How to Contribute in Myanmar Spring Revolution

3rd Anniversary of Spring Revolution

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့်
နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း

၂၀၂၄ ဖေဖေါ်ဝါရီလ ၁ ရက်

Dear all the esteemed ethnic people,

ဒီကနေ့ဟာ နွေဦးတော်လှန်ရေးကာလ ၃ နှစ်ပြည့်မြောက်တဲ့ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်ထိ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် အသက် သွေး ချွေးနဲ့ မိမိတို့ရဲ့ အိုးအိမ်စည်းစိမ်ကို စွန့်ပြီး တော်လှန်ရေး တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုင်းရင်းသား ပြည်သူလူထုအပေါင်းကို ကျနော့်အနေနဲ့ အလေးအနက်အထား ဦးညွှတ်ကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။

ကျနော်တို့ တိုင်းရင်းသား ပြည်သူလူထုအပေါင်းဟာ ကြံ့ကြံ့ခံသော ဇွဲနဘဲ၊ အနစ်နာခံသော စွန့်လွှတ် စွန့်စားခြင်း၊ စည်းလုံံးသော ညီညွတ်ခြင်းတွေနဲ့ တော်လှန်ရေးသက်လုံ ပြင်းပြစွာ လျှောက်လှမ်းလာခဲ့ ခြင်းကြောင့် ထိုက်သင့်တဲ့ တော်လှန်ရေးအောင်ပွဲတွေကို မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ ဖြစ်ပါ တယ်။ ဆက်လက်၍လည်း ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်းမှာ နွေဦးတော်လှန်ရေးလှိုင်းရဲ့ အမြင့်မားဆုံး သော ဒီရေလှိုင်း အတက်ကာလတွေကို ထပ်မံ ရောက်ရှိလာလိမ့်မယ်လို့ ပြောချင်ပါတယ်။

စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ် ချုပ်ငြိမ်းစေဖို့ မိမိတို့အသက်ကို အပ်နှံ ပေးဆပ်ခဲ့တဲ့ ကျဆုံးသွား သော အာဇာနည် သူရဲကောင်းအပေါင်းကို နွေဦးတော်လှန်ရေး သမိုင်းမှတ်တိုင်တွေနဲ့အတူ လေးစားစွာ ဂုဏ်ပြု ဦးညွှတ်ကြောင်း ပြောကြားချင်ပါတယ်။

Dear all the esteemed ethnic people,

ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံရေးအရ ဘုံသဘောတူညီချက် ရရှိအောင် ပြည်သူလူထုထဲက ကိုယ်စားပြု ပေါ်လာတဲ့ နိုင်ငံရေး အစုအဖွဲ့ကြီးတွေနဲ့ တူညီသော ဘုံရည်မှန်းချက် တွေ ချမှတ်ပြီး နွေဦးတော်လှန်ရေးကို ချီတက်နေကြပါတယ်။ ၎င်း နိုင်ငံရေး အစုအဖွဲ့ကြီးထဲမှာ NUCC, CRPH အပါအဝင် သက်ဆိုင်ရာ မြေပြင် သပိတ်အင်အားစုများနဲ့ ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရတို့အကြား နိုင်ငံရေးပဋိညာဥ်တွေကို ခိုင်မာသထက် ခိုင်မာအောင် စုစည်းထားကြ ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး ဖြစ်ပေါ် တိုးတက် ပြောင်းလဲလာတဲ့ နိုင်ငံရေးဖြစ်စဥ်နဲ့အတူ လိုက်လျော ညီထွေဖြစ်တဲ့ နိုင်ငံရေး နည်းဗျူဟာတွေကို ချဲ့ထွင် လုပ်ဆောင်ဖို့ အတူတကွ ဝိုင်းဝန်း ကြိုးစားနေ ကြောင်း အသိပေးချင်ပါတယ်။

အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် အရေးအကြီးဆုံး နိုင်ငံရေး အခြေခံမူတွေကို ဖက်ဒရယ် ဒီမိုကရေစီပဋိညာဥ် အပိုင်း (၁) နဲ့ (၂) မှာလည်း အတည်ပြု ပြဌာန်းထားပြီး ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးအတွင်းမှာ တိုင်းရင်းသား မဟာမိတ် တပ်ပေါင်းစုနဲ့ ခုခံတော်လှန်စစ်ရဲ့ ရှေ့တိုး ခြေလှမ်းတွေ ခပ်မြန်မြန် တက်လှမ်းနိုင်အောင် ကြိုးစားနေပါတယ်။ အခုဆိုရင်လည်း တော်လှန်စစ် အရှိန်အဟုန် မြင့်လာတာနဲ့အတူ မြို့သိမ်းတိုက်ပွဲတွေရဲ့ အောင်မြင်မှုဟာ တလှိုင်းပြီးတလှိုင်း ထပ်တိုး မြင့်မားလာနေတယ်ဆိုတာ အားလုံး တွေ့မြင်နေကြရပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

နွေဦးတော်လှန်ရေးအတွင်းက တိုင်းရင်းသား မဟာမိတ် စစ်ရေးတပ်ပေါင်းစု လှိုင်းလုံးဟာ အာဏာရှင် ရဲ့  အာဏာဇာစ်မြစ်ကို တွန်းလှန် ဖြိုဖျက်နိုင်တဲ့အထိ အင်အားကြီးမားတယ်ဆိုတာ ကျနော်တို့အားလုံး ပြည်သူလူထုနဲ့အတူ လက်တွေ့ သက်သေပြပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ခုခံတော်လှန်စစ်ရဲ့ စစ်ရေးရည်မှန်းချက်တွေ ပြည့်မီသထက် ပြည့်မီအောင် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေ နဲ့ မိမိတို့ တော်လှန်ရေး ကိုယ်ခံအားကို မြှင့်တင်ထားပြီးကြောင်း အသိပေး ပြောကြားချင်ပါတယ်။

Dear all the esteemed ethnic people,

နွေဦးတော်လှန်ရေး ၃ နှစ်မပြည့်ခင် အချိန်အတွင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ဧရိယာကို ဗဟိုပြုပြီး ဖြစ်ပေါ်လာခဲ့တဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေး ပူးတွဲ အောင်ပွဲအဖြစ် မှတ်ယူရမှာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး အောင်ပွဲနဲ့ တိုင်းရင်းသား တော်လှန်ရေး အောင်ပွဲတွေဟာ အပြန်အလှန် အထောက်အကူ ပြုနေတယ်ဆိုတာ ထင်ရှားပါတယ်။

ကျနော်တို့ဟာ နိုင်ငံရေးအရ မဟာဗျူဟာ ခြေလှမ်းတွေကို မတွန့်မဆုတ် တက်လှမ်း အကောင်အထည် ဖော်နေသလို စစ်ရေးအရ ခုခံတော်လှန်ရေးစစ်ကိုလည်း အရှိန်အဟုန်မြင့်အောင် ထပ်တိုး လုပ်ဆောင် နေပါတယ်။ ဒါ့အပြင် ကျယ်ပျံ့သော လူထုလှုပ်ရှားမှုနဲ့အတူ နိုင်ငံတကာအသိုက်အဝန်းရဲ့ ဖိအားနဲ့ စစ်အာဏာရှင်ကို အသက်ရှုပေါက် ပိတ်ဆို့နိုင်အောင် အစွမ်းကုန် ကြိုးစားနေကြပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးချိန်ကနေဆိုရင် နိုင်ငံတဝန်း ဟန်ချက်ညီ စစ်ဆင်ရေးတွေကြောင့် အခုဆိုရင် မြို့ပေါင်း ၃၀ ကျော်ကို လွတ်မြောက်ဧရိယာအဖြစ် အောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ်ပေါင်း ၄၀၀ ကျော်ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် အရေးပါတဲ့ နယ်စပ်ဖြတ်ကျော် စခန်းတွေကို လည်း ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်ဆိုတာ တင်ပြချင်ပါတယ်။

တိုင်းရင်းသား မဟာမိတ် စစ်ရေးတပ်ပေါင်းစုနဲ့ နွေဦးတော်လှန်ရေးလှိုင်းကို ပေါင်းစပ်ပြီး ရရှိတဲ့ လွတ်မြောက်နယ်မြေ၊ ထိန်းချုပ်နယ်မြေတွေမှာလည်း ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမူတွေကို အသက်သွင်းဖို့ စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ အခြေခံ စံတန်ဖိုး တွေဖြစ်တဲ့ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တွေကို အာမခံချက်ရှိစွာ အုတ်မြစ်တည်နိုင်အောင် ကျနော်တို့အားလုံး ဝိုင်းဝန်း ကြိုးစားနေကြပါတယ်။

ခုခံတော်လှန်စစ် အောင်ပွဲရလဒ်အရ ထွက်ပေါ်လာနေတဲ့ နယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ကို စနစ်တကျ အကောင်အထည်ဖော်နေကြပါတယ်။ ဒါတွေဟာ ကျနော်တို့ တိုင်းရင်းသား ပြည်သူ လူထုရဲ့ အသက် သွေး ချွေးနဲ့ ရင်းနှီးရယူထားတဲ့ အောင်ပွဲရလဒ်ဖြစ်ကြောင်း တင်ပြချင်ပါတယ်။

Dear all the esteemed ethnic people,

ခုခံတော်လှန်စစ် လှိုင်းလုံးတွေ ကြီးမား ကျယ်ပျံ့လာတာနဲ့အမျှ စစ်ကောင်စီလက်အောက်က စစ်ဗိုလ် စစ်သားတွေရဲ့ စိတ်ဓာတ်ရေးရာ ကျဆင်းမှုဟာ အလွန်အမင်း သိသာ ထင်ရှားလာပါတယ်။ စခန်းစွန့်ခွာ ထွက်ပြေးမှုအပြင် လက်နက်ချ အညံ့ခံမှုတွေဟာလည်း များသထက် များပြားလာတာကို တွေ့ကြရပါ တယ်။ ဒါ့အပြင် တပ်ရင်း တပ်မအလိုက် လက်နက်ချ အညံ့ခံခြင်းနဲ့ ဒူးထောက် အရှုံးပေးခြင်းတွေဟာ အတိတ်က မြန်မာစစ်တပ်သမိုင်းမှာ မကြုံစဖူးလောက်အောင် များပြား ပြင်းထန်လာနေတာကို တွေ့ရ ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေ တိုက်ခိုက်ရေးစစ်သားတွေအကြား ယုံကြည်မှုနဲ့ အမိန့်အာဏာ လိုက်နာမှုဟာလည်း ယိုယွင်းလာတာကို တွေ့နေရပါတယ်။ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ စစ်ဗိုလ် စစ်သားတွေဟာ ခုခံတော်လှန်ရေးစစ်အတွင်းမှာ တရိပ်ရိပ်နဲ့ တိုးလာနေတာကိုလည်း တွေ့နေရ ပါတယ်။ ဒါတွေဟာ လူထုတိုက်ပွဲရဲ့ အောင်မြင်မှု၊ အောင်ပွဲတွေဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်မှန်တဲ့ အမျိုးသားညီညွတ်ရေးကိုရဖို့ တိုင်းရင်းသား ခေါင်းဆောင် အားလုံးနဲ့ အတူတကွ ဝိုင်းဝန်း တည်ဆောက်နေကြပါတယ်။ မတူကွဲပြားတဲ့ အလှတရား တွေကိုမြင်ပြီး လူမျိုးစုအလိုက် တန်းတူရည်တူ အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ လူ့အဖွဲ့ အစည်း တည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ကျနော်တို့ဟာ တော်လှန်ရေးအတွင်းမှာ တည်ဆောက်ရေးအလုပ်တွေကို တပြိုင်နက်တည်း လုပ်ဆောင်နေသလို အနာဂတ် နိုင်ငံသစ်မှာ ပဋိပက္ခအသစ်တွေ ထပ်မံ မပေါ်ပေါက်စေဖို့ အမြော်အမြင် ရှိရှိနဲ့ ကြိုးစားနေကြပါတယ်။ နွေဦးတော်လှန်ရေး အလွန်ကာလမှာ ဖြတ်သန်းရမယ့် ကြားကာလ အသွင်ကူးပြောင်းရေး အစီအစဥ်တွေကို စနစ်တကျ ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ လူထုဟာ လက်နက်ဘေးကနေ ကင်းလွတ်ပြီး အာမခံချက်ရှိသော စိတ်လုံခြုံမှုရရှိဖို့ ကောင်းမွန်တဲ့စနစ်ကောင်း တည်ဆောက်ရေးဟာ အလွန်မှ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

လူထုဟာ ဝဝလင်လင် စားသောက်နေထိုင်ဖို့ လိုသလို အနှောက်အယှက်ကင်းကင်းနဲ့ လွတ်လပ်လုံခြုံစွာ သွားလာလုပ်ကိုင်နိုင်ိဖု့ လိုပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ ဘဝအဓိပ္ပါယ်ကို လေးနက်စွာ ရှာဖွေ တည်ဆောက်နိုင်ဖို့ ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းရေးနဲ့ စနစ်ကောင်း ဖြစ်ထွန်းရေးဟာ ကျနော်တို့ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ နွေဦးတော်လှန်ရေး အလွန်ကာလမှာ ကျနော်တို့ ပြည်သူလူထုဟာ ခုခံ တော်လှန်စစ်ရဲ့ အသီးအပွင့်ကို ကျယ်ကျယ်ပျံ့ပျံ့ ခံစားနိုင်ခွင့် ရှိဖို့လိုပါတယ်။ အဲဒီအတွက် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တွန်းတွန်းတိုက်တိုက် ကြိုးစားနေကြကြောင်း ပြောကြားလိုပါ တယ်။

Dear all the esteemed ethnic people,

ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လူထုနဲ့ တသားတည်း ပေါင်းစပ် တိုက်ပွဲဝင် တော်လှန်နေ တာကို မေ့လို့မရပါဘူး။ နွေဦးတော်လှန်ရေးရဲ့ နောက်ဆုံးပန်းတိုင်ဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားသာ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်ဟာ လူထုရဲ့ လွတ်လပ်ခွင့်ကို အာမခံ ချက် ပေးထားနိုင်သလို လူထုရဲ့ အကျိုးစီးပွားကိုလည်း ဖော်ဆောင်နိုင်တဲ့စနစ်တွေ ဖြစ်ပါတယ်။

ဖြစ်ထွန်းလာမယ့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ဟာ အာမခံချက်ရှိသော၊ လွတ်လပ်ခွင့်နဲ့ လူနေမှု အဆင့်အတန်းမြင့်မားစွာ မိမိတို့ လူသားဘဝကို ရပ်တည်ရှင်သန်နိုင်မယ့် အသိုင်းအဝန်းကောင်း ဖြစ်ထွန်းရေးကို ရှေးရှုပါတယ်။ ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား လွတ်လပ်စွာ ကူးလူးဆက်ဆံမှုတွေ ပြုနိုင်တဲ့ လူ့အသိုင်းအဝန်းတခုကို ထူထောင်ပေးနိုင်ရမှာ ဖြစ်ပါ တယ်။

နွေဦးတော်လှန်ရေးအင်အားစု အားလုံးဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီမှုတွေကို ရရှိသလို နိုင်ငံတကာ နိုင်ငံတွေရဲ့ အားပေးမှုကိုလည်း ကောင်းစွာ ရရှိထားပြီးဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဂုဏ်သိက္ခာရှိသော လူထုတော်လှန်ရေးကို အစဥ် အားပေး ချီးမြှောက်နေမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးဆက် အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူ ဆောင်ရွက်မှုတွေ ပိုမို ရှိလာ လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကျနော်တို့ တိုင်းရင်းသားပြည်သူ တရပ်လုံးဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ပြည်သူလူထုဖြစ်သလို ကိုယ့်ကြမ္မာကိုယ် ပြဌာန်းပိုင်ခွင့်နဲ့ ထိုက်တန်တဲ့ တိုင်းရင်းသား ပြည်သူလူထုတွေ ဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရမှာဖြစ်ပါတယ်။ လူ့ကျင့်ဝတ်သိက္ခာကို တန်ဖိုးထား လေးစားတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အကြမ်းဖက် စစ်ကောင်စီကို အရေးတယူ လူရာသွင်း တာမျိုး လုပ်မှာမဟုတ်ဘူးလို့ ပြည်သူလူထုတရပ်လုံးက ယုံကြည်နေကြပါတယ်။

Dear all the esteemed ethnic people,

အကြမ်းဖက် စစ်ကောင်စီရဲ့ အာဏာ ဗဟိုအခြေဟာ လူထုတိုက်ပွဲရဲ့ဒဏ်ကို ခံနိုင်ရည်မရှိဘူးဆိုတာ ထင်ရှားပါတယ်။ စစ်အာဏာရှင်စနစ်ကို ထောက်ကန်ထားတဲ့ ဒေါက်တိုင်တွေဟာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပါတယ်။ ကျနော်တို့အနေနဲ့ စစ်အာဏာရှင်ယန္တရားကို အပြီးသတ် ဖြိုဖျက်ပြီးချိန် မှာ စစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေကို အသိတရား သတိတရားနဲ့ ကျော်လွန် ဖြတ်သန်းနိုင်ဖို့ လိုအပ်ပါတယ်။

လက်နက်ကိုင် ခုခံတော်လှန်စစ်ဆိုတာ အရင်းနှီးကြီးသလို ပေးဆပ် မြှုပ်နှံထားမှုတွေလည်း ကြီးမားလှ ပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုအချင်းချင်း ညီညွတ်ရေးဟာ အရေးကြီးသလို မိမိတို့ရဲ့ အတ္တကိုကျော်ပြီး ပဋိပက္ခအလွန် တည်ဆောက်ရေးကာလတွေကို အမြော်အမြင်ရှိရှိနဲ့ ဖြတ်သန်းနိုင်ဖို့ လိုအပ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ များပြားခြင်းဟာ တဘက်မှာ အင်အားဖြစ်သလို တဘက်မှာလည်း နိုင်ငံရေး မိုင်းဗုံးတွေကို မရှောင်နိုင်ရင် အလျော်အစား ကြီးနိုင်ပါတယ်။ ယခု ပြည်သူလူထုအပေါင်းရဲ့ သွေးနဲ့ မျက်ရည်တွေကို ငဲ့ပြီး မိမိတို့ရဲ့ အတ္တနဲ့ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းမတင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ ​ဒါတွေဟာ တော်လှန်ရေး အသိအမြင်ဖြစ်သလို နိုင်ငံရေးသတိလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းခြင်းနဲ့ တည်ငြိမ်ခြင်းဟာ ကိုယ်ကျိုးစွန့် အနစ်နာခံမှုအတွက် လူထုကရရှိမယ့် အကျိုးရလဒ် လည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်ယန္တရား အပြီးသတ် နိဂုံးချုပ်ချိန်မှာ ပြည်သူလူထုဟာ ငြိမ်းချမ်း ခြင်း၊ လွတ်လပ်ခြင်းရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားရစေဖို့ ကျနော်တို့ နွေဦးတော်လှန်ရေး အင်အားစု အားလုံးမှာ တာဝန်ရှိကြောင်း ပြောကြားလိုပါတယ်။

Dear all the esteemed ethnic people,

ကျနော်တို့ တိုင်းပြည်နဲ့ လူထုဟာ နွေဦးတော်လှန်ရေး အလွန်ကာလကို ဖြတ်သန်းရဖို့ နီးကပ်လာပြီဖြစ် ပါတယ်။ အဲဒီကာလမှာ ကြားကာလ အသွင်ကူးပြောင်းရေးဖြစ်စဥ်ကို ညီညွတ်စွာ ဝိုင်းဝန်း တည်ဆောက်ပြီး အာမခံချက်ရှိတဲ့ ငြိမ်းချမ်းသောလူ့ဘောင်၊ လွတ်လပ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်ကြဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခနဲ့ ကင်းဝေးသော ငြိမ်းချမ်း တည်ငြိမ်မှုဆီကို ကျနော်တို့အားလုံး ခေါ်ဆောင် ချီတက်ကြဖို့ဖြစ်ပါတယ်။ ယနေ့ ပြည်သူလူထု လက်တွေ့ တွေ့ကြုံနေရတဲ့ ဘေးဒုက္ခတွေဟာ အပြီး တိုင် ငြိမ်းအေးစေဖို့ လိုပါတယ်။ ကျနော်တို့တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ပဋိပက္ခဟောင်းတွေ ကို ချုပ်ငြိမ်းစေပြီး ပဋိပက္ခအသစ်တွေ ပေါ်မလာအောင် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးဟာ စည်းလုံးညီညွတ်ရေးကို အမြော်အမြင်ရှိရှိ သဘောထားကြီးကြီးနဲ့ တည်ဆောက်ထားနိုင်ဖို့လိုကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

တိုင်းရင်းသား ပြည်သူလူထုအပေါင်း ဘေးဒုက္ခအပေါင်းမှ ငြိမ်းအေးကြပါစေ။

အရေးတော်ပုံ မုချ အောင်မြင်ရမည်။

Download PDF (Burmese)

Download PDF (English)

en_GBEnglish