How to Contribute in Myanmar Spring Revolution

Ordinance 1/2023

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၁၄) ရက်
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁) ရက်

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း(၂)၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ၊ အခန်း (၄)၊ ပုဒ်မ (၂၅)၊ ပုဒ်မခွဲ (ခ)နှင့်(ဂ) အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာအား အကြမ်းဖက်စစ်တပ်မှ အဓမ္မလုယူပြီးနောက် အဖက်ဖက်မှပျက်စီးယိုယွင်းမှုများအနက် ဘဏ်လုပ်ငန်းကဏ္ဍလည်း တခုအပါအဝင် ဖြစ်သည်။ အကြမ်းဖက်စစ်တပ်၏ဗဟိုဘဏ်က ထိန်းချုပ်ထားသော ဘဏ်များသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဘဏ်တခုအနေဖြင့် စောင့်ထိန်းရမည့် အပ်ငွေအပ်နှံသူ ပြည်သူများ၏ အကျိုးစီးပွားကို မကြည့်ရှုဘဲ အကြမ်းဖက်စစ်တပ်အလိုကျ ဆောင်ရွက်ခဲ့ကြသည့် အတွက် ပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများစွာ ခံစားနေကြရသည်။

၂။ ထို့အပြင် အများပြည်သူပိုင် နိုင်ငံခြားအရန်ငွေ (Foreign Exchange Reserve) များကိုလည်း ပြည်သူများအားအကြမ်းဖက်သတ်ဖြတ်ရာ၌ အသုံးပြုသည့် လေယာဉ်ဆီအပါအဝင် လက်နက်နှင့် လက်နက်ထုတ်လုပ်ရေးပစ္စည်းများ ဝယ်ယူရာတွင် သုံးစွဲလျှက်ရှိသည်။

၃။ သို့ပါ၍ ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို အချိန်မီကုစားနိုင်ရန်၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကို ထိရောက်စွာ ထိန်းကျောင်းတည့်မတ်နိုင်ရန်နှင့် အများပြည်သူပိုင် နိုင်ငံခြားအရန်ငွေအား အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုနေခြင်းကို တားဆီးကာကွယ်နိုင်ရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအား အောက်ပါတာဝန်များ ဆောင်ရွက်နိုင်ရန် အလို့ငှာ ကြားကာလဗဟိုဘဏ် (Interim Central Bank) အဖြစ် အာဏာအပ်နှင်းလိုက်သည်။
(က) နိုင်ငံတကာနှင့် ဒေသတွင်း ဗဟိုဘဏ်များနည်းတူ ဗဟိုဘဏ်တရပ်အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရန်၊
(ခ) ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်း လိုင်စင်လျှောက်ထားလာသည့် အဖွဲ့အစည်း၊ ကုမ္ပဏီများအား စိစစ်၍ လုပ်ငန်းလိုင်စင်ထုတ်ပေးရန်၊
(ဂ) အထက်အပိုဒ် (က) နှင့် (ခ) ပါ တာဝန်များကိုဆောင်ရွက်ရာတွင် လိုအပ်သော အမိန့်၊ စည်းမျဉ်း၊ စည်းကမ်း၊ ကြေညာချက်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထုတ်ပြန် ဆောင်ရွက်သွားရန်၊

၄။ (က) ကြားကာလဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ ဖွဲ့စည်း၍ စီမံခန့်ခွဲရမည်။
(ခ) ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌသည် ကြားကာလ ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ကြားကာလဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ယင်း၏လက်ရှိတာဝန်များ အပြင် ပူးတွဲတာဝန်ထမ်းဆောင်ရန် တာဝန်အပ်နှင်းလိုက်သည်။

၅။ ဥပဒေကဲ့သို့ အာဏာတည်သော ဤအမိန့်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစ၍ စတင်အာဏာတည်ရမည်။

Duwa Lashi La
Acting President
National Unity Government
Republic of the Union of Myanmar

en_GBEnglish