How to Contribute in Myanmar Spring Revolution

Cabinet Meeting 26/2024

၂၀၂၄ ခုနှစ် စက်တင်ဘာ (၂၄) ရက်

  • ယနေ့ ပြုလုပ်ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ အဓိက အချက် (၂) ခုကို ပြောချင်ပါတယ်။ ပထမအချက်ကတော့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဆွေးနွေးမယ့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက ဆွေးနွေးမယ့် “Federal Net” နဲ့ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ လက်ရှိ ခေတ်သစ်ကမ္ဘာမှာ သတင်း၊ ဆက်သွယ်ရေးနဲ့ ဆိုက်ဘာလုံခြုံရေးကိစ္စရပ်တွေဟာ အင်မတန်မှ အရေးကြီးလာပါတယ်။
  • ဘာလို့လဲဆိုတော့၊ ပြည်သူလူထုရဲ့ သတင်းအချက်အလက်လုံခြုံရေးအပေါ်မှာ မူတည်ပြီးတော့ စစ်အာဏာရှင်ယန္တရားက/ နိုင်ငံရေးအရ အများကြီး အသုံးချနိုင်ဖို့ အခွင့်အလမ်းတွေ ရှိလို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကိစ္စတွေကို လုပ်ဆောင်တဲ့အခါမှာ၊ သတင်းအချက်အလက် လုံခြုံမှု ရှိရေးနဲ့ လူထုကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်နိုင်ဖို့ ဆိုတဲ့ကိစ္စတွေဟာ အင်မတန် အရေးကြီးပါတယ်။ ဒီကိစ္စတွေဟာ တော်လှန်ရေးအတွက်ရော၊ လူထုအတွက်ပါ အခြေခံလိုအပ်ချက်အနေနဲ့ ရှိနေပါတယ်။
  • ဒါ့ကြောင့် နေ့စဉ် ကျွန်တော်တို့ အသုံးချနေရတဲ့ ဆက်သွယ်ရေးနည်းပညာတွေနဲ့ပတ်သက်ပြီး ကျယ်ပြန့်အောင်၊ လွယ်ကူအောင်၊ လုံခြုံအောင်၊ စဉ်ဆက်မပြတ် အသုံးချနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ “Federal Net” ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးတိုင်ပင်ကြတဲ့အခါမှာ၊ ကျွန်တော်တို့ဟာ ဆက်သွယ်ရေးနည်းပညာနဲ့ပတ်သက်ပြီး လူထုဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက်လည်း စနစ်တကျ ရှေ့ရှုဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဆက်သွယ်ရေးနည်းပညာတွေရဲ့ အပံ့အပိုးနဲ့ ထောက်ပံ့ကူညီနိုင်ဖို့ အလေးအနက်ထားဆွေးနွေးဖို့ အထူးလိုအပ်ပါတယ်။
  • နောက်တစ်ခုကတော့ လူထုရဲ့ နေ့စဉ် ဘဝမှာ အရေးကြီးတဲ့ ငွေရေးကြေးရေးကဏ္ဍဟာ ဆယ်သွယ်ရေး နည်းပညာတွေနဲ့ ချိတ်ဆက်နေပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့လည်း နွေဦးဖွံ့ဖြိုးရေးဘဏ်နဲ့ NUG Pay ကဲ့သို့ ငွေကြေးကဏ္ဍ ဝန်ဆောင်မှုတွေကို အခြေခံကျကျ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအရေးကိစ္စတွေဟာ သီးခြားဖြစ်တည် နေတာ မဟုတ်ဘဲ၊ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ဆက်စပ်ပြီး အချင်းချင်း ကျေးဇူးပြုနေတယ်လို့ နားလည်နိုင်ပါတယ်။
  • နောက် ဒုတိယအချက်အနေနဲ့ ပြောချင်တာကတော့ လက်ရှိ နိုင်ငံရေးရာသီဥတုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အလေးအနက်ထား စဉ်းစားကြရမယ့်ကိစ္စ တချို့ကို ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေဟာ Global Power Competition လို့ခေါ်တဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုတွေ ကြားမှာ အမြဲတမ်း လူးသာလွန့်သာဖြစ်အောင် ကြိုးစားကြရပါတယ်။ အခုလို ပြည်တွင်းမှာ အင်အားစုတွေ အကြား ဒိုင်းနမစ် အစုံအလင်ဖြစ်နေတဲ့ အခြေအနေဟာ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်/ စစ်ရေးအရပဲ ဖြစ်ဖြစ် အင်မတန် အကဲဆတ်တယ်လို့ ပြောနိုင်ပါတယ်။
  • ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအရ အကြမ်းနဲ့ အနု / အမာနဲ့ အပျော့ / အပူနဲ့ အအေး ဆိုတဲ့ ဝိရောဓိတွေကို သိမ်မွေ့စွာ ကိုင်တွယ်နိုင်ရေးအတွက် အလေးအနက်ထား လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ သဘောတရားရေးတစ်ခုဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။ ဒေသတွင်းနိုင်ငံရေး ရာသီဥတု အခြေအနေတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဦးတည်စေတာမျိုး လုံးဝ ဖြစ်လို့ မရဘူးလို့ ပြောချင်ပါတယ်။
  • အကျိုးစီးပွားဟာ လက်တွေ့နိုင်ငံရေးမှာ အရေးတကြီး ထည့်သွင်းစဉ်းစားကြတဲ့ ကိစ္စဖြစ်တာကြောင့်၊ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးအမြင်တွေကို လေ့လာအကဲခတ်တဲ့နေရာမှာ ကျွန်တော်တို့ဟာ reality ကို ချန်လှပ်ထားလို့ မရဘူးလို့ ပြောချင်ပါတယ်။ ကျယ်ပြန့်တဲ့ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လက်ဝေခံ အဖြစ်မခံရေးနဲ့ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးကစားကွင်းမှာ နယ်ရုပ်မဖြစ်စေရေးကို အလေးအနက်ထားကြဖို့ အထူးလိုအပ်ပါတယ်။
  • နိုင်ငံတစ်ခုဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နိုင်ငံတော်ဆိုတဲ့ ဂုဏ်ဒြပ်နဲ့ ထိုက်ထိုက်တန်တန် ရှိနေရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်အတွင်းက လူမျိုးအားလုံးရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ကို အထူးလေးစားသလို၊ ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်သော အချုပ်အခြာအာဏာကိုလည်း အထူးလေးစားကြဖို့ လိုကြောင်း ပြောကြားအပ်ပါတယ်။
en_GBEnglish