How to Contribute in Myanmar Spring Revolution

Congratulatory Message to the Arakan Army

အာရက္ခတပ်တော်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်း အောင်ပွဲအတွက် ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်
အာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရဲဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိ အပြည့်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုများကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက် နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။
ယခုအောင်ပွဲသည် အာရက္ခပြည်သူများ၏ အောင်ပွဲဖြစ်သည်သာမက စစ်အာဏာရှင် စစ်ကောင်စီဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူတရပ်လုံးနှင့် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ အောင်ပွဲဖြစ်ပြီး တော်လှန်ရေးစိတ်ဓာတ်ခွန်အားကို အမြင့်မားဆုံးရောက်ရှိစေသည့် အောင်ပွဲဖြစ်ပါသည်။
ယခုကဲ့သို့ ကြီးမားသည့် အောင်ပွဲရရှိဖို့ရာအတွက် အာရက္ခတပ်တော်ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ ရဲဘော်ရဲဘက်များ၏ အသက်နှင့် ကိုယ်လက်ခန္ဓာ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှု၊ အာရက္ခပြည်သူများ၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု၊ စည်းလုံးညီညွတ်မှုများကို မှတ်တမ်းတင် ဂုဏ်ပြု၍ အလေးအမြတ်ပြုပါသည်။
၂၀၂၄ ခုနှစ် (၁) နှစ်တာအတွင်း မြန်မာစစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကြီး (၂) ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခြေမှုန်းနိုင်လိုက်သည့် ဖြစ်ရပ်သည် သမိုင်းဝင်အောင်ပွဲများဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အဆုံးသတ် နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့မည်ဆိုသည်ကို ပြသလိုက်ခြင်းဖြစ်သည်။
အာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ်တခုလုံး စစ်အာဏာရှင်လက်အောက်မှ မကြာမီ လွတ်မြောက်မည်ကို အပြည့်အ၀ ယုံကြည်ပြီး မြန်မာတပြည်လုံးနှင့် ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင် စနစ်နှင့် စစ်အုပ်စု အဆုံးသတ် ပြုတ်ကျရေး အတူတကွ လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြု၍ ဤဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
Duwa Lashi La
Acting President
National Unity Government
en_GBEnglish