How to Contribute in Myanmar Spring Revolution

Speech at the 37th Anniversary Commemoration of the 8888 Uprising

(၃၇) နှစ်မြောက် ရှစ်လေးလုံး လူထု ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း
၂၀၂၅ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့

ဓမ္မကိုမြတ်နိုးပြီး အဓမ္မကို တိုက်ဖျက်နေကြတဲ့ ပြည်သူအပေါင်းနှင့် ယနေ့ ၃၇ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် ယနေ့အခမ်းအနားတွင် တက်ရောက်လာ ကြသည့် ပြည်တွင်း/ပြည်ပမှ မိတ်ဆွေများအားလုံးကို နှုတ်ခွန်းဆက်လိုပါတယ်။

ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံရဲ့ ပြောင်မြောက်တဲ့ လူထုတော်လှန်ရေးအနှစ်သာရကို လက်ရှိ နွေဦးတော်လှန်ရေးမှာလည်း အလေးအမြတ်ပြု ဦးညွှတ်ကြောင်း ပဏာမဦးစွာ ပြောကြား ချင်ပါတယ်။ ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးအတွင်းမှာ အသက်နဲ့ ခန္ဓာကို မြှုပ်နှံပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကို ဂုဏ်ဒြပ်အားဖြင့် ယှဉ်တွဲပြီး အလေးအမြတ်ပြုကြောင်း ထပ်မံပြောကြားချင်ပါတယ်။

ကျွန်တော့်အနေနဲ့ ဒီနေ့ ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်နေ့ အခမ်းအနားမှာ အတိတ်က တော်လှန်ရေးသမိုင်းနဲ့ တည်ဆဲဖြတ်သန်းနေတဲ့ တော်လှန်ရေးဖြစ်စဉ်ကို အနည်းငယ် ချိန်ထိုးကြည့်ချင်ပါတယ်။ ဒီရှုမြင်ချက်ဟာ အတိတ်သမိုင်းနဲ့ တည်ဆဲကာလမှာ ကျွန်တော်တို့အားလုံး စုပေါင်း ရေးထွင်းနေကြတဲ့ သမိုင်းကို အနှစ်သာရအားဖြင့် ချိတ်ဆက်နိုင်ဖို့ ဖြစ်တယ်လို့ ယူဆပါတယ်။

၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်ဟာ ဘာတွေ ကွာခြားသွားပြီလဲဆိုတာကို ကျွန်တော်တို့အားလုံး မေးခွန်း ထုတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ၈၈ နဲ့ ၂၁ ဟာ လူထုလှုပ်ရှားမှုပုံစံအရ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ဒါ့အပြင် နိုင်ငံရေးမဟာဗျူဟာနဲ့ တော်လှန်ရေးမဟာဗျူဟာ လက်ကိုင်သုံးစွဲမှု ပုံစံတွေလည်း ကွဲပြား ခြားနားမှုရှိတာကို တွေ့ရပါတယ်။ ခေတ်စနစ်အခြေအနေနဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာလည်း မတူကွဲပြားတဲ့ ဖြစ်စဉ်တွေကို ထပ်မံ တွေ့ရှိရပါတယ်။ ဒါပေမယ့် လူထုနိုင်ငံရေး အနှစ်သာရနဲ့ တော်လှန်ရေးအနှစ်သာရမှာတော့ ကွဲပြားခြားနားမှု မရှိဘဲ “စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အခြေခံမူအပေါ်မှာ ခိုင်ခိုင်မြဲမြဲ တစ်သားတည်း ဖြစ်တည်နေတာ” ကို တွေ့ရပါတယ်။

အခုဆိုရင် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံဟာ (၃၇) နှစ်မြောက်သည်အထိ သမိုင်း ဖြတ်သန်းမှု ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှား မှုကို သမိုင်းဖြစ်ရပ်တစ်ခုထက် ပိုပြီး ကြည့်မြင်ဖို့ လိုပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ Process ဆိုတဲ့ ဖြစ်စဉ်သဘောဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးဆိုတာကလည်း ဖြစ်စဉ်သဘောဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အပြုအမူတိုင်း၊ အပြောအဆိုတိုင်း၊ လုပ်ရပ်တိုင်းဟာ ဒီဖြစ်စဉ်တွေထဲမှာ အစဉ်တစိုက် ဖြတ်သန်း လျှောက်လှမ်းနေရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြုကျင့်နေကြတဲ့ လူထုနိုင်ငံရေးနည်းနာတွေ၊ လက်နက်ကိုင်တော်လှန်ရေး မဟာဗျူဟာတွေဟာ ဒီဖြစ်စဉ်ထဲမှာ အချိတ်အဆက်မိမိ ဖြစ်ပေါ်နေရမှာ ဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ လုပ်ရပ်တွေဟာ သီးခြား စီဖြစ်နေလို့ မရဘူးလို့ ပြောချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ဖြစ်စဉ်ဟာ လူထုတော်လှန်ရေးနည်းနာတွေနဲ့ သီးခြားစီဖြစ်နေလို့ မရဘူးဆိုတာ နားလည်ကြဖို့ လိုပါတယ်။

၁၉၈၈ နဲ့ ၂၀၂၁ ဘာကွာသွားပြီလဲလို့ မေးရင် နိုင်ငံရေးအတွေးအခေါ်အရ ပိုမိုကျယ်ပြန့်လာတွေကို မီးမောင်းထိုးပြလို့ ရပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုပုံစံအရ ပိုမိုနက်ရှိုင်းကျယ်ပြန့်လာတာတွေကိုလည်း ထောက်ပြလို့ ရပါတယ်။ လူထုနိုင်ငံရေးနဲ့ လက်နက်ကိုင်တော်လှန်ရေး အခြေအနေတွေ ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန့်ထွက်လှုပ်ရှားနိုင်တာကို အထင်အရှား တွေ့ရမှာဖြစ်ပါ တယ်။ အဲဒါတွေဟာ အတိတ်က ဖြတ်သန်းလာခဲ့တဲ့ လူထုတော်လှန်ရေးအဆက်ဆက်က သန္ဓေတည် ပေးလိုက်တဲ့ တော်လှန်ရေးအနှစ်သာရတွေဟာ လက်ရှိ နွေဦးတော်လှန်ရေးမှာ ဝိုင်းဝန်း ကျေးဇူးပြု လိုက်ခြင်းကြောင့် ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

ကျွန်တော်တို့ဟာ လက်ရှိ နွေဦးတော်လှန်ရေးကို ယုံကြည်ချက်/ခံယူချက် သန့်စင်ခိုင်မာစွာနဲ့ လျှောက်လှမ်းနေရင်း ၈၈ ကို အလေးအနက်ထားရမယ်၊ ၈၈ ကို ဂုဏ်ပြုရမယ်၊ ၈၈ ရဲ့ တန်ဖိုးကို နားလည်ရမယ်၊ တစ်ဘက်မှာလည်း ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ အခြေအနေကို ကောင်းစွာ သဘောပေါက်ရမယ်။ ၈၈ နဲ့ ၂၁ မတူခြားနားခြင်းတွေ ရှိတယ်ဆိုတာကို နားလည်သဘောပေါက်ရ မယ်။ ၈၈ မှာ သန္ဓေတည်ခဲ့တဲ့ ယုံကြည်ချက်တန်ဖိုးတွေကို နွေဦးတော်လှန်ရေးမှာ ဆက်လက် သယ်ဆောင်ရမယ်။ တစ်ဘက်မှာလည်း အတိတ်က မှားခဲ့တဲ့ အမှားမျိုးတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရာမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သမိုင်းကို ရုပ်ဆိုးအကျည်းတန်စေတဲ့ အားနည်းချက်မျိုးတွေကို အထူး အလေးအနက်ထား ဆင်ခြင်သုံးသပ် နိုင်ရမယ်။ မတူညီတဲ့အခြေအနေတွေကို နားလည်သဘောပေါက်ပြီး သမိုင်းတဆင့်မြှင့်နိုင်ဖို့ ခြေလှမ်းသစ်တွေ ချဲ့ထွင်နိုင်ရမယ်။

ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံက ဖွဲ့တည်ပေးလိုက်တဲ့ လူထုတော်လှန်ရေးသန္ဓေဟာ နွေဦးတော်လှန်ရေးအတွင်းမှာ အသန့်စင်ဆုံး မွေးဖွား ကြီးပြင်းလာပြီဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးကို ဝိုင်းဝန်းပြုစုပျိုးထောင်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်တဲ့အဆင့်အထိ ကြိုးစားအားထုတ်ကြဖို့ လိုကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

Revolution Must Prevail!

 

Download PDF (Bur)
en_GBEnglish