီးပွားရေးတွေနဲ့ တိုက်ရိုက်ပတ်သက်နေပြီး တိုင်းပြည်နဲ့လူထုကို ဂုတ်သွေးစုပ် အမြတ်ထုတ်တဲ့ စီးပွားရေးဂိုဏ်းတွေကို လက်သပ်မွေးပြီး သက်ဆိုးရှည်နေတာ ထင်ထင်ရှားရှား တွေ့ရမှာဖြစ်ပါတယ်။

ပြည်တွင်းမှာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေသလို နယ်စပ်ဒေသတွေမှာလည်း ဒေသတွင်း မတည်ငြိမ်မှုကို ဖန်တီးတဲ့ ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေကနေ စစ်ကောင်စီက တိုက်ရိုက် အကျိုးအမြတ်ရနေပါတယ်။

စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ပြီး မူးယစ်ဆေးဝါး၊ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ စစ်ကောင်စီဟာ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတခုလို ဖြစ်နေတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း တခုလုံးအနေနဲ့ စစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် လုပ်ရပ်မျိုးတွေ မလုပ်ကြဖို့ အထူး မေတ္တာရပ်ခံချင်ပါတယ်။

ကျွန်တော်တို့ ပြည်သူတရပ်လုံးကို တရားမျှတမှုနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေအတွက် ဝိုင်းဝန်း ထောက်ပံ့ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ မြန်မာနိုင်ငံမှာ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖြစ်ထွန်းမှုကို ဆောင်ကြဥ်းနိုင်တဲ့အခါ ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား နယ်စပ်ဒေသ တည်ငြိမ်မှုနဲ့ အပြန်အလှန် စီးပွားကုန်သွယ်ကူးလူးမှုတွေကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေရဲ့ ကောင်းကျိုးကို သယ်ဆောင်ပေးနိုင်မယ့် တိုင်းပြည်အဖြစ် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

အခုဆိုရင် ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း ၃ နှစ်နီးပါး ကြာမြင့်လာချိန်အတွင်းမှာ မြန်မာနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂.၆ သန်းကျော်အထိ ရှိလာပြီဖြစ်ပါတယ်။ UNOCHA ရဲ့ တရားဝင် ထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံမှာ ပြည်သူ ၁၈.၆ သန်းနီးပါးဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အထူးလိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျွန်တော်တို့နိုင်ငံအတွင်းက ပြည်သူလူထုကို လျစ်လျူရှုမထားဖို့နဲ့ ကာယကံမြောက် ကူညီပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံလိုပါတယ်။

ပြည်သူလူထုကြီးခင်ဗျား
အခုဆိုရင် နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေးအင်အားစုအသီးသီးဟာ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း နှစ်သစ်ကို ဖြတ်သန်းနေပါတယ်။ ပြည်သူလူထုအားလုံးရဲ့ ကောင်းချီးသြဘာပေးမှုတွေကို နွေဦးတော်လှန်ရေးအတွင်း အင်အားစုအသီးသီး ပြည့်ပြည့်ဝဝ ထွေးပိုက်ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။
နွေဦးတော်လှန်ရေး ဘက်တော်သားအားလုံးဟာ မိမိတို့မိသားစုနဲ့ မိမိတို့ရဲ့အိမ်ကနေ စွန့်ခွာပြီး အဝေးမြေမှာ တော်လှန်ရေးတာဝန်တွေကို ကျေပြွန်အောင် ထမ်းဆောင်နေကြရပါတယ်။ သမိုင်းတခေတ်ကို ရေးထိုးနေကြတဲ့ တော်လှန်ရေးဘက်တော်သား အားလုံးကို ဒီနေရာကနေ အလေးအနက်ထား ဦးညွှတ်ကြောင်း ပြောကြားလိုပါတယ်။

နွေဦးတော်လှန်ရေးအတွင်းမှာ ခက်ခဲကြမ်းတမ်းသော အချိုးအကွေ့တွေကို ကျွန်တော်တို့ ထပ်မံ ဖြတ်သန်းရဖို့ ရှိပါတယ်။ ဒါ့အပြင် မဝေးသော တောင်စွယ်မှာ တော်လှန်ရေးရောင်နီကိုလည်း အထင်းသား မြင်နေကြရပြီဆိုတာ မမေ့ဖို့လိုပါတယ်။ လူထုဘက်တော်သားအားလုံးဟာ ဒီလမ်းခရီးကို လွယ်ကူလို့ လျှောက်ခဲ့တာ မဟုတ်ဘူးဆိုတာ ကျွန်တော့်အနေနဲ့ နားလည်ပါတယ်။ ခက်ခဲကြမ်းတမ်းမှန်း သိပါလျက်နဲ့ အသိဉာဏ် ဆင်ခြင်တုံတရားအပြင် ယုံကြည်ချက်သတ္တိကိုသုံးပြီး နင်းလျှောက်ခဲ့ကြတာဖြစ်လို့ ဒီအားထုတ်မှု လုံ့လတွေဟာ အလဟဿမဖြစ်ဘူးဆိုတာ ယုံကြည်ပါတယ်။ ထိုက်တန်တဲ့ အကျိုးရလဒ်ကို အခုအခြေအနေမှာ ရသင့်သလောက် ရလာကြပြီဖြစ်သလို အကျိုးရလဒ်ကောင်းတွေကို မကြာသော အနာဂတ်ကာလမှာ ထပ်မံရရှိလာဖို့ မျှော်လင့်ပါတယ်။ အခု ၂၀၂၄ ခုနှစ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီ အမြန်ဆုံး ပြိုကျရေးအတွက် နောက်ဆုံး ပွဲသိမ်းရိုက်ချက်အဖြစ် စစ်ရေးအရှိုက်ထိအောင် အပြင်းထန်ဆုံး တော်လှန်ကြဖို့ တိုက်တွန်းလိုပါတယ်။ ခုခံတော်လှန်စစ်ရဲ့ စစ်ရေးလှိုင်းလုံးတွေနဲ့ စစ်ကောင်စီရဲ့ အဓိက ပင်မ စစ်ရေးဗဟိုချက်ကို ဖြိုချနိုင်တဲ့အထိ တက်လှမ်းပြီး တော်လှန်ရေးအောင်ပွဲကို ရယူကြပါစို့လို့ ပြောကြားချင်ပါတယ်။

နွေဦးဘက်တော်သားအားလုံးနဲ့ ပြည်သူလူထုအပေါင်းတို့ခင်ဗျား
၂၀၂၄ ရဲ့ နှစ်သစ်အခါသမယမှာ တော်လှန်ရေးခွန်အားများနဲ့အတူ ရေရှည်ကို မြော်မြင်တတ်သော ဉာဏ်သတ္တိဖြင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်ကို ထူထောင်ကြဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်း အသီးသီးအကြား နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍတွေမှာ ပိုမိုခိုင်မြဲတဲ့ စုစည်းညီညွတ်မှုကို တည်ဆောက်နိုင်ပြီး အကျယ်ပျံ့ဆုံးသော လူထုနိုင်ငံရေးလမ်းစဥ်နဲ့အတူ ခုခံတော်လှန်စစ်ရဲ့ အဆုံးသတ်တိုက်ပွဲကို ယခုနှစ်မှာ အားလုံး ဝိုင်းဝန်း ရယူကြပါစို့လို့ တိုက်တွန်း နှိုးဆော်ရင်း နှစ်သစ်ကို ကြိုဆိုလိုက်ချင်ပါတယ်ခင်ဗျား။

အရေးတော်ပုံ မုချ အောင်ရမည်။

 

PDF ဖိုင် ရယူရန် (ဗမာဘာသာ)

 

PDF ဖိုင် ရယူရန် (အင်္ဂလိပ်ဘာသာ)
my_MMMyanmar