ဒူဝါလရှီးလ

ဒူဝါလရှီးလသည် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR) ဥက္ကဋ္ဌဖြစ်ပြီး ကချင်လူမျိုး နိုင်ငံရေးသမားနှင့် ရှေ့နေလည်းဖြစ်သည်။ ဒူဝါလရှီးလကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုန်းစီးကျေးရွာတွင် မွေးဖွားခဲ့သည်။ အလယ်တန်းပညာကို ကွတ်ခိုင်မြို့ အမျိုးသား ခရစ်ယာန်ကျောင်း (National Christian School) တွင် ဆည်းပူးခဲ့သည်။ ထို့နောက် လားရှိုး အထက်တန်းကျောင်းမှ “ခ” အဆင့်ဖြင့် အောင်မြင်ခဲ့ပြီး ဇာတိရပ်ရွာဖြစ်သော မုန်းစီးကျောင်းတွင် ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းနောက် မေမြို့ စိန့်မိုက်ကယ်ကျောင်း (အ.ထ.က – ၄) တွင် ၁၀ တန်း ပြန်လည်ဖြေဆိုခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဉပဒေပညာကို သင်ယူခဲ့သည်။ ဘီအေဘွဲ့ကို ၁၉၇၄ ခုနှစ်တွင် ရရှိခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် L.L.B ဘွဲ့ကို ထပ်မံရရှိခဲ့သည်။
ရှေ့နေအဖြစ် (၂) နှစ်ကြာ မြစ်ကြီးနားနှင့် လားရှိုးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၇၈ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ဥပဒေအရာရှိအဖြစ် (၁၆) နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အစိုးရဝန်ထမ်းအလုပ်မှ အနားယူပြီး လူမှုအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် School of Intensive English Program (IEP) ယခု Institute of Liberal Arts and Sciences (ILAS) ကျောင်းကို စတင်တည်ထောင်ရာ၌ ပါဝင်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း World Concern အဖွဲ့အစည်း စတင်ဖွဲ့စည်းရာတွင်လည်း ဦးဆောင်ပါဝင်လုပ်ကိုင်လျက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ၂၀၀၄ မှ ၂၀၁၀ ခုနှစ်အထိ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၌ (၇) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံတကာ INGO များနှင့်လည်း ပူးပေါင်းလုပ်ကိုင်ခဲ့ကာ ၂၀၁၀ ခုနှစ်မှစ၍ Hope International Development Agency တွင် (၄) နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ Transnational Institute (TNI) ၊ UNODC တို့နှင့်လက်တွဲကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ရှမ်းပြည်နယ် ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး (၄) နှစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR) ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ဒူဝါလရှီးလသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာချက်အမှတ် ၃၁/၂၀၂၁ ဖြင့် ယာယီသမ္မတ (Acting President) အဖြစ် ခေါ်ဝေါ်သုံးစွဲရန် အတည်ပြု ထုတ်ပြန် ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော် ယာယီသမ္မတအဖြစ် တာဝန် ဝတ္တရားများကို ထမ်းဆောင်လျက်ရှိသည်။
ဒူဝါလရှီးလသည် အင်္ဂလိပ်၊ မြန်မာ နှင့် ရှမ်း ဘာသာစကားများကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ပြီး ကချင်မျိုးနွယ်စု ဘာသာစကားများဖြစ်သည့် ဇိုင်ဝါး၊ လချိတ်၊ လော်ဝေါ်စသည့် ဘာသာစကားများကိုလည်း အတော်အသင့် နားလည်သည်။