How to Contribute in Myanmar Spring Revolution

Cabinet Meeting 25/2024

၂၀၂၄ ခုနှစ် စက်တင်ဘာ (၃) ရက်

  • ကျွန်တော်တို့ နိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ စစ်အာဏာရှင်စနစ်ကို စစ်စစ်မှန်မှန် တွန်းလှန်တိုက်ဖျက်နေတဲ့ ဘယ်လို တော်လှန်ရေးအဖွဲ့အစည်းမဆို ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အခြေခံအသိ ရှိထားပြီးသား ဖြစ်ပါတယ်။
  • မင်းအောင်လှိုင်နှင့် စစ်အုပ်စုက ပြည်သူ့စစ်အဖွဲ့တွေကို ထပ်မံတိုးချဲ့ဖို့ ကြိုးစားနေတာဟာ ပြည်သူလူထုရဲ့ အသက်ကို စတေးပြီး ၄င်းတို့ အာဏာမြဲမြံရေးအတွက် ကြိုးစားနေတယ်ဆိုတာ ထင်ရှားတဲ့သက်သေ ဖြစ်ပါတယ်။ အာဏာရှင်တိုင်းဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင် ဘယ်လိုကိစ္စမျိုးကိုမဆို စည်းမဲ့ဘောင်မဲ့ လုပ်ဝံ့တာ တွေ့ရပါတယ်။
  • ဒါ့ကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီက လက်လွတ်စပယ် လုပ်တဲ့ ဆင်ခြင်တုံတရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက် သင်းသတ်နိုင်ဖို့ အထူး လိုအပ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေကို တိတိကျကျ ပြတ်ပြတ်သားသား တန်ပြန်လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
  • အတိတ်သမိုင်းကို လေ့လာကြည့်ရင်လည်း ၁၉၆၂ စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်း စစ်အာဏာရှင် အဆက်ဆက်ဟာ ပြည်သူကို ပြည်သူနဲ့ တိုက်ပေးတဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ခဲ့တာ တွေ့ရပါတယ်။ ယခု စစ်ကောင်စီ အားထုတ်နေတဲ့ လုပ်ရပ်တွေကို ကြည့်ရင်၊ အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ သူ့တို့ချည်းသက်သက် ငရဲကို မသွားဘဲ၊ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင်နေတာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ စေတနာဖြင့် ငရဲပို့လိုက်သည်… ဆိုတဲ့ အနက်သဘောလို ဖြစ်နေတာတွေ့ရပါတယ်။
  • အထွေထွေ ဆင်းရဲကြပ်တည်းမှုနဲ့ ကြုံနေရတဲ့ ပြည်သူလူထုကို စစ်ကောင်စီဟာ ဒုက္ခတွေ ထပ်တိုးပေးဖို့ ဘယ်သောအခါမှ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ယနေ့ ကြုံတွေ့နေရတဲ့ အထွေထွေအကြပ်အတည်း များဟာ စစ်အာဏာရှင်ကို ထောက်တိုင်ပြုနေတဲ့ တပ်မတော်သားများ နှင့် ၄င်းမိသားစုဝင်များလည်း ထပ်တူ ခံစားနေကြတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဟာ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အဆုံးသတ် ဖယ်ရှားနိုင်ဖို့ လိုပါတယ်။
  • ထို့အတွက် မင်းအောင်လှိုင်နှင့် စစ်အုပ်စု ဆက်လက် ရှင်သန်နိုင်အောင် ရုန်းကန်ပြီး အသက်စတေး ပေးနေတဲ့ တပ်မတော်သားများ/ မိသားစုဝင်များအနေဖြင့် အမြန်ဆုံး ပြည်သူများနှင့် ပူးပေါင်းဖို့ အချိန်တန်ပါပြီ။ သို့မှသာ စစ်အာဏာရှင်ကင်းမဲ့သော နိုင်ငံသစ်ကို ထူထောင်ပြီး ပြည်သူလူထု အနေဖြင့်လည်း ငြိမ်းချမ်းသာယာပြီး စိုးရိမ်မှုကင်းတဲ့ လူမှုဘဝကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။
  • ကျွန်တော်တို့ တော်လှန်ရေးတပ်ဦးအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီ ပြိုကျရေးအတွက် ဘယ်သောအခါမှ တွန့်ဆုတ်နေလို့ မရပါဘူး။ အပြောနဲ့ မဟုတ်၊ လက်တွေ့သက်သေပြဖို့ လိုပါတယ်။ အခုလည်း နွေဦးတော်လှန်ရေး (၃) နှစ်ကျော်၊ (၄) နှစ်တာကာလအတွင်းမှာ လက်တွေ့သက်သေ ပြထားနိုင်ခဲ့တာကို တွေ့ရလို့ ကျွန်တော့်အနေနဲ့ ဝမ်းသာကျေနပ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြီးဆုံးတဲ့ လုပ်ရပ် မဟုတ်သေးဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။
  • ကျွန်တော်တို့ဟာ ယခင်ကထက် ပိုပြီး အားစိုက်ထုတ်ကြဖို့ လိုတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီကို (နောင်ကြဉ်သွားအောင်အထိ) ထိုးနှက် တန်ပြန်ဖို့ လိုအပ်နေပါတယ်။ စစ်အာဏာရှင်ဆိုတာ အကျောမာတယ်၊ ခေါင်းမာတဲ့စရိုက် ရှိပါတယ်။ ဒါ့ကြောင့် သာသာနဲ့ နာနာနှက်လိုက်မှ၊ နောင်ကို မလုပ်ရဲအောင် အရှိုက်ထိစေမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဇွတ်မိုက်ပြီး ဆက်တိုးနေအုံးမှာ ဖြစ်ပါတယ်။
  • တော်လှန်ရေးမှာ ပျော့ပြောင်းမှုနဲ့ မာကျောမှုကို မဟာဗျူဟာကျကျ ပေါင်းစပ် ကျင့်သုံးပြီး စစ်အာဏာရှင်ကို (ရုပ်ပိုင်းအရ – နာမ်ပိုင်းအရ) ထိုးနှက် ချေမှုန်းဖို့ ဖြစ်ပါတယ်။ စစ်ရေးဟာ ရုပ်ပိုင်းဖြစ်ပြီး နိုင်ငံရေးဟာ နာမ်ပိုင်းဖြစ်တယ်ဆိုတာ သတိမူမိဖို့ လိုပါတယ်။ ဒါကို လေးနက်စွာ စဉ်းစားပြီး၊ လူထုအတွက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေကို မဆိုင်းမတွနဲ့ အလျင်အမြန် လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။
en_GBEnglish