၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့
ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာကြတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကောင်မတီမှ လွှတ်တော်အမတ်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် အခမ်းအနားကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက် သအပ်ပါတယ်။ ဒီနေ့ အခမ်းအနားကို ပူးတွဲကျင်းပကြတဲ့ NUG၊ NUCC နဲ့ CRPH မှ တာဝန်ရှိသူ ကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ဒီနေ့ (၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားဟာ ကျွန်တော်တို့နိုင်ငံအတွက် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရခြင်း အတိတ်သမိုင်းကြောင်းကို ပြန်ကြည့်ရင်၊ ဒုတိယကမ္ဘာစစ်အပြီးကာလမှာ ခေတ်သစ်နိုင်ငံတော်သစ်တစ်ခု ပြန်လည်ထူထောင်ကြတဲ့ အခြေအနေကို တွေ့ရပါတယ်။ အဲသည့်လို ခေတ်သစ်နိုင်ငံတော်သစ်ကို တည်ထောင်ရာမှာ၊ ကျွန်တော်တို့ ရှေ့က ခေါင်းဆောင်ကြီးတွေဟာ အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီးနဲ့ ခေတ်သစ် နိုင်ငံတော်တစ်ခုကို စုပေါင်းတည်ဆောက်ခဲ့ကြတယ်ဆိုတာကို တွေ့ရပါတယ်။ ပင်လုံစာချုပ်ဟာ ခေတ်သစ်နိုင်ငံတော်သစ်တစ်ခု တည်ထောင်ခြင်းရဲ့ ကနဦး နိုင်ငံရေးပဋိညာဉ်တစ်ရပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ပင်လုံသဘောတူညီမှုနဲ့ ကျွန်တော်တို့ရဲ့ ခေတ်သစ်နိုင်ငံတော် တည်ထောင်ခြင်း အစကို နိဒါန်းချီခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါဟာ တောင်တန်းနဲ့ ပြည်မ ပေါင်းစည်းခြင်းရဲ့ အမှတ် သင်္ကေတလည်းဖြစ်သလို၊ ပြည်ထောင်စုအဖြစ် ဖွဲ့တည်လာတဲ့ နိုင်ငံရေးပဋိညာဉ်အဖြစ်လည်း ထင်ရှားတာတွေ့ရပါတယ်။
ပင်လုံသဘောတူညီချက်ရဲ့ အဓိက အနှစ်အသားတွေကို လိုရင်းချုပ်ကြည့်လိုက်ရင် – တန်းတူညီမျှမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ အပေါ်မှာ အခြေခံ အုတ်မြစ် တည်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် လွတ်လပ်ပြီးခေတ်နောက်ပိုင်းမှာပဲ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတည်ဆောက်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးကို ဖြောင့်ဖြောင့်မတ်မတ် မလုပ်နိုင်ဘဲ “က,ဖျက် ယ,ဖျက်” လုပ်ခံရတဲ့ အဖြစ်မျိုးနဲ့ ကြုံခဲ့ကြရပါတယ်။ အထူးသဖြင့် ပင်လုံသဘောတူညီမှုရဲ့ အနှစ်သာရတွေကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့တဲ့ အဓိက ရင်းမြစ်ပြဿနာတွေကို ဆန်းစစ်ကြည့်ရင်၊ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒတွေ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုဖြစ်တည် မှုဟာ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒ ကြီးစိုးတာကြောင့် အနှစ်သာရ ပြည့်ဝတဲ့ ပြည်ထောင်စု ကြီးအဖြစ် ပြည့်ပြည့်ဝဝ – ပီပီပြင်ပြင် မရောက်ရှိခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရေးဝါဒ တိုက်ပွဲတွေနဲ့ အာဏာအကျိုးစီးပွားပဋိပက္ခတွေကြောင့် ဂိုဏ်းဂဏပြဿနာတွေနဲ့ တရားသေဝါဒ ချောက်ကမ်းပါးထဲကို ထိုးကျခဲ့တာလည်း တွေ့ရပါတယ်။
ပင်လုံသဘောတူညီမှုရဲ့ အကျိုးဆက်နဲ့ ၁၉၄၈ ခုနှစ်မှာ အင်္ဂလိပ်ကိုလိုနီလက်အောက်က လွတ်မြောက်ခဲ့ပေမယ့်၊ ကျွန်တော်တို့ နိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးတွေဟာ ဗမာလူမျိုးကြီး ဝါဒရဲ့ နိုင့်ထက်စီးနင်း လုပ်မှုတွေကို ထပ်မံ ခံစားလာခဲ့ကြရပါတယ်။ လွတ်လပ်ရေးနဲ့ အတူ ပြည်တွင်းစစ်လည်း တစ်ပါတည်း ပါလာခဲ့တာဟာ ပင်လုံသဘောတူညီချက်တွေထဲက တိုင်းရင်း သားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို လျစ်လျှူရှုခဲ့လို့/ မျက်ကွယ်ပြုခဲ့လို့ဆိုတာ အင်မတန် ထင်ရှားပါတယ်။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ စစ်အာဏာရှင်ဝါဒီတွေရဲ့ အဖျက်အမှောက် တွေထဲမှာ ဝဲ,လည်လိုက်နေတာ တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ဗမာလူမျိုးတွေအပါအဝင် ဗမာမဟုတ်တဲ့ လူမျိုးတွေလည်း လွတ်လပ်မှုနဲ့ ကင်းကွာပြီး၊ အထွေထွေဆင်းရဲဒုက္ခကို ကျရောက်နေတာ အင်မတန် ထင်ရှားပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးဟာ ဗမာနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရယ်လို့ ခွဲခြား တော်လှန်နေတဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ နွေဦးတော်လှန်ရေးဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ရှိတဲ့ လူမျိုးစုအားလုံး၊ ပြည်သူလူထုအားလုံး/ နိုင်ငံသားအားလုံး လွတ်မြောက်ရေးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ နိုင်ငံရေးအရ လွတ်မြောက်ရေးဖြစ်သလို၊ လူမျိုးရေးအရလည်း လွတ်မြောက်ရေး ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုလူတန်းစားအားလုံးဟာ အဖိနှိပ်ခံဘဝမှ အလုံးစုံလွတ်မြောက်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသူ – နိုင်ငံသားအားလုံးဟာ လက်နက်နဲ့ ဖိနှိပ်ခံရတဲ့ ဘေးဒုက္ခကနေ အလုံးစုံ လွတ်မြောက်ရေးဖြစ်ပါတယ်။ လိုရင်းချုပ်ပြီး ပြောရရင် ကျွန်တော်တို့ အားလုံးဟာ “ကြောက်ရွံ့မှုကနေ လွတ်မြောက်ရေး” ဖြစ်ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးရဲ့ အနှစ်သာရဖြစ်ပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးဟာ လွတ်လပ်ပြီး ခေတ်နောက်ပိုင်း ဖြစ်ပျက်ကြုံတွေ့ခဲ့တဲ့ တော်လှန်ရေးတွေထဲမှာ အကြီးကျယ်ဆုံး၊ အပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးသော လူထုတော်လှန်ရေးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး အသိအမှတ်ပြု ကြဖို့ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးအတွင်းမှာ ပင်လုံသဘောတူညီမှုကဲ့သို့ ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိညာဉ်တစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ပေါက်ရေးကို ကျွန်တော်တို့ အလိုရှိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးစုအားလုံး ပေါင်းစည်းဖွဲ့တည်ထားတဲ့ မဟာမိတ်စစ်ရေး တပ်ပေါင်းစု ကြီး ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့ အားလုံး မျှော်လင့်ထားကြပါတယ်။ လက်ရှိ အချိန်မှာ ဘုံရန်သူဟာ တစ်ယောက်တည်း / တစ်စုတစ်ဖွဲ့တည်းဆိုတာ ထင်ရှားနေပြီး ဖြစ်ပါတယ်။ အဲသည့် ဘုံရန်သူဟာ အာဏာသိမ်းစစ်ကောင်စီပဲဖြစ်ပါတယ်။ ဘုံရန်သူကို ထင်ထင်ရှားရှား မြင်တွေ့နေရ ချိန်မှာ၊ ကျွန်တော်တို့ဟာ အချင်းချင်း – အာရုံမများကြဖို့လည်း လိုပါတယ်။ လိုရင်းကို ရောက်အောင် လုပ်ကြမှ၊ လူထုအတွက် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေဟာ အမြန် ပြီးပြတ်နိုင်မယ်လို့ ပြောချင် ပါတယ်။ ဘုံရန်သူကို ချေမှုန်းတဲ့နေရာမှာ ကျွန်တော်တို့ဟာ ဝေ့နေဝိုက်နေလို့ မရပါဘူး။ “ခတ်ကွင်းပြင်” ပြီး အချိန်ကုန်နေလို့လည်း မရဘူးလို့ ပြောချင်ပါတယ်။ ခုခံတော်လှန်စစ်မှာ – စစ်ရေးကြိုတင်ပြင်ဆင်မှုတွေဟာ အရေးကြီးတာ မှန်ပေမယ့် “သံပူတုန်း နာနာ မနှက်နိုင်ဘူး” ဆိုရင် ကျွန်တော်တို့ရဲ့ တော်လှန်ရေးသမိုင်းမှာ ရတောင့်ရခဲ အခွင့်အလမ်းတွေကို ဆုံးရှုံးနိုင်တယ်ဆိုတာ သတိချပ်ကြဖို့ ဖြစ်ပါတယ်။ ဘုံရန်သူကို ဝိုင်းဝန်း ချေမှုန်းတဲ့နေရာမှာ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုအချင်းချင်းအကြား ပွတ်တိုက်မှုတွေ၊ ထိပ်တိုက်တိုးမှုတွေ မဖြစ်အောင် သတိရှိကြဖို့ ကျွန်တော့်အနေနဲ့ အထူး မေတ္တာရပ်ခံလိုပါတယ်။ ဒါ့အပြင် အချင်းချင်း ဖြစ်ပေါ်လာတဲ့ “ကတောက်ကဆဖြစ်ရပ်” တွေကို လက်နက်နဲ့ မဖြေရှင်းကြဖို့၊ သေနတ်သံ မဖောက်ပဲ ဖြေရှင်းကြဖို့ ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်းချင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားချင်တာကတော့ ကျွန်တော်တို့ မျိုးဆက်ဟာ ခေတ်က တွန်းတင်ပေး လိုက်တဲ့ တာဝန်တွေကို ထမ်းဆောင်နေကြသူတွေဖြစ်ပါတယ်။ ဒီတာဝန်တွေကို ကျွန်တော်တို့ မျိုးဆက်က အပြီးအပြတ် တာဝန်ယူပြီး၊ မျိုးဆက်သစ်တွေကို တာဝန်အသစ်တွေ ဆက်လက် ထမ်းဆောင်စေဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးဆက်ဟာ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ပြီး၊ မျိုးဆက်သစ်တွေကတော့ တိုင်းပြည်ရဲ့ အနာဂတ်တည်ဆောက်ရေးတာဝန်တွေကို ထမ်းရွက်စေကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထမ်းဆောင်နေတဲ့ တော်လှန်ရေးတာဝန်တွေကို ကျွန်တော်တို့ မျိုးဆက်မှာပဲ အပြီးသပ် တာဝန်ထမ်းဆောင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ဆက်လက် လက်ဆင့်ကမ်းကြဖို့ ဖြစ်ပါတယ်။ အဲသည့်အတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိရေးဆိုတဲ့ မူတွေ စံတန်ဖိုးတွေကို အခြေခိုင်ခိုင်တည်ဆောက်ပြီး အနာဂတ်အတွက် တည်ဆောက်ရေးပဋိညာဉ် တစ်ရပ် ပေါ်ပေါက်လာဖို့ အားလုံး ဝိုင်းဝန်း ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ် ခင်ဗျား….
အရေးတော်ပုံမုချအောင်ရမည်…