How to Contribute in Myanmar Spring Revolution

Cabinet Meeting 12/2025

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်

မနေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကွယ်လွန်တဲ့နေ့ရက်နဲ့ ဒီနေ့ ကျွန်တော်တို့ အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ကျင်းပတဲ့ ရက်က ရှေ့ဆင့်နောက်ဆင့် ဖြစ်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကွယ်လွန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်း ပြောချင်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှုနဲ့ပက်သက်ပြီး တကမ္ဘာလုံး ရိုမန်ကက်သလစ်တွေနဲ့ ခရစ်ယာန်ဘာသာဝင် အားလုံးလည်း ဝမ်းနည်းပူဆွေးနေကြရတယ်လို့ ခံစားမိပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကျွန်တော်တို့ နိုင်ငံကို ငြိမ်းချမ်းရေးရဖို့ အမြဲ စိတ်အားထက်သန်စွာ ထုတ်ဖော် ဆုတောင်းတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစ်သာသနာ နှစ်ပေါင်း (၅၀၀) ကျော်အတွင်းမှာ၊ မြန်မာနိုင်ငံကို ပထမဆုံး ကြွရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဝတ်ပြုဆုတောင်းပွဲတွေမှာ ကမ္ဘာ့အရေးနဲ့ ယှဉ်တွဲပြီး မြန်မာနိုင်ငံအတွင်းက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေ မရှိဖို့၊ ငြိမ်းချမ်းဖို့ အမြဲ ဆုတောင်းစကားထုတ်ဖော်ပြောခဲ့သူ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ သူအသက်ရှင်သမျှကာလပတ်လုံး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိတ်အား ထက်ထက် သန်သန် ကြိုးပမ်းခဲ့သူ တယောက်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး စိတ်ထဲ မှတ်မှတ်ရရ အောက်မေ့ သတိရဖို့ ကျွန်တော့်အနေနဲ့ ဒီနေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဝမ်းနည်းကြောင်း ထည့်သွင်းပြောကြားရတာ ဖြစ်ပါတယ်။ နောက်ဆက်ခံမယ့် ပုပ်ရဟန်း မင်းကြီးတစ်ပါးအနေနဲ့လည်း ကျွန်တော်တို့ နိုင်ငံလို မငြိမ်းချမ်းတဲ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်အားထက်သန်မှုရှိတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ဖို့ လေးနက်စွာ မျှော်လင့်ကြောင်း ပြောကြား လိုပါတယ်။
လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံတကာကနေ မြေငလျင်လှုပ်ခတ်မှုကို အကြောင်းပြုပြီး “ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ” ပေါ်ပေါက်လာဖို့ တိုက်တွန်း နေတာတွေ အမြောက်အမြားရှိလာကြောင်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့ဆိုတဲ့ကိစ္စကို အစဉ်တစိုက် လိုလားကြောင်း ပြောကြားချင်ပါတယ်။ ဒါ့ကြောင့်လည်း မိမိတို့အစိုးရဟာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး မကြာခင်မှာ “မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှအပ၊ အပစ်အခတ်ရပ်စဲဖို့” ပထမဆုံး ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေမှာ ပြည်သူလူထုရဲ့ အဓိက လိုလားချက်တွေကို လျစ်လျှူမရှုဖို့တော့ ကျွန်တော်တို့ အားလုံး အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း “စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပေါ် ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြဖို့” ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ စစ်ကောင်စီအနေနဲ့လည်း မိမိကိုယ်ကို ပြန်လည် သုံးသပ်နိုင်ဖို့ လိုတာက “မြန်မာနိုင်ငံမှာ ဘယ်သို့သော စစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး” ဆိုတာ နှစ်ပေါင်း (၇၀) ကျော်ကြာ၊ ပြည်တွင်းစစ်က သက်သေပဲဆိုတာ နားလည်ဖို့ လိုပါတယ်။
ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့လည်း ကဏ္ဍအလိုက် “ဆိုင်ရာဆိုင်ရာနယ်ပယ်တွေမှာ” တာဝန်ယူ ထားကြတဲ့ အစိုးရအဖွဲ့ဝင်တွေဟာ တော်လှန်ရေးတာဝန်တွေနဲ့ နိုင်ငံရေးတာဝန်တွေကိုပါ ထိထိရောက်ရောက် ကျေပွန်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ဝင် အချင်းချင်း အပြန်လှန် ဝေမျှဖို့၊ အပြန်အလှန် အထောက်အကူပြုကြဖို့နဲ့ လက်တွေ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေမှာ ထိရောက်ဖို့၊ မြန်ဆန်ဖို့၊ အမြော်အမြင်ရှိရှိ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။
en_GBEnglish