၂၀၂၄ ခုနှစ် ဧပြီ (၄) ရက်နေ့
ယနေ့ ဒုတိယအကြိမ်မြောက် ပြုလုပ်ကျင်းပတဲ့ ပြည်သူ့ညီလာခံကို တက်ရောက်လာကြသော လူထုကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကောင်စီဝင်များ၊ ကိုယ်စားလှယ်များနဲ့ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစု အသီးသီး၊ ခေါင်းဆောင်အသီးသီးနဲ့ တော်လှန်ရေး ရဲဘော်ရဲဘက် အပေါင်းကို လေးနက်စွာ ဦးညွှတ်ကြောင်းနဲ့ မင်္ဂလာရှိကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားလိုပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဦးဆောင်ကျင်းပတဲ့ ပြည်သူ့ညီလာခံဟာ ဒုတိယအကြိမ် အောင်အောင်မြင်မြင်နဲ့ ပေါ်ထွက်လာလို့ ကျွန်တော့်အနေနဲ့ လှိုက်လှဲစွာ ဝမ်းသာဂုဏ်ယူကြောင်း ပဏာမအားဖြင့် ပြောကြားချင်ပါတယ်။
ပြည်သူ့ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား…
ယနေ့ ဒုတိယအကြိမ် ပြုလုပ်ကျင်းပတဲ့ ပြည်သူ့ညီလာခံဟာ နွေဦးတော်လှန်ရေးရဲ့ အနှစ်အသား တစ်ခုလုံးကို ကိုယ်စားပြု လွှမ်းခြုံနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့ ပြည်သူလူထုအကြားက တော်လှန်ရေးပဋိညာဉ် ခိုင်မြဲရေးဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ ပေါ်ပေါက်လာခြင်းရဲ့ အဓိက အနှစ်သာရဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနဲ့လည်း “ငါ – သူတစ်ပါး – ယောက်ျား – မိန်းမ မခွဲခြားဘဲ” အထွေထွေသော ပြည်သူလူထုကြီးတစ်ရပ်လုံးကို ကိုယ်စားပြု စုစည်းထားတယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ယနေ့ ပြုလုပ်ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံ ဟာ “ပြည်သူ့ညီလာခံဆိုတဲ့ အမည်နာမ,နဲ့ အညီ၊ ပြည်သူတစ်ရပ်လုံးရဲ့ သဘောထားဆန္ဒတွေကို အညီအညွတ်ပြု၊ ဖော်ထုတ်နိုင်လိမ့်မယ်” လို့ အလေးအနက်ထား ယုံကြည်မျှော်လင့်ကြောင်း ပြောကြား လိုပါတယ်။
အားလုံး သိကြပြီးတဲ့အတိုင်း နွေဦးတော်လှန်ရေးဟာ အခုဆိုရင် (၃) နှစ်တာကာလကို ကျော်လွန်ပြီး (၄) နှစ်တာကာလကို ချည်းနင်းဝင်ရောက်လာပြီ ဖြစ်ပါတယ်။ လျှောက်လှမ်းခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလတစ်ခုလုံးဟာ အတိတ်က ဖြတ်သန်းခဲ့ကြတဲ့ လူထုတော်လှန်ရေး၊ ဒီမိုကရေစီတော်လှန်ရေး၊ ကျောင်းသားတော်လှန်ရေးနဲ့ တိုင်းရင်းသားတော်လှန်ရေးအသီးသီးရဲ့ စုပေါင်းကျေးဇူးပြုမှုနဲ့ တော်လှန်ရေးဒီရေ အမြင့်မားဆုံးအထိ ရောက်ရှိခဲ့ပါတယ်။ အခုဆိုရင်လည်း နွေဦးတော်လှန်ရေး ဒီရေဟာ တရိပ်ရိပ် တက်နေဆဲကာလဖြစ်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ပြည်သူ့ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား…
ယခု ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်ဖို့အတွက် တော်လှန်ရေးခြေလှမ်း တစ်ရပ်အနေနဲ့ ထပ်မံ ပေါ်ပေါက်လာတဲ့ ပြည်သူ့ညီလာခံဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ နွေဦးတော်လှန်ရေးတပ်ပေါင်းစုကြီး တစ်ခုလုံးကို ပြည်သူလူထုရဲ့ သဘောထားဆန္ဒနဲ့အညီ၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီအညွတ်ပြုပြီး စုပေါင်းချီတက်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ အကြား ပေါင်းစည်းပြီး စစ်အာဏာရှင်သန္ဓေဆိုးကို တိုက်ဖျက်ဖို့ ခုခံတော်လှန်စစ်ကို ဆင်နွှဲနေရချိန် ဖြစ်ပါတယ်။
သိပ်မကြာခင် ကာလအပိုင်းအခြား တစ်ခုမှာ၊ ကျွန်တော်တို့ဟာ အသွင်ကူးပြောင်းရေးကာလတွေကို တစ်ဆင့်ချင်းစီ ဝင်ရောက်ဖြတ်သန်းရမယ့် အချိန်တွေ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အောင်မြင်သော အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနိုင်ကြဖို့အတွက် ခိုင်မာပြီး လက်တွေ့ကျတဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ခု ပေါ်ပေါက်ရေးကိုလည်း အားသွန်ကြိုးပမ်းနေကြတယ်လို့ ယုံကြည်ပါတယ်။
ပြည်သူ့ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား…
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံ (၅) ချက်အတိုင်း တစိုက်မတ်မတ် လျှောက်လှမ်း ချီတက်နေကြောင်း ပြောကြားလိုပါတယ်။ နွေဦးတော်လှန်ရေးကာလဟာ တိုင်းပြည်နဲ့ လူထုက လျှောက်လှမ်းဖြတ်သန်းရတဲ့ အရေးပေါ်ကာလတစ်ခုလည်းဖြစ်ပါတယ်။ ဒီလို တော်လှန်ရေးကာလ / ဒီလိုအရေးပေါ်ကာလမျိုးမှာ တိုင်းပြည်နဲ့ လူထုဟာ အထွေထွေအကျပ်အတည်းကိုလည်း ကြုံကြရ သလို၊ အကြမ်းဖက်စစ်တပ်ကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေကလည်း ပြည်သူလူထုအပေါ်မှာ ကြီးစွာသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာတွေ့ရပါတယ်။ ဒီလိုအခြေအနေတွေအတွင်းမှာ ကျွန်တော်တို့ဟာ လူထုတော်လှန်ရေး တိုက်ပွဲနဲ့ ခုခံတော်လှန်စစ်ကို ပေါင်းစပ် ဆင်နွှဲနေကြရတာဖြစ်ပါတယ်။ ဒီလို အားလုံး ဝိုင်းဝန်းချီတက်နေတဲ့ ကာလမျိုးမှာ ကျွန်တော်တို့တတွေဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေးနဲ့ တရားမျှတမှုဆိုတဲ့ အခြေခံစံတွေအပေါ်မှာ ရပ်ခံပြီး ကြိုးစားတည်ဆောက်နေကြ တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးကာလမှာရော / တည်ဆောက်ရေးကာလအတွင်းမှာပါ ဒီလိုအခြေခံစံတွေကနေ မသွေဖယ်စေဖို့ အလေးအနက်ထား ကြိုးစားရမှာ ဖြစ်ပါတယ်။
ပြည်သူ့ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား…
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအစိုးရတစ်ရပ်လို့ ခံယူပြီး နွေဦးတော်လှန်ရေးကို စုပေါင်းချီတက်နေကြပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးကာလကို အရေးပေါ်ကာလလို့ ခံယူပြီး ထိထိရောက်ရောက်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အဲသည့်လို ထိရောက်ဖို့အတွက် တော်လှန်ရေးမဟာဗျူဟာ လုပ်ငန်းစဉ်တွေဟာ မြန်မြန်ဆန်ဆန် ဖြစ်ဖို့နဲ့ လွယ်ကူရှင်းလင်းစွာ သက်ရောက်နိုင်ဖို့လည်း အထူးလိုအပ်တယ်လို့ ခံယူပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ လူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လေးလံနှေးကွေးတဲ့ ဖြစ်စဉ်ဇယားတွေကို ဖြတ်သန်းနေလို့ မရပါဘူး။ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဖြစ်အောင်လည်း လုပ်ကြရပါမယ်၊ တတ်နိုင်သမျှ လွယ်ကူရှင်းလင်းအောင်လည်း လုပ်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် လုပ်သမျှတိုင်းသော အမှုကိစ္စတိုင်းဟာ တော်လှန်ရေးအတွက် ထိရောက်သော သက်ရောက်မှု ဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ ဒီလို ခံယူချက်နဲ့ လူထုတော်လှန်ရေးတာဝန်တွေကို ကြိုးပမ်းထမ်းဆောင်နေတာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
တော်လှန်ရေးဆိုတာ အင်မတန် ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို လျှောက်လှမ်းရတာဖြစ်သလို၊ အန္တရာယ်များတဲ့ ချောက်ကမ်းပါးတွေကိုလည်း ကျော်ဖြတ်ကြရတဲ့ သဘောရှိပါတယ်။ ဒါ့အပြင် လူထုတော်လှန်ရေးတိုင်းလိုလိုမှာ လူထုအားလုံး တစ်ပေါင်းတစ်စည်းတည်း ညီညွတ်စွာ အတူ လိုက်ပါနိုင်ရေးကို ကြိုးစားတည်ဆောက်ကြရတဲ့သဘော ရှိတာတွေ့ရပါတယ်။ ကျွန်တော်တို့ဟာ ခေတ်သစ်၊ စနစ်သစ်ကို တော်လှန်ရေးနည်းအားဖြင့် တည်ဆောက်နေကြတာဖြစ်တာမို့ ကျွန်တော်တို့ အားလုံးဟာ စိတ်ရောကိုယ်ပါ ပင်ပန်းကြရမယ့်ကိစ္စတွေ ရှိနေပါတယ်။ ဘယ်လိုပဲနေပါစေ….၊ လူထုရဲ့ ပင်ပန်း နွမ်းနယ်မှုဟာ ကျွန်တော်တို့တတွေထက် အဆပေါင်းများစွာ ပိုလွန်တယ်ဆိုတာ မေ့လို့ မရဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ လူထုကို အလုပ်အကျွေးပြုဖို့ ဖြစ်တည်လာကြတဲ့သူတွေဖြစ်ကြောင်း နှလုံးသွင်းစေချင်ပါတယ်။ တော်လှန်ရေးဟာ လူထုအတွက် ဖြစ်ပြီး၊ လူထုက ဆင်းသက်တဲ့ တော်လှန်ရေးဆိုတာကိုလည်း မမေ့ဖို့ အထူးလိုအပ်ပါတယ်။ အထူးသဖြင့် ကြမ်းတမ်းခက်ခဲတဲ့ ယခုလို တော်လှန်ရေးကာလမျိုးမှာ လိုသည်ထက်ပိုသော ဘေးထွက်ဆိုးကျိုးတွေ မဖြစ်ပေါ်ရေးကို အထူး ဂရုစိုက်ရမယ်လို့ ယူဆပါတယ်။
ပြည်သူ့ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား…
တိုင်းပြည်နဲ့ လူထုဆီကို အာမခံချက်ရှိသော လွတ်လပ်ခွင့်နဲ့ လူမှုတရားမျှတသော လူ့အဖွဲ့အစည်း ဖြစ်ထွန်းဖို့ဆိုရင် ကျွန်တော်တို့ဟာ ခေတ်ဟောင်း၊ စနစ်ဟောင်းက စရိုက်ဟောင်း၊ အကျင့်ဟောင်း တွေကို ခဝါချခဲ့ဖို့ အထူး လိုအပ်ပါတယ်။ ယခု ဖြစ်ထွန်းနေတဲ့ အခြေအနေတစ်ရပ်လုံးဟာ အဟောင်းကို သွားနေတာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းသစ်၊ စနစ်သစ်၊ အခင်းအကျင်းသစ်ဆီကို ဦးတည်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အားလုံးဟာ အတွေးအခေါ်သစ်တွေ၊ အိုင်ဒီယာသစ်တွေကို ကြိုဆိုလက်ကမ်းဖို့ လိုပါတယ်။ မတူကွဲပြားတဲ့သဘောထားတွေကို လက်ခံကြိုဆိုရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ပိုပြီး ခိုင်မာကျစ်လစ်အောင် တည်ဆောက်ဖို့ လိုတယ်လို့ ယုံကြည်ပါတယ်။ စည်းလုံးညီညွတ်သော အင်အားစုအတွင်းမှာ အတွေးအခေါ်သစ်၊ ယဉ်ကျေးမှုသစ်တွေကို မျှခြေညီအောင် ကြိုးစား တည်ဆောက်လို့ ရတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ဒါ့အပြင် လူထုက ထမ်းပိုးထားရတဲ့ ဘေးဒုက္ခတွေဟာ တော်လှန်ရေးအချိန်ကြာလာသည်နဲ့အမျှ ပိုမိုလေးပင်လာတာမျိုး မဖြစ်စေဘဲ၊ လူထုရဲ့ ဝန်ထုပ်ဝန်ပိုးကို ပေါ့သထက် ပေါ့အောင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကြိုးစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နွေဦးတော်လှန်ရေးတစ်ခုလုံးဟာ လူထုရဲ့ အသက် သွေး ချွေးတွေနဲ့ ရင်းနှီးမြှုပ်နှံထားကြတဲ့ တော်လှန်ရေးဆိုတာကို မေ့လို့ မရဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးဟာ အရင်းအနှီးသိပ်ကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်သင့်တဲ့ကိစ္စတွေကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပြီး လူထုရဲ့ မျက်နှာကို ငဲ့ကွက်ကြဖို့ အထူးလိုအပ်ပါတယ်။
ပြည်သူ့ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား…
အခုဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့ ယိုယွင်းပျက်စီးမှုကို လက်တွေ့ကျကျ မြင်လာရပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးခရီးဆုံးထိလျှောက်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် တော်လှန်ရေးအလွန်ကာလမှာလည်း လက်တွေ့ကျသော အသွင်ကူးပြောင်းရေးကာလကို အောင်မြင်အောင် တည်ဆောက်နိုင်ဖို့အတွက် ယခုကတည်းက အမြော်အမြင်ရှိရှိနဲ့ ကြိုးစားပြင်ဆင်ထားဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခအသစ် ပြန်လည် မပေါ်ပေါက်အောင်လည်း နိုင်ငံရေးသတိရှိရှိ ကြိုးစားရမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ နွေဦးတော်လှန်ရေးအင်အားစု အားလုံးဟာ ငြိမ်းချမ်းတည်ငြိမ်သော လူ့ဘောင်အဖွဲ့အစည်းဆီကို ဦးတည်သွားနိုင်ဖို့ လိုအပ်ပါတယ်။ လူထုက ရသင့်ရထိုက်တဲ့ လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကိုလည်း အာမခံချက်ရှိရှိ တည်ဆောက်ထားနိုင်ဖို့ အလေးအနက်ထား ကြိုးစားရမှာ ဖြစ်ပါတယ်။
ပြည်သူ့ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား…
ကျွန်တော်အနေနဲ့ နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ – ကျွန်တော်တို့ အားလုံးရဲ့ တော်လှန်ရေး သက်လုံကို မြဲမြံအောင် အစဉ်တစိုက်မြှင့်တင်ထားကြဖို့ပဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးတစ်ခုလုံး ဟာ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံက အလွှာပေါင်းစုံကနေ တော်လှန်တိုက်ပွဲဝင်နေကြပါတယ်။ ဒီလိုအခြေအနေတစ်ရပ်ဟာ အတိတ်က ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးသမိုင်းတွေမှာ မကြုံစဖူးတဲ့ ကောင်းချီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအခွင့်ကို အားသာချက်အဖြစ် မြင်ပြီး ကျွန်တော်တို့ရဲ့ တော်လှန်ရေးလုံ့လ ဝီရိယနဲ့ တော်လှန်သော ဇွဲနပဲတွေကို အမြင့်မားဆုံး ဒီဂရီအထိ မြှင့်တင်ထားကြဖို့ လေးနက်စွာ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ဟာ သိပ်မကြာသော နှစ်ကာလအပိုင်းအခြားမှာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသော တိုင်းသစ်ပြည်သစ်ကို ပြည်သူလူထုနဲ့ အတူ မျက်ဝါးထင်ထင် မြင်တွေ့ရဖို့ အလေးအနက်ထား မျှော်လင့်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား….။